အန္တရာယ်နဲ့ နေ့စဉ်ရင်ဆိုင်နေရသော ဘဝများ

983

မြစ်ကြီးနားမြို့ပေါ်က လမ်းမကြီးတွေဟာ နောက်တက်မယ့် အစိုးရသက်တမ်း နှစ်ခုစာလောက်အထိ လှည့်ကြည့်စရာမလိုလောက်အောင် ထူထဲကောင်းမွန်လာတာ ဝမ်းသာစရာပါပဲ။ အရင်ခေတ်တုန်းကလို လမ်းပြင်နေသည်ဆိုင်းဘုတ်ထောင်ပြီး ထော်လာဂျီတစ်စီးလောက်နဲ့ လမ်းအပေါက်တွေလိုက်ဖာတဲ့ ပုံစံမျိုးမဟုတ်ဘဲ တစ်ပေလောက်မြင့်တဲ့ ထပ်ပိုးလွှာတွေအပေါ်မှာ နိုင်လွန်ကတ်္တရာတွေကိုခင်း၊ ယာဉ်ကြောတွေသတ်မှတ်၊ လူကူးမျဉ်းကြားတွေဆွဲ၊ ရေနုတ်မြောင်းတွေတူးပြီး ယာဉ်ရပ်နားရန် နေရာတွေနဲ့ တကယ့်ကို စနစ်ကျလှပါတယ်။

ဒါပေမယ့် ခက်နေတာက အဲဒီလမ်းတွေကို အသုံးပြုသွားလာနေကြသူတွေရဲ့ စည်းကမ်းပိုင်း အားနည်းမှုပါ။ တာဝန်ရှိသူများက ယာဉ်ကြောတွေ သတ်မှတ်ပေးထားပေမယ့်လည်း သတ်မှတ်တဲ့ယာဉ်ကြောအတိုင်း  မသွားတတ်၊ မရပ်တတ်တာတွေ၊ ဦးစားပေးယာဉ်ကြောကို နားမလည်သေးတာတွေ၊ ယာဉ်မောင်းသူတိုင်းမှာရှိအပ်တဲ့ သည်းခံစိတ် မရှိတာတွေ၊ လမ်းကြားတွေထဲက ထွက်လာရင်လည်း ဘေးဘီမကြည့်ဘဲ ထွက်လာတာတွေ… အစရှိတဲ့ စည်းကမ်းမဲ့သွားလာမှုတွေက ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေပါတယ်။

အဲဒီလို စည်းကမ်းမဲ့ မောင်းနှင်သွားလာမှုတွေကြောင့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ၁၁ နိုင်ငံထဲမှာ ယာဉ်မတော်တဆနဲ့သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်နေတာပါ။ WHO ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် တစ်နေ့ကို လူ ၁၁ ယောက်နှုန်း သေဆုံးနေတယ်လို့ ဆိုပါတယ်။

စည်းကမ်းထိန်းသိမ်းတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ကတော့ စည်းကမ်းမလိုက်နာတဲ့ယာဉ်တွေကို လာမယ့်ဧပြီကစပြီး တရားရုံးတင်အရေးယူတော့မယ်လို့ တပ်လှန့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေကို နေ့တိုင်းလိုလိုလုပ်ပါတယ်။ သူတို့ကလည်း ဆိုင်ကယ်စီးဦးထုပ်မဆောင်းတာလောက်ကိုပဲ ဒဏ်ရိုက်-ပြန်လွှတ်ဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေသာ တိုးပွားလာပြီး ပြည်သူရဲ့ ယာဉ်စည်းကမ်းနားလည်မှုက တက်မလာခဲ့ပါဘူး။ ပညာပေးတယ်ဆိုတဲ့အပိုင်းရှိပေမယ့် ဒဏ်ရိုက်ပြန်လွှတ်လိုက်တဲ့ အရေအတွက်လောက် မများလှပါဘူး။

ပြည်သူတွေအနေနဲ့တော့ ယာဉ်စည်းကမ်းနဲ့ပတ်သက်လို့ အစိုးရရဲ့အကူအညီမပါဘဲ ကိုယ်တိုင်သိရှိ နားလည်အောင် ဘယ်သူမှ ကြိုးပမ်းကြမှာ မဟုတ်ပါဘူး။ ယာဉ်မောင်းလိုင်စင်လျှောက်ပြီး ဖြေခါနီးမှ ကညနက ရောင်းပေးတဲ့ စာအုပ်ကိုဖတ်ပြီး လမ်းပေါ်က သင်္ကေတတွေ၊ စည်းကမ်းတွေကို သိကြရတာပါ။ ဒါပေမယ့်လည်း ယာဉ်မောင်းလိုင်စင်လျှောက်တဲ့သူက များလှတာမဟုတ်ပါဘူး။

ယာဉ်ထိန်းက ရံဖန်ရံခါဆိုသလို ယာဉ်မောင်းလိုင်စင် စစ်ပြီး ကညနရုံးရောက်အောင် တွန်းပို့နေပေမယ့်လည်း လိုင်စင်လျှောက်ထားတဲ့သူက မျှော်လင့်သလောက် အရေအတွက်မများခဲ့ပြန်ဘူး။ ယာဉ်မောင်းလိုင်စင်မရှိသူ များပြားနေခြင်းဟာ ယာဉ်စည်းကမ်းမသိသူ များနေခြင်းသာဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

အမှန်ဆိုပြည်သူတွေအနေနဲ့ မိမိတို့နေ့စဉ်သွားလာနေရတဲ့ လမ်းပေါ်ကစည်းကမ်းတွေကို သိရှိအောင် ကြိုးစားပြီး အများနည်းတူလိုက်နာလုပ်ဆောင်နိုင်ရင် ယာဉ်အန်္တရာယ်ဖြစ်စေမယ့် အကြောင်းအရင်း တော်တော်များများကို လျော့ချနိုင်မှာပါ။

အများပြည်သူ တစ်ပြေးညီလိုက်နာအောင် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက လိုက်နာသူတစ်ဝက်၊ မလိုက်နာသူတစ်ဝက်ဖြစ်နေတဲ့အခါ မလိုက်နာမှုရဲ့နောက်က ဆိုးကျိုးတွေကို ပြည်သူတွေပဲ ခံစားနေကြရတာဖြစ်လို့ တစ်စထက်တစ်စ ပိုမိုဖွံ့ထွားလာနေတဲ့ မြို့ပြရဲ့လမ်းပေါ်က စည်းကမ်းတွေကို သိအောင်မကြိုးစားဘဲ ဒီအတိုင်းဆက်သွားရင်  မိမိရော သူတစ်ပါးပါ တစ်နေ့မဟုတ်တစ်နေ့ ယာဉ်အန်္တရာယ်နဲ့ ကြုံတွေ့ရနိုင်တာကို သတိပြုစေလိုရင်း ဖြစ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here