ဖားကန့်မှာမြေစာပုံပြိုကျတာကြောင့် ရေမဆေး ၂ ဦး သေဆုံး

40

ဇူလိုင်၊၂၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု မှော်စီစာ ကျေးရွာမှာ ဒီကနေ့မနက် ၉ နာရီခွဲခန့်မှာ မြေစာပုံပြိုကျတဲ့အတွက် ရေမဆေးကျောက်ရှာဖွေနေတဲ့ အမျိုးသား ၂ ဦး မြေစာနဲ့အတူ ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မှော်စီစာကျေးရွာ တောင်ယာကုန်းက မြေစာပြိုကျတဲ့အချိန် ရေမဆေးရှာတဲ့ အမျိုးသားနှစ်ဦးက ချက်ချင်းမပြေးတဲ့အတွက် ပြုတ်ကျသွားတာဖြစ်တယ်လို့ လွတ်မြောက်လာခဲ့တဲ့ မှော်စီစာဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

သူတို့နှစ်ယောက်က စောင့်ကြည့်နေသေးလို့ ပြေးတဲ့အချိန် မလွတ်တာ။ နှစ်ယောက်ပဲ ဟုတ်တယ်။ ဆယ်ယောက်ကျော်ဆိုတာတော့ မမှန်ဘူး။ ပြိုတဲ့အချိန် ကျွန်တော်ရှိနေတယ်။ ကျွန်တော်တောင် ပြေးလို့လွတ်တာ။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ကျောက်တူးနေတဲ့အချိန် မြေစာပြိုကျလာတာဖြစ်ပြီး မြေစာပြိုကျတဲ့ထဲ ရေမဆေးအမျိုးသားနှစ်ဦးနဲ့ ဆိုင်ကယ်နှစ်စီး ပါသွားတယ်လို့လည်း ဆိုပါတယ်။

တောင်ယာကုန်း မြေစာပြိုကျတဲ့ထဲပါပြီး လူဆယ်နဲ့ချီ သေဆုံးတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားတာတွေ့ရပြီးတော့ ဖားကန့်ဒေသခံတွေကို မေးမြန်ကြည့်တဲ့အခါ လတ်တလော ၂ ဦးရဲ့ ရုပ်အလောင်းသာ ရှာဖွေတွေ့ရှိသေးတယ်လို့ ကြားသိရကြောင်း ဆိုပါတယ်၊။

ဆယ်ချီသေတယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် လူပျောက်ဆိုတာ ထွက်လာတော့မှာလေ။ အခုက လူပျောက်ထွက်လာတာလည်း မရှိဘူး။ ကျင်းပိတဲ့နေရာမှာ ငိုတဲ့သူလည်း မရှိဘူး။ မိသားစုဝင်တွေလည်း မရှိဘူး။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

သေဆုံးတဲ့ အမျိုးသားနှစ်ဦးဟာ မြေစာပုံ အမြေင့်ပေ ၂၀၀ ဝန်းကျင်ရှိတဲ့ အမြင့်ကနေ မြေစာနဲ့အတူပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ မကြာခဏဆိုသလို မြေစာပြိုတာ၊ နွံကန်ပေါက်ကျတာတွေ ဖြစ်ပေါ်လေ့ရှိပြီး မိုးတွင်းကာလရောက်ရင် ပိုမိုအဖြစ်များနေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here