ဇွန်၊၂၅
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းအမျိုးသမီးတွေကို ဆဲဆိုရိုက်နှက်တဲ့အပြင် မူးယစ်ဆေးဝါး ပါလာတယ်လို့ လုပ်ကြံစွပ်စွဲထားကြောင်း နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေက ဒီကနေ့ ဇွန် ၂၅ ရက်နေ့မှာ ထုတ်ပြတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က ကျိုက်မရောထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက မတရားသိမ်းယူခဲ့ပြီးတော့ အကျဉ်းသူတွေက ပြန်လည်တောင်းယူတဲ့အချိန် ထောင်အာဏာပိုင်တွေရဲ့ ဆဲဆိုရိုက်နှက်တာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲဒီဆဲဆိုရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်း သူ ၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်ခဲ့သလို အယောက် ၃၀ ကျော် ထိခိုကိဒဏ်ရာရရှိပြီး ထိရောက်တဲ့ ဆေးကုသခွင့်မရရှိဘဲ တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းသူ/သားတွေကို ကူညီပေးနေတဲ့ အဖွဲ့ ၈ ဖွဲ့ က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီဖြစ်စဥ်အပြီးမှာတော့ ထောင်ပြောင်းရွှေ့တဲ့အချိန် မူးယစ်ဆေးဝါးတွေ ပါလာတယ်ဆိုပြီးတော့ လုပ်ကြံစွပ်စွဲကာ မူးယစ်အမှုနဲ့ ထပ်တိုးတရားစွဲဖို့လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
” ကျိုက်မရောထောင်ကနေ ပြောင်းကတည်းက သူတို့က ရှာဖွေရေးတွေ အထပ်ထပ်လုပ်တယ်။ အထူးရှာဖွေရေးတွေလုပ်တာ။ ညွှန်ကြားရေးမှုးတွေပါ ပါတယ်။ အဲ့ဒါကို မူးယစ်ဆေးဝါး ပါလာတယ်ဆိုတာ လုံးဝယုတ္တိမရှိတဲ့ အကြောင်းပြချက်ဖြစ်တယ်။ “ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဆဲဆိုရိုက်နှက်ပြီး တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာပို့ခွင့်နဲ့ မိသားစုတွေနဲ့ပါ ဧည့်တွေ့ခွင့်ပေးဖို့ ၊ လုံလောက်တဲ့ ကျန်းမားရေးစောင့်ရှောက်မှုပေးဖို့၊ လုပ်ကြံစွပ်စွဲထားတဲ့ မူးယစ်ဆေးမှုအပါအဝင် ထပ်တိုးအမှုတွေကို ချက်ချင်းပိတ်သိမ်းဖို့ အပါအဝင် အချက် ၅ ချက်ကို ထုတ်ပြန်ချက်ကတဆင့် သတိပေးထားတာလည်း ဖြစ်ပါတယ်။







