မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း တစ်နေရာ ပြုပြင်နေတဲ့အတွက် အတက်အဆင်းပြုလုပ်နေတဲ့ ကားတွေ ယာယီရပ်နားထားရ

69

 

ဇွန်၊၂၁

မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း တစ်နေရာ ပြုပြင်နေတဲ့အတွက် ပူတာအိုမြို့ဘက် အတက်အဆင်းပြုလုပ်နေတဲ့ ကားတွေ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့နေ့ကနေစပြီး ယာယီ ရပ်နားထားရတယ်လို့ သိရပါတယ်။

ပူတာအိုမြို့မရောက်ခင် မဆွန်ဇွပ်(masum zup)နဲ့ တန်ဂျာကျေးရွာကြား ကျောက်ရေတွင်း (ကချင်အခေါ်အဝေါ် Shin dan mada )အောက်ဘက်မှာ လမ်းချောက်ကမ်းပါးပြိုတဲ့အတွက် လမ်းပြုပြင်နေဆဲဖြစ်တယ်လို့ အဲဒီလမ်းမှာ ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

မနေ့က တစ်ချို့ကားတွေ ပြန်လှည့်တယ်။ လေးစီး၊ ခြောက်စီးလောက် ရှိတယ်။ တီယန်ဇွပ်ဘက်က ပြန်လှည့်ခိုင်းတယ်လို့ ပြောတယ်။ ဒီနေ့ကနေ ပြန်ပိတ်ပြီ။ လမ်းပြင်နေတယ်ဆိုလို့လို့ ကားသမားက ပြောပါတယ်။

လက်ရှိအချိန် မြစ်ကြီးနား-ပူတာအို အတက်ရော၊ အဆင်းပါ ယာယီရပ်နားထားရပြီး လမ်းပြုပြင်ပြီးစီးဖို့ အချိန်သုံးရက်လောက်ကြာနိုင်တယ်လို့လည်း သိရပါတယ်။

သုံးလနီးပါးပိတ်ထားလိုက်ရတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် နှစ်ဖက်အဖွဲ့အစည်း(KIA နဲ့ စစ်ကောင်စီ) ခွင့်ပြုချက်နဲ့ ကား ၁၄ စီးကို ဇွန်လ ၈ရက်နေ့ ညနေပိုင်းက ပထမအသုတ်အဖြစ် တက်ခွင့်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းကနေ နှစ်ဖက်တပ်ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းဆီ တင်ဆောင်မယ့် ကုန်ပစ္စည်းစာရင်းတွေကို နှစ်ရက်ကြိုတင် စာရင်းပေးပို့ထားပြီး ကုန်ပစ္စည်းတင်ကားတွေကို စိစစ်ပြီးမှသာ တစ်ဖွဲ့ကို ကား ၇ စီးစီနဲ့ တစ်သုတ်ပြီးတစ်သုတ် ပူတာအိုမြို့ဘက် တက်ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့ဘက် ထွက်ခွာသွားတဲ့ စက်သုံးဆီသယ်ယာဉ်သီးသန့် ၈ စီး ဟာလည်း လက်ရှိအချိန်မှာတော့ ပူတာအိုမြို့ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

ဒါအပြင် အရင်က တစ်ရက်တည်းနဲ့ ရောက်တဲ့ မြစ်ကြီးနား-ပူတာအိုမြို့လမ်းခရီးဟာ အခုအချိန်မှာတော့ လမ်းတစ်လျှောက် နှစ်ဖက်တပ်ဂိတ်တွေကနေ အသေးစိတ်စစ်ဆေးရေးတွေ တင်းကျပ်တဲ့အတွက် အနည်းဆုံး တစ်ညအိပ်ခရီးသွားရတဲ့အပြင် အခုလိုလမ်းခရီးအခက်အခဲတွေကြောင့်ပါ ပူတာအိုမြို့ဘက် အချိန်မီရောက်ဖို့ ကြန့်ကြာနေကြတာပါ။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်တီတို့ မတ်လ ပထမအပတ်က ဆွမ်ပရာဘွမ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းဟာ မတ်လ ၉ ရက်နေ့က ပိတ်သွားခဲ့တာဖြစ်ပြီး သုံးလနီးပါးအကြာ ဇွန်လ ၈ ရက်နေ့မှာတော့ နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ပြန်ဖွင့်ပေးတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here