လဝါးကျေးရွာဘက်မှာ ပြည်သူ ၉ ဦး အသတ်ခံရတာ တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ အမှုမှန်မပေါ်ပေါက်သေး

32

\

ဇန်နဝါရီ၊၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာဘက်မှာ ပြည်သူ ၉ ဦး အသတ်ခံရတာ တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ အမှုမှန်မပေါ်ပေါက်သေးပါဘူး။

၂၀၂၃ခု နှစ် ဧပြီလအတွင်းက ပြည်သူ့ကော်မရှင်ဘက်က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအပြင် အမှုကိုဖြစ်မြောက်အောင် အားပေးအားမြှောက် ပြုလုပ်ခဲ့သူတွေရဲ့ အမည်စာရင်းတွေကိုပါ ထည့်သွင်းပေးပို့ထားပြီးနောက် KIO/KIA ဘက်ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး သီးသန့်တရားရေးကော်မရှင်ဖွဲ့ပြီးတော့ ပြစ်မှုကျူးလွန်သူတွေကို ထိန်းသိမ်းထားပြီး ရုံးထုတ်စစ်ဆေးမှုရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေတွေကြောင့် KIO ဌာနချုပ်ဘက် သွားရောက်ဖို့ လမ်းခရီးပိတ်ဆို့တာတွေ ရှိတဲ့အတွက် အမှုမှန်ပေါ်ပေါက်ဖို့ အချိန်ကြန့်ကြာမှု ဖြစ်နေရတယ်လို့ အမှုအခြေအနေနဲ့ ပတ်သက်ပြီး တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ အမှုမှန်ပေါ်ပေါက်နိုင်ခြင်း မရှိသေးတဲ့အပေါ် ပြည်သူတွေဘက်က ဖွဲ့စည်းထားတဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အခုထိ တိုက်ပွဲတွေလည်းဖြစ်ပြီး လမ်းပိတ်သွားတော့ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူး။ ဗဟိုတရာရုံး KIO/KIA ကိုတော့ ကော်မရှင် အသိသက်သေတွေ၊ မိသားစုဝင်တွေ ပြောသင့်သလောက် သူတို့ မေးပြီးပြီ” လို့ သူက ပြောပါတယ်။

သေဆုံးသွားသူ ၉ ဦးဟာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က မိတ်ဆွေဖြစ်သူ မိုးကောင်းမြို့နေ ဦးကျော်စိုးဆိုသူရဲ့ လဝါးကျေးရွာဘက်က စိုက်ပျိုးရေးခြံဘက် ငါးဖမ်းထွက်တဲ့အချိန် KIA/PDF တွေကနေ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် လဝါးကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ နေရာက ၇ ပေလောက်ကျယ်ဝန်းတဲ့ ကျင်းတစ်ခုမှာ ၇ ဦးရဲ့ အလောင်းကိုတွေ့ရတဲ့အပြင် နောက်ထပ်တစ်ကျင်းမှာတော့ ၂ ဦးကို မြှုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အသတ်ခံရတဲ့ ပြည်သူ ၉ ဦးဟာ အသက်၂၀ ကျော်ကနေ ၅၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပြီး မိုးကောင်းမြို့က ဦးကျော်စိုး၊ ဆားမှော်ကျေးရွာက မခေါန်ဘူ၊ မနန်လွမ်တို့ နှစ်ဦး အပြင်၊ ဗန်းမော်မြို့ဘက်က ဦးလဇွမ်တူးလွမ်၊ ထွန်းအေး(မာရှောင်)၊ ဦးရှဲ့၊ ၊ ဦးထွန်းယုံ၊ ကိုဖိုးတုတ်တို့ ဖြစ်ပြီး ဦးယော်ဟန်ကတော့ နမ္မတီးမြို့က ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here