“ဆင်းရဲတဲ့မိသားစုမှာ နာမည်ကောင်းလေးတစ်ခုတော့ ကျန်အောင်လုပ်မယ်ဆိုပြီး ကြိုးစားခဲ့တာပါ”
၂၀၀၀ ခုနှစ်များဆီက မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေမှာ ရွှေဓူဝံ၊ ၀မ်ချိုင်း၊ လုံးချော၊ မြကျည်ဆံ၊ စောငမန်း၊ စောသဲအောင်၊ ဇာနည်ဆင်ရိုင်း အစရှိတဲ့ နာမည်ကျော်လက်ဝှေ့သမားတွေဟာ မြန်မာတစ်နိုင်ငံလုံးက ပွဲကြည့် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူတွေပါ။ သူတို့ပါဝင်တဲ့ လက်ဝှေ့ပွဲတိုင်းဟာ စည်ကားခဲ့ပါတယ်။ အဲဒီကာလတုန်းက ကချင်ပြည်နယ်မှာဆိုရင် ကျောလယ်လောက်ရှိတဲ့ ဆံပင်အရှည်နဲ့ စတိုင်ကျတဲ့လက်ဝှေ့သမား ကိုရှမ်းလေးတို့၊ ခတ်ချိုက ကိုစိုင်းတို့၊ အောင်ဒီးတို့၊ ဂတုံးဆံတောက် (ခေါင်းတုံးဆံတောက်)ဆံပင်ကေနဲ့ ကိုထိန်ချုန်းတို့ဟာလည်း ပြည်နယ်ရဲ့ အကျော်အမော်တွေပါပဲ။ သူတို့ထဲကမှ ကိုထိန်ချုန်းက နိုင်ငံတော်က ပထမဆုံးအကြိမ် ကျင်းပပေးတဲ့ ရိုးရာလက်ဝှေ့ပွဲမှာ ကချင်ပြည်နယ်ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ပြီး ၇၅ ကီလိုတန်းမှာ ရွှေခါးပတ်ရရှိခဲ့တာပါ။
ထိန်ချုန်းကို ကဒူးကနန်း လူမျိုးဖြစ်တဲ့ စစ်သားကြီးဦးထွန်းမြင့်နဲ့ ရှမ်းတိုင်းရင်းသူဒေါ်တင်ညွန့်တို့က မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၉ ယောက်မှာ ၈ ယောက်မြောက်သားဖြစ်ပါတယ်။ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ အိမ်အမှတ်( ၂၃၅ )က သားသမီး ၅ယောက်ရဲ့ဖခင် ကိုထိန်ချုန်းဟာ အခုဆိုရင် အသက် ၄၇ နှစ်ထဲ ရောက်နေပါပြီ။ လက်ရှိမှာတော့ တရုတ်နိုင်ငံ၊ ထိန်ချုန်းမြို့မှာ လက်ဝှေ့ကလပ်တစ်ခုဖွင့်လှစ်ပြီး ရာနဲ့ချီတဲ့ တရုတ်လူငယ်တွေကို မြန်မာ့လက်ဝှေ့ပညာ သင်ကြားပေးနေပါတယ်။ မြစ်ကြီးနားမြို့မှာလည်း လက်ဝှေ့ကလပ်တစ်ခု ဖွင့်လှစ်ဖို့ လာရောက်စီစဉ်တဲ့ ကိုထိန်ချုန်းနဲ့ အမှတ်မထင်တွေ့ဆုံပြီးသူ့ရဲ့ လက်ရှိလှုပ်ရှားမှုတွေ၊ ရွှေခါးပတ်ချန်ပီယံရပြီး သုံး-လေးနှစ်နောက်ပိုင်း လက်ဝှေ့လောကမှာ ပျောက်နေရတဲ့အကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းထားသမျှကို စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။
