၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၃ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)နေရာအတွက် ဒေသတွင်း နိုင်ငံရေးပါတီ ၄ ခု ပေါင်းစည်းထားသော ကချင်ပြည်နယ်ပါတီများကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP)မှ ဦးအောင်ခမ်းနှင့် မြစ်ကြီးနားသတင်းဂျာနယ်ကတွေ့ဆုံမေးမြန်းမှုများကို ဖော်ပြပေးလိုက်ပါသည်။
ဆရာအနေနဲ့အခုမြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ နေရာအတွက် ဝင်ရောက်အရွေးခံဖြစ်တဲ့အကြောင်းကို အရင်ဆုံးသိပါရစေ။
ကချင်ပြည်နယ် ဒေသပါတီအနေနဲ့ ကိုယ်စားလှယ်၊ ဒီအမျိုးသားလွှတ်တော်မှာ တစ်ယောက်မှ မရှိဘူး။ ကချင်လူထုရဲ့အသံလည်း ကချင်ပြည်နယ်ရဲ့ကိုယ်စားလည်း လွှတ်တော်ထဲမှာ ရောက်စေချင်တယ်။ ဒီမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး၊ အမျိုးသမီးရေးရာ ကဏ္ဍ၊ စစ်ရှောင်အရေး စတဲ့ကိစ္စတွေကို ဖွံ့ဖြိုးရေး ကိစ္စတွေကို ကချင်ပြည်နယ်ရဲ့ကိုယ်စား၊ ဒေသပါတီရဲ့ ကိုယ်စား တင်ပြဖို့ အခွင့်အလမ်းတစ်ခု ရှိတယ်လို့ခံယူတယ်။ ဒါကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။
အခုဆိုရင် ကချင်ပါတီ ၄ ပါတီပေါင်းပြီး ဒီ ပေါင်းစည်းတဲ့အထဲမှာ ကျန်တဲ့ ပါတီသုံးခုက ဥက္ကဋ္ဌတွေကို မရွေးထုတ်ဘဲ ဆရာ့ကို ရွေးထုတ်ပြိုင်ရတဲ့အပေါ်မှာ ယုံကြည်မှုရှိလား။
လွန်ခဲ့တဲ့ ၂၀၁၅ တုန်းကလည်း မဲကွဲခဲ့တယ်။ ဆိုတော့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မဖော်ဆောင်နိုင်ခဲ့ဘူး၊ ဒီတစ်ခေါက်တော့ စုစုစည်းစည်းနဲ့ဖြစ်လာတော့ ကျွန်တော်တို့အားရှိတယ်။ ကချင်လူထုကလည်း ဒီဟာကို မဲပေးပါလိမ့်မယ်။ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ပြည်သူလူထုအားလုံး ကလည်း ကူညီပါလိမ့်မယ်။ မဲထည့်ပေးကြလိမ့်မယ်လိုလည်း မျှော်လင့်ပါတယ်။ ဒါက ဝမ်းသာစရာတစ်ခု ဖြစ်ပါတယ်။ အရင်နှစ်တွေမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဆရာ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတာ ရှိလားခင်ဗျ။
ကျွန်တော် ဆွမ်ပရာဘွမ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာပေါ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကပေါ့။ ၂၀၁၀ မှာတော့ မယှဉ်ပြိုင်ခဲ့ပါဘူး။ အရင်တုန်းကတော့ ကချင်ဒီမိုကရက်တစ် (KDP)ပါတီအနေနဲ့ပဲ ယှဉ်ပြိုင်ခဲ့တယ်။ အခုကတော့ ကချင်ပါတီပေါင်းပြီးထားတဲ့ ကချင်ပြည်နယ်ပါတီ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတယ်ဆိုတော့ ဒီနှစ်ခုအပေါ်မှာ ဘယ်လိုကွာခြားမှုရှိမလဲခင်ဗျ။
မဲဆွယ်စည်းရုံးတော့ ကျေးရွာ/ရပ်ကွက်တို့မှာ မဲဆွယ်စည်းရုံးတဲ့အချိန်မှာ တစ်သံတည်း ထွက်ပါတယ်။ ပါတီပေါင်းစည်းထားတဲ့ ပါတီက မှတ်ပုံတင်မရသေးဘူး။ ဒါကြောင့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)အနေနဲ့ပဲ ယှဉ်ပြိုင်တာပေါ့။ ဒါကိုအကုန်လုံးကလည်းသဘောတူတယ်၊ ဘာမှအခက်အခဲတော့ရှိမှာ မဟုတ်ဘူး။ တစ်ခုရှိတာက ဒီ ကချင်ပြည်နယ်မြစ်ကြီးနားမှာ နေထိုင်တဲ့ ပြည်သူလူထုတွေကလည်း စည်းလုံးရမယ်။ ဒီလိုပေါင်းစည်းတာက အကျိုးရှိတယ်ဆိုတဲ့ဟာကိုတော့ ကျွန်တော်ကနေ လုပ်ဆောင်ရပါလိမ့်မယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ဆရာ့အနေနဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင် ကချင်ပြည်နယ်က ပြည်နယ်သူ/သားတွေ အတွက် ဘာကိုများ ဦးစားပေးပြီးဆောင်ရွက်သွားမှာလဲ ခင်ဗျ။
