မေ၊ ၁၆
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရေး အာဆီယံနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိရေး သတင်းစာက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ(လာအို)ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်တို့ကို မနေ့က မေလ ၁၅ ရက်မှာ တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ စစ်ကောင်စီဘက်က တင်ပြမှုတွေရှိခဲ့သလို “မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်သည့်အချက်များ” စတာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
အဲဒီကိုယ်စားလှယ်ဟာ အခုခရီးစဉ်မတိုင်ခင် မြန်မာနိုင်ငံကို ဒီနှစ် ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် လာရောက်ချိန် စစ်ခေါင်းဆောင်အပြင် အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ဆုံပြီးတဲ့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါသေးတယ်။
အခုမတိုင်ခင်ကတော့ ဘရူးနိုင်၊ အင်ဒိုနီရှား စတဲ့နိုင်ငံတွေ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တုန်းက ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံကို လာလို့မရခဲ့ပေမဲ့ အခုလာအိုတက်လာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ၂ ကြိမ်ရောက်လာတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့လ ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပွဲမှာလည်း နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ပထမဆုံးအနေနဲ့ စစ်ကောင်စီဘက်က စေလွှတ်ခဲ့ပါတယ်။
မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာဘက်ကနေ နိုင်ငံရေးရာထူးမယူထားတဲ့ ကိုယ်စားလှယ်ပဲ တက်ရမယ်လို့ အာဆီယံဘက်က ကြေညာပြီးတဲ့နောက် စစ်ကောင်စီဘက်က သုံးနှစ်လုံး ကိုယ်စားလှယ်မစေလွှတ်ခဲ့ပါဘူး။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ တရုတ်နိုင်ငံမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ဆွေးနွေးပွဲလုပ်နေသလို မြေပြင်မှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။