မေး – ပထမဆုံးအနေနဲ့ ကိုထိန်ချုန်း လက်ဝှေ့လောကကို ဘယ်တုန်းကရောက်ခဲ့တာလဲဆိုတာနဲ့ အစ်ကို့ရဲ့လက်ဦးဆရာက ဘယ်သူလဲဆိုတာ သိပါရစေ။
ဖြေ – ကျွန်တော်က ကိုယ်ကာယကြံ့ခိုင်ဖို့လေ့ကျင့်ရတာ ၀ါသနာပါတယ်။ ၁၃ နှစ်သားလောက်ကတည်းက စပြီး ကိုယ်ကာယအလှ ကစားတယ်။ အပြေးလေ့ကျင့်တာတို့၊ ကိရိယာလွတ်လေ့ကျင့်တာတို့ပေါ့ဗျာ။ ပထမတုန်းက မြို့သစ်ကြီးက ဆရာတစ်ယောက်ဆီမှာ BOXING ကစားတယ်။ အသက် ၁၈ နှစ်လောက်မှာ ရိုးရာလက်ဝှေ့စကစားတယ်။ သင်ဆရာကတော့ ဆရာအောင်မြင့်ဦးပေါ့။ အသက် ၂၀ လောက်မှာ မိုးလုံလေလုံကွင်းမှာ ပွဲတွေစထိုးတယ်။ ကြားထဲမှာ စက်ဘီးစီးပြိုင်ပွဲတွေ ဘာတွေလည်း ၀င်လိုက်သေးတယ်။ ၁၉၉၂ လောက်က ၈၂ မိုင် စက်ဘီးစီးပြိုင်ပွဲမှာ မြန်မာနိုင်ငံအဆင့် ပထမရဖူးသေးတယ်။ အဲဒီနောက် စီးပွားရေးအခြေအနေအရ ဆေးသုတ်တဲ့အလုပ်လည်း လုပ်ရသေးတယ်။ ဆေးသုတ်ရင်းနဲ့ တစ်နေ့တော့ စစ်ကိုင်းမှာ လက်ဝှေ့ပွဲရှိတယ်ဆိုပြီး ဂျာနယ်မှာဖတ်မိတာနဲ့ လက်ဝှေ့ထိုးဖို့ စစ်ကိုင်းကို တစ်ယောက်တည်း ဒိုးသွားလိုက်တာ။ ကျွန်တော့်ကိုလည်း ဘယ်သူမှသိပ်မသိသေးဘူး။ စစ်ကိုင်းမှာ ၀မ်ချိုင်းနဲ့အောင်အောင်ထွန်းချတဲ့ ပွဲမှာ…။ ကျွန်တော်က ရန်ကုန်သားတစ်ယောက်နဲ့ ထိုးရတယ်။ စလွှတ်တာနဲ့ ရန်ကုန်သားကို တစ်ချက်တည်းနဲ့ knockout ထိုးချလိုက်တော့ နည်းနည်းနာမည်ရသွားတာပေါ့။ အဲဒီမှာ မန္တလေးကလပ်တွေက ကျွန်တော့်ကို သူခေါ်ချင် ကိုယ်ခေါ်ချင်ဖြစ်သွားရော။ ကျားသစ်ရဲအောင်ကလပ်တို့၊ ရွှေလက်သီးကလပ်တို့က ခေါ်တယ်။
မေး – အဲဒီတော့ ကိုထိန်ချုန်းက ဘယ်ကို ရွေးလိုက်လဲ။
