ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး ၇ ယောက်ဒဏ်ရာရ

87
ပုံစာ - ဇွန်လ ၁၉ ရက်နေ့က မိုးကုတ်မြို့နယ်အတွင်း စစ်တပ်၏လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များကို TNLA က ထုတ်ပြန်ထားစဉ်။

 

ဇွန်၊ ၂၁

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဒီလထဲမှာ တအာင်းတပ်မတော် (TNLA) တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး ၇ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကနေ သိရပါတယ်။

စစ်ကောင်စီဟာ ဇွန်လ ၉ ရက်နေ့က ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးမိတ်မြို့နယ်ထဲမှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ဆိုပါတယ်။

အဲဒီနောက် ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို့မြို့နယ်ထဲမှာ စစ်တပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ထုတ်ပြန်ချက်တွေအရ ဒီလထဲ TNLA တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်တဲ့အပြင် စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးတစ်ယောက်အပါအဝင် အရပ်သားတွေလည်း ထိခိုက်ခဲ့ပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေအပြင် စစ်ကောင်စီဟာ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တုန်းကလည်း ပြည်သူတွေအသုံးပြုနေတဲ့ သီပေါ-နမ္မတူ ကားလမ်းပိုင်း တစ်နေရာနဲ့ လားရှိုးမြို့ကို ဝင်တဲ့ လမ်းပိုင် ၃ နေရာကို ဖျက်ဆီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား ဟန့်တားနိုင်ရန်ရည်ရွယ်ခြင်း ဖြစ်သော်လည်း အရပ်သားပြည်သူများသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရသည်။ လို့လည်း TNLA က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ထိုးစစ်တွေပြန်ဖြစ်ပွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဟာ နေပြည်တော်ရောက်လာပြီး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါနဲ့ မန်တုံမြို့တွေကို ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် ကိုးကန့်တပ်မတော် (MNDAA) ကလည်း မန္တလေး-လားရှိုးလမ်းရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကြူကုတ်(ပန်ဆိုင်း)၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုန်းကိုး အစရှိတဲ့ ဒေသတွေကို ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ကြီးတွေဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ်နဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ လားရှိုးမြို့တို့ဟာ စစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပေမဲ့ အဲဒီမြို့တွေပတ်လည်မှာတော့ တော်လှန်ရေးအင်အားစုတွေ ရှိနေတာဖြစ်ပါတယ်။

ပုံစာ – ဇွန်လ ၁၉ ရက်နေ့က မိုးကုတ်မြို့နယ်အတွင်း စစ်တပ်၏လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များကို TNLA က ထုတ်ပြန်ထားစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here