လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၅ ဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကနေ ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်

213

 

မတ်၊၆

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၅ ဦးကို ထောင်ဒဏ် ၂ နှစ် နဲ့ ငွေဒဏ်ကိုးသိန်း ချမှတ်လိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကရင်နီပြည်နယ်တရားရုံးချုပ် ကနေ သိရပါတယ်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်နဲ့ ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ငါးယောက်ကို အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပါမောက္ခချုပ်အပါအဝင် စုစုပေါင်း ငါးဦးကို ပြစ်ဒဏ်ချမှတ်ထားတာ ရှိပါတယ်။ မတရားအက်ဥပဒေပုဒ်မ ၁၇ ()အရ ထွက်ဆိုချက် ပေါ်ပေါက်ချက်အရ၊ကာယကံရှင်တွေရဲ့ ထွက်ဆိုချက်တွေအရ ထောင်ဒဏ် နှစ် နဲ့ ဒဏ်ငွေ ကိုးသိန်းစီ ကျခံစေဖို့ စီရင်ချက် အမိန့်ချတာဖြစ်တယ်။ လို့ ကရင်နီပြည်နယ် တရားရုံးချုပ်ရဲ့ ပြည်နယ်တရားသူကြီး ခူးပိုးရယ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အမိန့်ချမှတ်ထားတဲ့ ပါချုပ်အပါအဝင် ငါးယောက်ကို ကရင်နီပြည်နယ်မှာ တည်ဆောက်ထားတဲ့ထောင်မှာ ထိန်းသိမ်းထားမှာ ဖြစ်တယ်လို့ ခူးပိုးရယ်က ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်က စစ်ကောင်စီတပ်တွေကို ၂၀၂၃ နိုဝင်ဘာလ ဒုတိယအပတ်က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်အတွင်းက Non CDM ဝန်ထမ်းတွေ နဲ့ မိသားစုဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့က ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲဒီနောက် “Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းပြီးတော့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ၁၉၃ ယောက်ကို နိုဝင်ဘာလထဲမှာပဲ ခံဝန်လက်မှတ်ရေးထိုးစေကာ နယ်နှင်ဒဏ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်းငါးဦးကိုတော့ တရားရေးဌာနကို လွှဲပြောင်းပြီး အထက်အတိုင်း ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here