ဖြေ – ရွှေလက်သီးကလပ်ကို ရွေးလိုက်တယ်။ ရွှေလက်သီးကလပ်က နာမည်ကြီးလက်ဝှေ့သမားတွေဖြစ်တဲ့ မြနန္ဒာတို့၊ သြစတေးလျပြန် မြကြည်တော်တို့၊ အောင်စနေတို့ကစားတဲ့ ကလပ်ပေါ့။ အဲဒီကလပ်ကို ၀င်လိုက်တယ်။ ရွှေလက်သီးကလပ်က ဒေါက်တာကြီးတစ်ယောက်ပိုင်တာ။ ဒေါက်တာညွန့်တင်တဲ့သူက တရုတ်ကြီး။ ထိန်ချုန်းဆိုတော့ ကျွန်တော့်ကိုလည်း တရုတ်ပဲထင်တာ .. သူက။ ၁၉ လမ်းက ဘုန်းကြီးကျောင်းဝင်းထဲမှာ လေ့ကျင့်ရတာ။ ကျွန်တော် ရွှေလက်သီး ကလပ်အသင်းဝင်ဖြစ်တဲ့အချိန်မှာ လူပေါင်းအယောက် ၃၀ လောက်ရှိတယ်။ ထရိန်နင်ကပြင်းတော့ နောက်ပိုင်းကျ လူ ၃၀ ထဲမှာ သိပ်မကျန်တော့ဘူး။ အဲဒီတုန်းက စစ်ကိုင်း၊ ရွာထောင်က ဇေယျာမောင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ဆီမှာ တည်းပြီးမှထိုးတာ ဆိုတော့ စစ်ကိုင်းနဲ့မန်္တလေး နေ့တိုင်းအသွားအပြန် လုပ်ရတယ်။ လိုင်းကား သုံးဆင့်စီးရတယ်။ အဲဒီတုန်းက ၁၉၉၇ ပေါ့ … စစ်ကိုင်းကနေ ၆ လလောက် အသွားအပြန်လုပ်ခဲ့ရတာ။ ၉၇-၉၈ မှာ တောက်လျောက် ပွဲတွေစိပ်လာတယ်။ ပွဲတွေစိပ်လာတော့ မန္တလေးမှာ ပြောင်းနေရတော့တာ။ မြစ်ကြီးနားမှာ ကျတော့ ထိုးမယ့်လူက သိပ်မရှိဘူးလေ။ အောက်ပိုင်းမှာကျတော့ ထိုးမယ့်လူများတယ်ဆိုတော့ အတွေ့အကြုံရတယ်ဆိုပြီး အဲဒီမှာ နေခဲ့တာ။
မေး – မန္တလေးပတ်ဝန်းကျင်မှာပဲ ထိုးနေတာလား။ ရွှေခါးပတ်ပြိုင်ပွဲကိုရော မန္တလေးကနေ သွားလိုက်တာလား။
ဖြေ – မဟုတ်ဘူး။ ရန်ကုန်မှာလည်းသွားထိုးတယ်။ အဲဒီမှာ ကစားရင်းနဲ့က ဘယ်သူနဲ့စထိုးရလဲဆိုတော့ ရန်ကုန်၊ တောင်ဒဂုံမှာ စစ်ကိုင်းရွက်ပုန်းသီးဆိုတဲ့သူနဲ့ စထိုးရတယ်။ နှစ်ချီမှာ knockout ပဲ။ ဒုတိယပွဲကျ ဘယ်သူနဲ့ထိုးရလဲဆိုတော့ စောငမန်းနဲ့ထိုးရတယ်။ စောငမန်းကို ရှုံးသွားတယ်။ မြစ်ကြီးနားပြန်လာပြီး ပြန်ကျင့်၊ ပြန်ကျင့်ပေါ့။ ၂၀၀၀ ရောက်တော့ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ရွှေခါးပတ်ချန်ပီယံလုပွဲ ရှိတယ်ဆိုပြီးကြားရော၊ အဲဒီမှာ ဖားကန့်က ပစ်တိုင်းထောင်ဆိုတဲ့ကစားသမားရယ်၊ ကျွန်တော်ရယ်၊ ဆရာအောင်မြင့်ဦးရယ် သုံးယောက် ရန်ကုန်ကိုဆင်းသွားကြတယ်။ မိုးတွင်းကြီးပေါ့ဗျာ။ ရန်ကုန်ရောက်တော့ ရွှေခါးပတ်ဝင်တန်း လူရွေးပွဲအရင်ဝင်ရတယ်။ ကျွန်တော်က ၁၄၇ ပေါင်၊ ၀ယ်လ်တာဝိတ်တန်းဝင်ရတာပေါ့။ ၂၀၀၀ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာ ထိုးရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကိုပဲ ဖြတ်ပြောလိုက်တော့မယ်။ ၀ယ်လ်တာဝိတ်တန်းမှာ ဘယ်သူတွေနဲ့ကျလဲဆိုတော့ ကျွန်တော်နဲ့ စောငမန်း(မြို့တော်စည်ပင်)၊ စောသဲအောင်(KLN)၊ ဖျံရှည်(မန်္တလေး)၊ ဇာနည်ဆင်ရိုင်း(ကရင်)၊ သူရအောင်ဒင် (အလုပ်သမားဝန်ကြီးဌာန)တို့ကျတယ်။ ၆ ယောက်၊ တွဲဆိုင်းသုံးဆိုင်းပေါ့။ စောသဲအောင်က လက်ရှိ ၁၉၉၆ ၄ နှစ်တစ်ကြိမ်ဆိုတော့ သူက အရင် ၉၆ မှာ ခါးပတ်ရထားတဲ့သူ။ ဂျာမနီက ခါးပတ်လည်းရထားတာ… သူကဂျာမနီမှာသွားချပြီး ခါးပတ်တစ်ခုယူပြန်လာခါစ၊ ခါးပတ်နှစ်ခုနဲ့။ သူက ချန်ပီယံဆိုတော့ သူရအောင်ဒင်နဲ့ တစ်ပွဲပဲထိုးရတယ်။ သူက အောင်ဒင်ကို အနိုင်ရလိုက်တယ်။ ကျွန်တော်ရယ် ဇာနည်ဆင်ရိုင်းရယ်နဲ့ စောငမန်းရယ် ဖျံရှည်ရယ်တို့ကျတော့ နှစ်ပွဲစီထိုးရတယ်။ ကျွန်တော်တို့ လေးယောက်ထဲက ဗိုလ်နဲ့သူနဲ့ ချရတော့မှာ။ အဲဒီမှာ ကျွန်တော်က ဇာနည်ဆင်ရိုင်းကိုနိုင်၊ ငမန်းက ဖျံရှည်ကိုနိုင်ဆိုတော့ ကျွန်တော်နဲ့စောငမန်းနဲ့ ပြန်တွေ့တယ်။ ပွဲကျပ်တာပေါ့။ စောငမန်းက kick power အရမ်းပြင်းတာ။ ကျွန်တော်ကကျတော့ လက်သီးအားကိုးတာပေါ့နော်။ ကျွန်တော့်ကို ချုပ်လိုက်၊ ကန်လိုက်၊ ချုပ်လိုက်၊ ကန်လိုက်နဲ့ ကျွန်တော့် ဘယ်ဖက်ပေါင်ဆို ယောင်ကိုင်းနေတာပဲ အကန်ခံရတာ။ ကျွန်တော်က နှစ်ချီမြောက်မှာ ပင့်လက်သီးနဲ့ ထိုးပြီးအနိုင်ရလိုက်ရော။ အဲဒီမှာနှစ်ရက်။ သုံးရက်နားရတယ်။ စောငမန်းကန်ထားတဲ့ ပေါင်ကလည်း မပျောက်နိုင်ဘူး။ သူက ကစ်အရမ်းပြင်းတာကိုး၊ အဲဒီတုန်းက သူက ၂၄ ကျွန်တော်က ၃၀ လောက်ဆိုတော့ သန်မာမှုကလည်း ကွာသေးတယ်လေ။ ၁၇ ရက်နေ့မှာ စောသဲအောင်နဲ့ ပြန်ထိုးရတယ်။ တွေ့ပြီ၊ ဒုန်းဆိုလွှတ်လိုက်တာနဲ့ စောသဲအောင်က အရမ်းဖိ ထားတာ၊ First round မှာ သူ့ကိုလိုက်ထိုးလို့ကိုမရဘူး။ သူကလည်း စောငမန်းကန်လို့ရောင်နေတဲ့ပေါင်ကိုပဲ ပြန်ကန်ပေးတာလေ။ ကျွန်တော်ကထော့နဲ့၊ ထော့နဲ့ဖြစ်နေပြီ။ ကျွန်တော်က သူ့ကို တစ်လုံးကောင်းပဲ စောင့်ရတော့တာ၊ ဂွင်ပဲ စောင့်ရတော့တာပေါ့။ second round မှာ စလွှတ်လိုက်တာနဲ့ အပီဆိုပြီးကျွန်တော့် လိုက်ထိုးတာ၊ သူကပြေးလာ ထိုးတဲ့အချိန်မှာ ကျွန်တော်က ခြေတစ်လှမ်းတိုးပြီးမှ ပင့်လိုက်တာ၊ အဲဒီမှာ ဒုန်းဆိုခွေသွားတာ။ ခွေသွားတဲ့အခါကျတော့ ဒိုင်က နော့ကောက်ရေတာပေါ့။ ၁ ကနေ ၁၀ ထိရေတာ။ ထတော့ ထလာသေးတယ်။ ဒါပေမယ့် ဒိုင်က မရတော့ဘူးဆိုပြီး ပေးမထိုးတော့ဘူး။
မေး – အစ်ကိုက စောသဲအောင်ကိုအနိုင်ရပြီး ရွှေခါးပတ်ရခဲ့တာပေါ့။ စောသဲအောင်လည်း တော်တော်နာမည် ကြီးတယ်နော်။ အဲဒီတုန်းက သူက ဘယ်အရွယ်လဲ။
ဖြေ – သူက ၂၈ ၀န်းကျင်လောက်ရှိမယ်။ တော်တော်ကောင်းတယ်သူက ကမ်္ဘာမှာ ကစ်ပါဝါအမြင့်ဆုံးလို့ ပြောတယ်။ ဂျာမနီမှာ ကစ်ပါဝါပြင်းအားတိုင်းတဲ့မီတာမှာ သူအမြင့်ဆုံးတဲ့။ အဲဒီတုန်းက ဂျာမနီကို ရွှေဓူဝံရော၊ သာစည်မောင်မော်ကြီးကော သွားခဲ့တာလေ။ ဓူဝံကတော့ ရှုံးခဲ့တယ်။
မေး – ကိုထိန်ချုန်း ရွှေခါးပတ်ရပြီးတဲ့နောက် ကချင်ပြည်နယ်မှာ သိပ်မတွေ့တော့သလိုပဲ။ ဘယ်ရောက်နေတာလဲ။
ဖြေ – ရွှေခါးပတ်ရပြီးတဲ့နောက် မွန်ဘက်မှာ လက်ဝှေ့လိုက်ထိုးနေတာ။ ရွှေခါးပတ်ဆိုတော့ စိန်ခေါ်ချင်တဲ့သူကလည်းများလာတာကိုး။ ဘီလူးကျွန်း ၆၄ ရွာ အဲဒီဘက်တွေ လိုက်ထိုးနေရတာ။ ၂ နှစ်လောက်ကြာတယ်။ ၂၀၀၃ မှာကျတော့ နာမည်ကျော် ရွှေဝါထွန်းရဲ့ညီ အလီနဲ့ထိုးတယ်။ ၂ knockout ကျအောင်ထိုးခဲ့တယ်။ သူ့ကို ရှုံးဖူးတော့ ရှုံးကျွေးဆပ်လိုက်တာပေါ့။ အဲဒီနောက် မြစ်ကြီးနားကို ပြန်လာခဲ့တယ်။