ပထမအဆင့်အနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လုပ်ချင်တယ်၊ ဒါကို လက်နက်ကိုင်အဖွဲ့အစည်း KIO တွေနဲ့ ညှိနှိုင်းဆောင်ရွက်ချင်တယ်။ နောက်ပြီးမှ မြန်မာစစ်တပ်နဲ့ အစိုးရတွေနဲ့ ခုလက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပြီးမှ ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ချင်တယ်။ အဓိကဒါကိုဖြစ်တယ်။ ဒုတိယအနေနဲ့တော့ ငြိမ်းချမ်းရေးရပြီဆိုရင် စစ်ရှောင်ပုဂ္ဂိုလ်တွေအတွက် သူတို့ နေရပ်ကိုပြန်နိုင်ပြီး လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရရှိဖို့အတွက်ပေါ့။ ဒုတိယအချက် အနေနဲ့ကတော့ စီးပွားရေး၊ အလုပ်အကိုင်ရရှိရေး ဒါတွေကို ဖိဖိစီးစီးလုပ်ချင်တယ်။ ငြိမ်းချမ်းရေးမရရှိဘူးဆိုရင် စီးပွားရေးကတိုးတက်မှာ မဟုတ်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးက အရေးကြီးတယ်။ လူနေမှုအတွက် စီးပွားရေးက ဝင်ငွေရှိမှ၊ အဆင်ပြေမှ ပညာရေး၊ ကျန်းမာရေးက မြင့်မားလာမှာကိုး။ ဒါကြောင့်မို့ ဒီနှစ်ချက်ကို ဦးစားပေးလုပ်ချင်တယ်။ နောက်ပြီး မူးယစ်ဆေးဝါး၊ အမျိုးသမီး၊ ကလေးသူငယ် စတဲ့ကဏ္ဍတွေလုပ်သွားမှာပါ။ ဒါပေမယ့် အဓိကအနေနဲ့ကတော့ အဲ့ဒီနှစ်ချက်လို လုပ်သွားမှာပါ။
ဆရာ့အနေနဲ့ ဒီမတိုင်ခင်က နိုင်ငံရေးကဏ္ဍတွေမှာ ပါဝင်လှုပ်ရှားခဲ့လား။
ပါဝင်ခဲ့တာကတော့ အဖေတို့၊ အဘိုးတို့ လက်ထက်ကတည်းကပေါ့။ နိုင်ငံရေးနဲ့တော့ မစိမ်းပါဘူး၊ အဖေဆိုလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ KNCD ကနေ အနိုင်ရရှိခဲ့တဲ့ ဆွမ်ပရာဘွမ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တယ်။ ဒါပြီးမှ ၂၀၁၀ မှာလည်း အမေဘက်က ဦးလေး တ.စ.ည ပါတီကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်ခဲ့တယ်။ ၁၉၈၈ ကတည်းကနေ လက်ရှိအချိန်ထိ နိုင်ငံရေးကို တစ်စိုက်မတ်မတ် လုပ်ခဲ့ပါတယ်။
အခုလာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်တော့မယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြစ်ကြီးနားသတင်းဂျာနယ်က စာဖတ်ပရိသတ်ကို ဘာများဖြည့်စွက်ပြီး ပြောလိုပါသလဲ ခင်ဗျ။
ဒီတစ်ခေါက်ကတော့ ဒေသပါတီတွေအတွက် အဓိကမဲထည့်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံ ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားပါတီတွေလည်းရှိပါတယ်၊ ဒါပေမယ့် တခြားပါတီတွေဟာ သူတို့ ရွေးကောက်ကိုယ်စားလှယ်တွေအများကြီးရှိတယ်။ ဒါပြီးမှ ကျွန်တော်တို့ ဒေသပါတီတွေအနေနဲ့ အနိုင်ရရှိမယ်ဆိုရင် သူတို့နဲ့လည်း အတူတကွ လက်တွဲပြီး လုပ်နိုင်ပါတယ်။ ကချင်ပြည်နယ်ရဲ့ ရေးရာမှန်သမျှ အတူလက်တွဲပြီးမှ လုပ်နိုင်မယ် ဆွေးနွေးနိုင်မယ်၊ ကချင်ပြည်နယ်ရဲ့ အသံကို အဓိက လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ အရည်အချင်းပါပဲ။ အရည်အချင်းရှိရှိနဲ့ လုပ်သွားမယ် ဆိုရင် အကုန်လုံးအတွက် ကချင်ပြည်နယ်သူ/သား အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်တယ်။ ကချင်ပြည်နယ်သူ/သားအတွက် ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်းတွေကို အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကနေတစ်ဆင့် ကချင်ပြည်နယ်သူ/သား အားလုံးကိုပြောလိုပါတယ်။
Salai မေးမြန်းသည်။







