ကျောက်တော်ဗုံးကြဲခံရမှူ သေဆုံးသူ ၅၀ နီးပါးရှိလာ၊ တူညီတဲ့ထိုက်တန်မှုမျိုးနဲ့ မကြာခင်လက်တုံ့ပြန်မယ်လို့ AA ထုတ်ပြန်

2

စက်တင်ဘာ၊ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်အုပ်စုဗုံးကြဲလို့ သေဆုံးပြည်သူ ၄၉ ယောက်ထိရှိလာပြီး ဒဏ်ရာရသူ ၅၈ ယောက် ရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုဟာ မနေ့က စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ ကျော်မှာ ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားနားကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

အခုလို စစ်အုပ်စုရဲ့ ပြည်သူတွေကိုတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ AA အနေနဲ့ ပြင်းပြန်းထန်ထန်ရှုတ်ချပြီး သေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

“အမိန့်ပေးသူ၊ အမိန့်လိုက်နာပြီး ပစ်ခတ်တိုက်ခိုက်သူများနှင့် ပါဝင်ပတ်သက် သောသူများအားလုံး၊ ပါဝင်ပတ်သက်ဆက်နွယ်သည့် အဖွဲ့အစည်းများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ အထူးမှတ်တမ်းတင် ထားရှိသကဲ့သို့ တူညီပြီး ထိုက်တန်သော တုံ့ပြန်မှုမျိုးကိုလည်း မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမည်” လို့လည်း AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း စစ်အုပ်စုဟာ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့လို့ ပြည်သူ ၃၃ ယောက်သေဆုံးပြီး ၇၇ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အခုတစ်ခေါက် ကျောက်တော်ဖြစ်စဉ်ကတော့ အစုလိုက်အပြုံလိုက် သေဆုံးသူ ၄၉ ယောက်ထိ ရှိလာတာကြောင့် ဒါဟာ ရခိုင်ပြည်နယ်ထဲ စစ်အုပ်စုက ပြည်သူတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲ သတ်ဖြတ်တဲ့ အများဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာပါတယ်။

အခု ဗုံးကြဲခံရတဲ့နေရာဟာ လူစည်ကားတဲ့နေရာဖြစ်သလို ရခိုင်ပြည်နယ်အနှံ့ တင်ပို့နေတဲ့ ကုန်ပစ္စည်းအများစုကိုလည်း အဲဒီဈေးကတဆင့် ဖြန့်ဖြူးနေပြီး အရပ်သားပြည်သူ အများစုရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here