မေး – ဒါပေမယ့် မြစ်ကြီးနားမှာ သိပ်မတွေ့သလိုပဲ။
ဖြေ – ကျွန်တော်က ၂၀၀၄ မှာ မြစ်ကြီးနား မိုးလုံလေလုံမှာ ကလပ်ဖွင့်သေးတယ်။ အဲဒီနှစ်မှာပဲ လိုင်ဇာမှာလက်ဝှေ့ပွဲတစ်ပွဲ ဦးစီးပြီးစဉ်လိုက်တယ်။ လိုင်ဇာပွဲမှာ ကျွန်တော်ထိုးတာကို လာကြည့်တဲ့ တရုတ်ပြည်က သူဌေးက ကျွန်တော့်ကို သဘောကျသွားပြီး မြစ်ကြီးနားပြန်ရောက်တော့ လူတစ်ယောက်လွှတ်ပြီး ခေါ်ခိုင်းတယ်။ သူ့ဆီမှာလာသင်ပေးပေါ့။ သူ့တပည့်တွေရှိတယ်လေ။ အဲဒါနဲ့ စီးပွားရေးအခြေအနေအရ လိုက်သွားရတာပေါ့ဗျာ။ ၂၀၀၈ မှာကျတော့ တိုင်းကွင်းမှာ ၀မ်ချိုင်းနဲ့ နောက်ဆုံးတစ်ပွဲချလိုက်သေးတယ်။ အသာစီးနဲ့ သရေကျတာပေါ့။ အနိုင်အရှုံးမပေါ်ဘူး။
မေး – ကိုထိန်ချုန်းထိုးခဲ့တဲ့ပွဲပေါင်း ဘယ်နှပွဲလောက်ရှိခဲ့လဲ။ နိုင်ပွဲဘယ်နှပွဲ၊ ရှုံးပွဲဘယ်နှပွဲလောက်ရှိမလဲ။ မှတ်မိသလောက်ပြောပြပါဦး။
ဖြေ – အားလုံးမှတ်မိတယ်။ စုစုပေါင်း ၅၅ ပွဲမှာ ၉ ပွဲရှုံးတယ်၊ တစ်ပွဲသရေ၊ ၄၅ ပွဲနိုင်ခဲ့တယ်။ုညသခု ဥကအ တွေ များတယ်။ ဒုန်း ..ဒုန်း အပြတ်တွေချည်းပဲ။
မေး – ထိန်ချုန်းဆိုတဲ့ နာမည်ပေးဖြစ်ခဲ့ပုံလေးကိုလည်းပြောပြပါဦး။
ဖြေ – ဟား.. ဟား .. အဲဒါပြောပြရဦးမှာလား။ အဲဒါကဒီလိုဗျ။ ကျွန်တော့်နာမည်အရင်းက ပေါက်ပေါက်ခေါ်ဇော်မြင့်ဗျ။ ကျောင်းသားဘ၀တုန်းက မြစ်ကြီးနား၊ အထက(၄)မှာတက်တယ်။ ကျွန်တော် ဆယ်တန်းမဖြေခင်မှာ ထိန်ချုန်းကသံအမတ်တွေ မြစ်ကြီးနားကိုလာတယ်။ ကျွန်တော်တို့ကျောင်းသားတွေ နာရီစင်နားမှာ သွားကြိုရတယ်။ သူတို့ကို မြန်မာပြည်ကလူတွေကသောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။ ထိန်ချုန်းဆိုတဲ့ နာမည်က တော်တော်လေးကောင်းမှာပဲပေါ့ စိတ်ထဲမှာ အဲဒီစာလုံးကို ကြိုက်သွားတယ်။ သူတို့ပြန်သွားပြီးတဲ့အချိန်မှာ မိုးလုံလေလုံမှာ လက်ဝှေ့ပွဲဖြစ်ရော။ လက်ဝှေ့ပွဲမှာ နာမည်စာရင်းပေးတဲ့အခါ နာမည်မေးတယ်။ အဲဒီမှာ လက်ဝှေ့သမားနဲ့ ဇော်မြင့်၊ ပေါက်ပေါက်ဆို မဟုတ်သေးပါဘူးဆိုပြီး ထိန်ချုန်းလို့ ရေးလိုက်ဗျာဆိုပြီး ပြောလိုက်တာ။ အဲဒီကနေ ထိန်ချုန်းဆိုပြီးဖြစ်သွားတာ။
မေး – တရုတ်ပြည်မှာ ကလပ်တွေဖွင့်ထားတယ်လို့ သိရတယ်။ မြစ်ကြီးနားမှာရော ကလပ်တွေဘာတွေဖွင့်ဖို့ အစီအစဉ်ရှိလား။
ဖြေ – ရှိတယ်။ မတ်လထဲလောက်ဖွင့်ဖြစ်မယ်။ ရွှေလက်သီးနာမည်နဲ့ပဲ။ အခုဆို အောင်လအင်ဆန်ကျေးဇူးကြောင့် မြန်မာနိုင်ငံမှာလည်း ပွဲကစားချင်တဲ့လူငယ်တွေ များလာပြီလေ။ ပြီးတော့ ကျွန်တော်ပြီးကတည်းက ကချင်ပြည်နယ်ကနေ ရွှေခါးပတ်ချန်ပီယံမထွက်သေးဘူးဖြစ်နေတာ။ အဲဒါကြောင့် ၂၀၂၀ မတိုင်မီ ရွှေခါးပတ်ချန်ပီယံ တစ်ယောက်ထွက်အောင် မွေးထုတ်ပေးသွားမယ်လို့လည်း ရည်ရွယ်ထားတယ်။ ကျွန်တော်မျက်စိကျတဲ့ ကလေးတွေ၊ ဖြစ်နိုင်ချေရှိတဲ့ လူငယ်တွေကို တွေ့ထားတယ်။ သူတို့ကို ကြပ်ကြပ်မတ်မတ်လုပ်ပေးမယ့်လူမရှိလို့။ ဖြစ်အောင်မောင်းသွားမယ်။ အောင်လလို ကမ်္ဘာကျော်တစ်ယောက်ဖြစ်ချင်ရင်တော့ တခြားသိုင်းပညာတွေ ဆက်သင်၊ ဆက်တက်ပေါ့။
မေး – နောက်ဆုံးအနေနဲ့ ကိုထိန်ချုန်းလို ရွှေခါးပတ်ချန်ပီယံဖြစ်ချင်တဲ့ လူငယ်တွေကို စကားလက်ဆောင်ပါးပေးပါဦး။
ဖြေ – ချန်ပီတစ်ယောက်ဖြစ်ဖို့ဆိုတာ တော်ရုံတန်ရုံဇွဲ၊ တော်ရုံတန်ရုံသတ်္တိနဲ့ မကြိုးစားရင်မရပါဘူးလို့။ ပညာရပ်တိုင်းဟာ ရူးသွပ်မှ ရပါတယ်။ ကျွန်တော်ချန်ပီယံမဖြစ်ခင်ကဆို ရပ်ကွက်က ရူးသွားပြီတောင် အထင်ခံခဲ့ရတယ်။ နေပူမရှောင်မိုးရွာမရှောင် လေ့ကျင့်လို့လေ။ မိသားစုကဆင်းရဲတော့ နာမည်ကောင်းတစ်ခု ကျန်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့တာ။ ကျွန်တော်တင် မဟုတ်ပါဘူး .. မိုက်တိုင်ဆန်တို့၊ မိုဟာမက်အလီတို့လည်း ဒီအတိုင်းအရူးအမူးလေ့ကျင့်ခဲ့ကြရတာချည်း ပါပဲ။ တော်ရုံဇွဲသတ်္တိနဲ့မရပါဘူးလို့ ပြောချင်ပါတယ်။
ဇော်နိုင်ဦး







