ကချင်ပြည်နယ်မှာ လူရမ်းကားတွေရဲ့ဒဏ်ကို အခံရဆုံးမြို့က မြို့တော်မြစ်ကြီးနားပါ။ မြို့တော်ကြီးဟာ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ဒုစရိုက်သမားတွေကလည်း ဘယ်လိုပြစ်မှုကျူးလွန်ရမလဲဆိုတာ နေရာအနှံ့ကနေရောက်လာပြီး စောင့်ဆိုင်းချောင်းမြောင်း ကျူးလွန်ခံနေရပါတယ်။
မြို့တော်ဟာ ဒုစရိုက်သမားတွေခိုအောင်းတဲ့နေရာ ဖြစ်လို့လာပါတယ်။ ကြောင်ငဖျင်းတွေရှိတဲ့အိမ်မှာ ကြွက်တွေ မခန့််လေးစားလုပ်ပြီး သောင်းကျန်းသလိုပါပဲ။ ပထမအမှုမမိခင်ဒုတိယမှုဖြစ်လာ၊ ဒုတိယမှုလိုက်နေချိန် တတိယမှုဖြစ်လာနဲ့ ကျူးလွန်သူတွေက အတင့်ရဲသည်ထက်ရဲလာပြီး ကချင်ပြည်နယ်ကြီးဟာ ဒုစရိုက်မှုတွေကြားမှာ ခေါင်းမဖော်နိုင်ပါဘူး။
လမ်းပေါ်မှာသွားနေရင်း လုယက်ခံရတာတွေ၊ အိမ်ထဲမှာနေရင်း ဝင်အသတ်ခံရတာတွေ၊ လမ်းပေါ်မှာ ပစ်အသတ်ခံရတာတွေနဲ့ တစ်လတစ်မျိုး၊ တစ်နှစ်တစ်မျိုး မရိုးနိုင်အောင် ဖြစ်ပွားလို့နေပါတယ်။ တရားဥပဒေစိုးမိုးရေးက မြို့တော်သူမြို့တော်သားတွေကို ခြိမ်းခြောက်နေပြီး ညဘက်တစ်ယောက်တည်းထွက်ဖို့အတွက် မြစ်ကြီးနားသူ/သားတွေမှာ ကြောက်ရွံ့လာရပါတယ်။ ဒါပေမယ့်လည်း ဖြစ်ခါမှဖြစ်ရော မဖြစ်မနေသွားလာနေကြရသူတွေလည်း သွားနေကြရဆဲပါ။
မြို့တော်မှာ အမှုအခင်းများဖြစ်လိုက်ပြီဆိုရင် ပြစ်မှုကျူးလွန်တဲ့သူကို ဘယ်တော့မှ ရှာဖွေမတွေ့ရတတ်ပါဘူး။ ပြစ်မှုကျူးလွန်တဲ့သူတွေက အဆင့်မြင့်လာသလောက် ရဲတပ်ဖွဲ့ရဲ့အဆင့်ကနိမ့်ကျနေဆဲပါ။
ရဲတပ်ဖွဲ့ကြီးက သူတို့ကို ဒုက္ခမပေးဘဲ လမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်တွေလောက်ကိုသာ ဦးထုတ်မဆောင်းလို့၊ ဘက်မှန်မတပ်လို့ဆိုတဲ့ ပြစ်ချက်တွေနဲ့ တစ်ရစ်ချင်း၊ တစ်ရစ်ချင်း ချောင်ပိတ်ရိုက် အနိုင်ကျင့်တတ်ပေမယ့် သူတို့ကိုစိန်ခေါ်နေတဲ့ ဒုစရိုက်သားကောင်တွေကို ဖမ်းဖို့ဆိုရင် “ရဲမှာ အရာရာသိမြင်နိုင်တဲ့ နတ်မျက်စိပါတာမှမဟုတ်တာ”ဆိုပြီး ဆင်ခြေတွေပေးတတ်ကြပါတယ်။ နိုင်ငံတကာကရဲတွေလို နတ်မျက်စိတမျှ အရာရာကို ချက်ချင်းစစ်လို့ရတဲ့ စက်ကိရိယာတွေကို အကူအညီယူနိုင်ဖို့ဆိုတာ အလှမ်းဝေးနေဆဲပါ။
အခုဆိုရင် မြို့တော်မှာဖြစ်ပွားခဲ့ပြီး တရားခံမပေါ်တဲ့အမှုပေါင်းက တစ်စထက်တစ်စများလို့နေပါပြီ။ ကမ္ဘောဇမီနီဘဏ်ကို တိုက်သွားတဲ့သူတွေ၊ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင်ရဲ့ မိသားစုဝင်တွေကို သတ်သွားတဲ့သူတွေ၊ အိမ်ထဲဝင်ပြီး ဓားနဲ့ ၁၉ ချက်လောက်ထိုးသွားတဲ့ မလိဆန်ပန်ကို သတ်ဖြတ်သူတွေဟာ အန္တရာယ်ကင်းဘေးရှင်းစွာ လွတ်မြောက်နေဆဲပါ။
တရားခံတွေ ဒီလိုလွတ်မြောက်နေတာနဲ့အမျှ ရဲတပ်ဖွဲ့ကိုအထင်ကြီးတဲ့ ပြည်သူတွေက သံသယတွေဝင်ပြီး တရားခံသိလျှက် မဖမ်းသူများအဖြစ် အမြင်ခံနေရတာကို သူတို့သိဟန်မတူပါ။ ပြည်သူ့သံသယကို ဖြေဖျောက်ပေးဖို့ ချဉ်းကပ်တဲ့ သတင်းမီဒီယာတွေကိုလည်း သံသယစိတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကြိုဆိုနေတော့ ရဲတပ်ဖွဲ့ဟာ ပြည်သူကြားမှာ ပက်လက်မျောတဲ့ကိန်းဆိုက်နေပါတယ်။
ပြည်သူတွေအနေနဲ့ လုံခြုံအောင် ဆောင်ရွက်မပေးနိုင်သူတွေရဲ့ လက်အောက်မှာ ကိုယ့်အန်္တရာယ်ကို ကိုယ်တိုင်ကာကွယ်တားဆီးခြင်းကသာ အကောင်းဆုံးပါ။ နိုင်ငံတကာလို သေနတ်ကိုင်ဆောင်ခွင့်လည်းမရတဲ့ တိုင်းပြည်မှာ ကိုယ်တိုင်အန္တရာယ်ကင်းဖို့အတွက် မိမိတို့ဆုံးရှုံးရမယ့် တန်ဖိုးအလိုက် အစောင့်အရှောက်တွေ ငှားသင့်ငှားပြီး လုံခြုံအောင်နေကြဖို့လိုလာပါပြီ။ မိမိတို့ပေါ့ဆမှုကြောင့်ဖြစ်ဖြစ်၊ ဒုစရိုက်သမားတွေရဲ့ ကျွမ်းကျင်မှုကြောင့်ဖြစ်ဖြစ် တစ်ခုခုဖြစ်လာပြီဆိုရင် လတ်တလောဘဝပျက်ရမှာက ပြည်သူတွေဖြစ်တာကြောင့် သွားလာရာမှာ မပေါ့ဆဘဲ သတိရှိကြဖို့ သတိပေးလိုရင်းပါ။
မြန်မာနှစ်သစ်နဲ့အတူ ပြည်သူတွေ အန္တရာယ်ကင်း၊ ဘေးရှင်းကြပါစေ။ ။
မြစ်ကြီးနားသတင်းဂျာနယ်




