မေခမြစ် အထက်ပိုင်းတွင် တရားမဝင် ရွှေတူးဖော်မှုများ ရှိနေဆဲ

1627
Gold Mining in May Hka

ဖေဖော်ဝါရီ ၂၂

မြစ်ဆုံဒေသ မေခမြစ်အထက်ပိုင်းတွင် တရားမဝင်ရွှေတူးဖော်နေမှုများကြောင့် ဒေသခံများက သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။

ယင်းဒေသသို့ မြစ်ကြီးနားသတင်းဂျာနယ်မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သွားရောက် လေ့လာခဲ့ရာတွင် ရွှေတူးစက်ကြီးများဖြင့် တူးဖော်လျက်ရှိနေပြီး ဒေသခံများ၏ မြေဧကများ ပျက်စီးဆုံးရှုံးခြင်း၊ ရွှေတူးဖော်ခြင်းကြောင့် မြစ်ရေများ နောက်ခြင်း၊ တရားမဝင်တူးဖော်သည့်အတွက် နိုင်ငံတော်သယံဇာတများ နစ်နာခြင်း စသည်တို့ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

“အစ ကျွန်မကြားတော့လေ။ သဲကျောက်ယူတာပေါ့။ သဲကျောက်ယူရင်းနဲ့ ရွှေတူးတာလို့ အသံကြားတယ်။ မေခမလိခ ဆုံတဲ့နားမှာဆိုရင် မယ်တော်ဂူရှိတယ်လေ။ မယ်တော်ဂူရဲ့ အထက်နားမှာ သူတို့လုပ်တာ။ မကောင်းဘူးလေ။ အဲဒါတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်လေ။ ရေတိုက်စားမှုတွေလည်း ဖြစ်တတ်တယ်လေ”ဟု အမည်မဖော်လိုသူ မြစ်ဆုံဒေသခံတစ်ဦးမှ ပြောသည်။

ယင်း ရွှေတူးဖော်သည့် နေရာများသည် ယခင်က ဒေသခံများ၏  စိုက်ပျိုးရေးများလုပ်ကိုင်ခဲ့ကြရာ နယ်မြေများဖြစ်ပြီး  ယခုအခါတွင် ရွှေမှော်ကြီးသဖွယ် ဈေးဆိုင်တန်းများ ရောင်းချလျက်ရှိသောကြောင့် ဒေသခံများ၏ စိုက်ပျိုးမြေများ နစ်နာဆုံးရှုံးနေရကြောင်းလည်း မြစ်ဆုံရွာဒေသခံ အသက် ၅၀ ကျော် အမျိုးသမီး တစ်ဦးက  မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်မတို့ ဧက ၃ ဧကလောက်ရှိတယ်။ အခုက ဈေးတန်းကြီး ဖြစ်သွားပြီဆိုတော့ ဘာမှ စိုက်စားလို့လည်း မရတော့ဘူး။ သွားပြောရင်လည်း မင်းတို့က ပြောင်းရွှေ့ခံရွာသားတွေ ဖြစ်သွားပြီ။  မင်းတို့နဲ့ မဆိုင်တော့ဘူးလို့ ပြောတယ်”ဟု ယင်းအမျိုးသမီးက ပြောသည်။

ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဦးHလအောင်က ကချင်ပြည်နယ်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲတွင် တင်ပြသည့် အစီရင်ခံစာတွင်လည်း မြစ်ဆုံဒေသအတွင်း တရားမဝင်ရွှေတူးဖော်နေသည့် ဓာတ်ပုံ၊ မှတ်တမ်းများကိုလည်း တင်ပြခဲ့သည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here