ဇန်နဝါရီ၊၂၅
တိုက်ပွဲဖြစ်ပွားတဲ့အပြင် စစ်သားစုဆောင်းတာတွေလည်း ရှိနေတာကြောင့်
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့က ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေဘက်မှာ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟိုပင် – နန့်မွန်းလမ်းက စစ်ကောင်စီထိုင်ထားတဲ့ တောင်ထိပ်လမ်းကို အဖွင့်အပိတ် အခြေအနေကြည့်ပြီးတော့ ဒီကနေ့မှာလည်း ဆက်လက်ထွက်ခွာတဲ့သူတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နန့်မွန်းမြို့ထဲကို ရှမ်းနီ SNA တပ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဒေသခံတွေကို စစ်သားစုဆောင်းတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် သူတို့စခန်းချထားတဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းနဲ့သွားရောက်ပစ်ခတ်တာတွေ ရှိလာတာကြောင့် ဒေသခံတွေဟာ မနေ့ကမနက်ပိုင်းကနေ နီးစပ်ရာဘက် ထွက်ပြေးတိမ်းရှောင်သွားကြတာ ဖြစ်တယ်လို့ နန့်မွန်းဒေသခံတစ်ဦးက ပြောပါတယ်။
” နီးစပ်တဲ့ရွာက သူတွေတောင် နွားလှည်းတွေ ဆိုင်ကယ်တွေ သုံးဘီးတွေ ထော်လာဂျီတွေနဲ့ လုံခြုံတဲ့ဘက် ပစ္စည်းတွေ သယ်ယူပြီးရှောင်တာတွေလည်း အများကြီးတွေ့ရတယ်။” လို့ ဒေသခံက ဆိုပါတယ်။
မိုးညှင်းနဲ့ ဟိုပင်မြို့ဘက် တိမ်းရှောင်သွားတဲ့သူတွေရှိသလို လက်ရှိအချိန်ထိ တောင်ယာအခင်းတွေမှာ တိမ်းရှောင်နေကြတဲ့ သူတွေလည်းရှိပြီးတော့ ဟိုပင်မြို့ဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေကိုတော့ သက်ဆိုင်ရာ အသင်းတော်တွေကနေ နေရာချကူညီပေးတာတွေရှိနေတယ်လို့ သိရပါတယ်။
မနေ့ကတော့ နန့်မွန်းမြို့ထဲက ကချင်တွေအများစုနေတဲ့ ရပ်ကွက်ဘက်ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်အပိုင်းအစထိတာကြောင့် ဒေသခံလူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ဒီကနေ့မှာလည်း လမ်းပိုင်းအခြေနေကိုနားစွင့်ပြီးတော့ ဆက်လက်တိမ်းရှောင်နေကြတဲ့ သူတွေရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ နန့်မွန်းတောင်ထိပ်ဂိတ်မှာရှိတဲ့ စစ်ကောင်စီဘက်က လမ်းပိုင်းကို ပိတ်လိုက်ဖွင့်လိုက် လုပ်ဆောင်နေတာကြောင့် ဖြတ်သန်းသွားလာဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံက ဆိုပါတယ်။
“ဒီနေ့လည်း လမ်းအခြေအနေကို အခွင့်ရေးရတဲ့အချိန်တော့ ထွက်တယ်ဆိုပြီးကြားရတယ်။ တောက်လျှောက်ဖွင့်တာလည်းမဟုတ်ဘူး။ တောက်လျှောက်ပိတ်တာလည်း မဟုတ်ဘူး။ ပိတ်ထားတယ် ဖွင့်ထားတယ်ပြောဖို့လည်း ခက်တယ်။ သူတို့စိတ်ကြိုက်လုပ်နေတဲ့ အခြေအနေဖြစ်နေတာ။” လို့ ဒေသခံက ပြောပါတယ်။
အုန်းစံဆိုင်လမ်းပိုင်းသုံးပြီး မိုးညှင်းမြို့ဘက်သွားလို့ရပေမဲ့ လတ်တလောအခြေအနေမှာ ဟိုပင် – နန့်မွန်းလမ်းမကြီးကပဲ လုံခြုံမှုရှိတဲ့အတွက် အဲဒီနေရာကနေ ဖြတ်သန်းသွားလာနေရတာဖြစ်ပြီး ဒီကနေ့မှာလည်း နန့်မွန်းကထွက်တဲ့ တချို့ကားတွေကို တားဆီးတာနဲ့ ပြန်ခေါက်ခိုင်းတာတွေလည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် နီးစပ်ရာ အသီးသီးတိမ်းရှောင်သွားကြတဲ့ ဒေသခံတွေထဲက တောတောင်အခင်းဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ထဲမှာ နာမကျန်းဖြစ်နေတဲ့ အဘွားတစ်ဦး ထွက်ပြေးတိမ်းရှောင်နေရင်း သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ နန့်မွန်းမြို့မှာ အိမ်ထောင်စု နှစ်ထောင်ကျော်ရှိပြီး လက်ရှိမှာတော့ မြို့ရပ်မိရပ်ဖလူကြီးတွေကနေ ရပ်ရွာအတွက် ငဲ့ညာစဉ်းစားပေးဖို့အတွက် နှစ်ဖက်တပ်ဘက်ကို ဆွေးနွေးညှိနှိုင်းနေတာရှိတယ်လို့ ကြားရကြောင်းလည်း ဆိုပါတယ်။







