အေးမြသာယာ နှစ်ထပ်ဈေးကြီးကို  ၂ နှစ် အခမဲ့အဖြစ် မဉ္ဇူသာဆောက်လုပ်ရေးကုမ္ပဏီမှ ဖွင့်လှစ် ငှားရမ်းပေးသွားမည်

2607
သြဂုတ် ၂၇
မြစ်ကြီးနားမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးဆိုင်ဖွင့်လိုက်သော လုပ်ငန်းစု လုပ်ငန်းရှင်များ အဆင်ပြေပြီး ဒေသနေ လူထုများလည်း အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ အေးမြသာယာ နှစ်ထပ် ဈေးကြီးကို နှစ်နှစ်အခမဲ့ စီမံကိန်းကာလအဖြစ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မဉ္ဇူသာ ဆောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
အဆိုပါ အခမဲ့ကာလမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ သတ်မှတ်၍ ၂ နှစ်အတွင်း စာချုပ်ချုပ်ဆိုကာ ကုမ္ပဏီမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ယင်းကုမ္ပဏီမှ တာဝန်ယူ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“အခုမှဖွင့်ရတာက အချိန်ကာလအရ ဒေသလိုအပ်ချက်ကြောင့်ပါ။ အခမဲ့ကာလ နှစ်နှစ်ပြီးဆုံးရင် ဆိုင်ခန်းတွေကို ဝယ်ယူလို့ ရပါတယ်။ မဝယ်နိုင်ရင် ဈေးနှုန်းတစ်ခုသတ်မှတ်ပြီး ငှားရမ်းပေးမှာဖြစ်ပါတယ်။ ဈေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး နေ့ညလုံခြုံရေးတွေထားမှာ ဖြစ်ပါတယ်”ဟု မဉ္ဇူသာ ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ခံ ဦးဇော်လင်းဦးက ပြောသည်။
ငှားရမ်းပေးမည့် ဆိုင်ခန်း အရွယ်အစားများမှာ ရှေ့မျက်နှာစာ ၁၂_၁၈၊ အတွင်းဘက်အခန်း ၁၂_၁၂၊ ၁၂_၁၅တို့ ဖြစ်ကြပြီး ဈေးရောင်းသူများနှင့် ဝယ်ယူသူများအတွက် အိမ်သာများကိုလည်း အမျိုးသား၊ အမျိုးသမီးခွဲကာ တစ်ဆောင်လျှင် ၆ လုံးတွဲ ပါရှိကြောင်းနှင့် လိုအပ်ပါက ပြန်လည်ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဈေးရောင်းမည့်သူများအနေဖြင့် အမည်၊ ဖုန်းနံပါတ်နှင့် မိမိလုပ်ကိုင်မည့် လုပ်ငန်း အမျိုးအစားကို အေးမြသာယာရှိ မဉ္ဇူသာဆောက်လုပ်ရေးကုမ္ပဏီသို့ လာရောက်ကာ စာရင်းပေးပို့နိုင်ပြီဖြစ်ကြောင်းနှင့် ဆိုင်ခန်းများကိုလည်း လုပ်ငန်းအမျိုးအစားလိုက်၍ နေရာချ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းအခမဲ့ ၂ နှစ်ဖြင့် ငှားရမ်းစဉ် လိုက်နာရမည့် သဘောတူညီမှု စည်းကမ်းချက်များမှာ (၁) ဆိုင်ခန်းငှားရမ်း အသုံးပြုသည့် လုပ်ငန်းရှင်မှ လုပ်ငန်းအပ်နှံငွေအဖြစ် ကျပ်သိန်း ၂၀ ကို ပေးသွင်းရမည်။ အဆိုပါငွေကို သတ်မှတ် စည်းကမ်းချက်များလိုက်နာ၍ အခမဲ့ကာလ ၂ နှစ် ပြည့်ပါက ပြန်လည် ထုတ်ယူခွင့်ရှိမည် ဖြစ်ပါသည်။ (၂)အခမဲ့ကာလ နှစ်နှစ်မပြည့်ဘဲ လုပ်ငန်းရပ်ဆိုင်း(ဆိုင်ပိတ်)လိုပါက ၎င်းငွေကို ပြန်လည်ထုတ်ပေးခြင်းမပြုတော့ပါ။ (၃)မူလလျာထားဖွင့်လှစ်ရန် စာရင်းပေးသွင်းထားသော ရောင်းကုန်မှ အခြားရောင်းကုန်သို့ ပြောင်းလဲရောင်းချခြင်း မပြုရ။ (၄)ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် လုပ်ငန်းရှင်မှ ဆိုင်ပြုပြင် မွမ်းမံခြင်းစရိတ်ရှိခဲ့လျှင် ၎င်းင်းကုန်ကျစရိတ်အား ပြန်လည်ပေးချေခြင်း ပြုမည်မဟုတ်ပါ။ သို့သော် မိမိတို့ ပြုပြင်မွမ်းမံထားသည့် ပစ္စည်းများကိုမူ ပြန်လည်ယူဆောင်သွားနိုင်သည်။ (၅) ဆိုင်ဖွင့်လှစ်သည့် လုပ်ငန်းရှင်မှ မိမိသုံးစွဲသည့် ရေ၊ မီး၊ မီတာခွန်နှင့် လုံခြုံရေး၊ သန့်ရှင်းရေး အညစ်အကြေးခွန် အစရှိသည့် စည်ပင်သာယာရေးအဖွဲ့မှ လစဉ်သီးသန့်ကောက်ခံသော အခွန်အခများကို ကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်ဟု ပါရှိသည်။
ထို့အပြင် (၆)တစ်ပတ်ထက်ကျော်လွန်၍ ဆိုင်ပိတ်လိုပါက ဈေးကော်မတီရုံးသို့ ကြိုတင်၍ အကြောင်းကြားရမည်။ ၂ လထက် ကျော်လွန်၍ ဆိုင်ပိတ်ထားရှိပါက လုပ်ငန်းရပ်ဆိုင်းသည်ဟု ယူဆမည် ဖြစ်ပါသည်။ (၇)အခမဲ့ငှားရမ်းထားသော ဆိုင်ခန်းကို လုပ်ငန်းရှင်မှ အခြားသူထံ တစ်ဆင့် ငှားရမ်းခြင်း၊ လွဲပြောင်းပေးအပ်ခြင်း၊ ရောင်းချ/ပေါင်နှံခြင်း မပြုလုပ်ရ။ (၈) မဉ္ဇူသာကုမ္ပဏီမှလည်း အခမဲ့ နှစ်နှစ်ကာလ ငှားရမ်းထားရှိစဉ်အတွင်းတွင် ၎င်းဆိုင်ခန်းများကို အခြားသူများသို့ ရောင်းချခြင်း မပြုလုပ်ရပါ။ (၉) ဈေးရောင်းချဖွင့်လှစ်ချိန်ကို နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်သည်။ လူနေ အိပ်စက်ခြင်း မပြုရ။ (၁၀)သတ်မှတ်ထားသော အခမဲ့ငှားရမ်းခြင်း နှစ်နှစ်ပြည့်ပြီး နောက်တွင် ဆက်လက်၍ ဆိုင်ခန်းကို အသုံးပြုလိုပါက မဉ္ဇူသာဆောက်လုပ်ရေးကုမ္ပဏီနှင့် ညှိနှိုင်း၍ ဝယ်ယူခြင်း သို့မဟုတ် အခကြေးငွေဖြင့် ငှားရမ်းခြင်းများ ပြုလုပ်နိုင်ပါသည်ဟုပါရှိကြောင်း သိရသည်။
အခမဲ့ကာလ (၂)နှစ်ပြီးဆုံးပါက ရောင်းချပေးမည့်အစီအစဉ်ရှိပြီး ရောင်းချသည့်အချိန်တွင် ဆိုင်ခန်းနေရာပေါ်မူတည်၍ သတ်မှတ်ဈေးနှုန်း ကွာခြားနိုင်ကြောင်းနှင့် အဆိုပါအဆင့်မြင့် ဈေးဆိုင်ခန်းများကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် မဉ္ဇူသာကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံကာ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
“ဈေးက ပြီးတာကြာပြီ ဒါပေမဲ့ ခုမှ ဖွင့်ဖြစ်မှာ။ အခြေအနေအမျိုးမျိုးကြောင့် အခုချိန်ထိ ဖွင့်နိုင်ဖို့အတွက် အခွန်လွတ်ဈေးအဖြစ် ၂ နှစ် ရောင်းချဖို့အတွက် ကုမ္ပဏီဘက်က ဖိတ်ခေါ်ထားပါတယ်”ဟု ကချင်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးနော်လီက ပြောသည်။
အဆိုပါ ဆိုင်ခန်းများ၌ ရောင်းချရန် စာရင်းပေးသူ လက်ရှိအချိန်တွင် လူဦးရေး ၁၀ဝ ဦးကျော်ခန့် ရှိနေပြီဖြစ်ကြောင်းနှင့် သတ်မှတ်ထားသော လူဦးရေပြည့်ပါက အခမဲ့ငှားရမ်းပေးမည့် ကာလကို စတင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ကချင်ပြည်နယ်အတွင်း အဆင့်မြင့်ဈေးများကို ဆွမ်ပရာဘွမ်၊ လွယ်ဂျယ်၊ ပူတာအို စသည့်မြို့နယ်များတွင်လည်း ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ပြောသည်။
မွန်းမွန်းပန်၊  Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here