ဇန်နဝါရီ၊ ၂၆
အပစ်ရပ်ရေး “ဟိုင်ဂင် သဘောတူညီမှု” ကို စစ်တပ်က ချိုးဖောက်ပြီး “မထီမဲ့မြင်ရန်စမှု” လုပ်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ခပ်စိပ်စိပ်ထုတ်ပြန်လာပြီးတဲ့နောက် တရုတ်သံအမတ်ကြီးနဲ့ စစ်ကောင်စီရဲ့ ဒုဝန်ကြီးချုပ်တို့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသာမက စစ်ကောင်စီရဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာပါ ဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ရေး “ဟိုင်ဂင် သဘောတူညီမှု” ကို စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြား သဘောတူခဲ့ကြပါတယ်။
အဲဒီသဘောတူညီမှုအပြီး စစ်တပ်ဟာ ပြည်သူတွေရှိတဲ့ နေရာတွေကို အကြောင်းမဲ့ လက်နက်ကြီး၊ လေကြောင်းတို့နဲ့ တိုက်ခိုက်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာတွေကို ထိုးစစ်ဆင်တာ စတဲ့ရန်စမှုတွေ လုပ်နေတယ်လို့ ညီနောင် ၃ ဖွဲ့က ပြီးခဲ့တဲ့ ၂ ပတ်အတွင်း နေ့တိုင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီနောက် မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr Chen Hai က စစ်ကောင်စီရဲ့ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးအပြင် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၂ ရဲ့ ပြည်ထောင်စုဝန်ကြီးတို့နဲ့ သီးခြားဆီ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုတွေမှာ အွန်လိုင်းလိမ်လည်မှုကို ဆက်တိုက် တိုက်ဖျက်ဖို့နဲ့ နှစ်နိုင်ငံစီမံကိန်းတွေကို တွန်းအားပေးဖော်ဆောင်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ နှစ်ဖက်စလုံးက ပြောကြားခဲ့တယ်လို့ တရုတ်သံရုံးဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်မှုတွေမှာတော့ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးက တရုတ်သံအမတ်ကြီးနဲ့တွေ့ဆုံချိန် နှစ်နိုင်ငံစီမံကိန်းတွေဆက်အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပေမဲ့ တရုတ်သံရုံးထုတ်ပြန်ချက်လိုမျိုး နှစ်နိုင်ငံစီမံကိန်းတွေကို တွန်းအားပေးဖော်ဆောင် မယ်ဆိုတာမျိုးကို မထည့်သွင်းထားပါဘူး။
ဒါ့အပြင် စစ်ကောင်စီက သူတို့ရဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၂ ရဲ့ ပြည်ထောင်စုဝန်ကြီးက တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံချိန် ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပဲ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ တရုတ်သံအမတ်ကြီးတွေ့ဆုံချိန်မှာလည်း ရခိုင်ပြည်နယ်အရေးကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ စခန်းတွေတစ်ခုပြီး တစ်ခုဆုံးရှုံးနေပြီး သူတို့ရဲ့ တပ်သားတွေဟာလည်း နယ်စပ်ကနေ အိန္ဒိယနိုင်ငံဘက်ကို ရာနဲ့ချီထွက်ပြေးနေကြတာလည်း ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် AA ကတော့ သူတို့ရဲ့ ထိုးစစ်ကိုမခံနိုင်တဲ့ စစ်ကောင်စီဟာ ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုသာမက ပြည်သူတွေနေထိုင်တဲ့ မြို့ရွာတွေကိုပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဇန်နဝါရီ ၁၇ ရက်နေ့ ထုတ်ပြန်ထားပါတယ်။
အခုအချိန်မှာတော့ (AA) ဟာ ရခိုင်ပြည်နယ်အစပ်မှာရှိတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသလို ရခိုင်ပြည်နယ်က ပေါက်တောမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာထားပါတယ်။







