မောင်လောဒ်အောင်၊ အသက် ၁၈ နှစ်
တနိုင်းအောင်လော့ဒ်ကျေးရွာမှ နောင်နန်း ၁၀မိုင် ဂျော်မဆပ် နှစ်ခြင်းဘုရားကျောင်းသို့ တိမ်းရှောင်လာသူ
ရွာထဲလက်နက်ကြီးတွေ ကျလာလို့ အရမ်းကြောက်ပြီး ရွာကနေ ထွက်ပြေးကြတယ်။ ရောက်တဲ့နေရာတွေမှာ တဲဆောက်ပြီးနေတယ်။ ကိုယ့်မိသားစုအတွက်က ၂ ရက်လောက်ဆောက်ရတယ်။ အရမ်းကြမ်းတမ်းတဲ့ တောလမ်းခရီးမှာ လမ်းလျှောက်ပြီး ထွက်ပြေးရတယ်။ ဖျားနာရင်လည်း ဆေးတွေကမရှိလို့ အရမ်းခက်ခဲ့တယ်။
ဒေါ်ဂျော်ကိန် အသက် ၆၃ နှစ်
တနိုင်းအောင်လောဒ့်ကျေးရွာမှ နောင်နန်း ၁၀မိုင် ဂျော်မဆပ် နှစ်ခြင်းဘုရားကျောင်း သို့ တိမ်းရှောင်လာသူ
ခက်ခဲတာပြောလို့ဆုံးမယ်မထင်ဘူး.. အဲဒီနေ့မှာ အဘွားရဲ့ မြေးနဲ့ နေ့လယ်ထမင်းစားမယ်လို့ လုပ်နေချိန်မှာ ရွာမှာတခါတည်း လက်နက်ကြီးတွေ အကြိမ်ကြိမ်ကျလာတော့ အရမ်းကြောက်ပြီးဗုံးခိုကျင်းမှာ ဗုံးခိုနေရတယ်။ ဘေးအိမ်က ကလေးတွေလည်း မိဘတွေမရှိတော့ အတူတူဗုံးခိုကြတယ်။ လက်နက်ကြီးတွေက အဆက်မပြတ် ကျလာတော့ တောထဲကို ပြန်ထွက်ပြေးသွားကြတာ ရွာမှာက လေယာဉ်နဲ့ဗုံးတွေကျဲနေတာ ဗုံးသံတွေ နည်း နည်းငြိမ်တဲ့အချိန် ညနေဘက်မှာ အဝတ်အစားနဲ့ စောင်တွေသွားယူမယ်ဆိုပြီး အိမ်ပြန်လာတာ လှေခါးပဲ တက်ရသေးတယ် လက်နက်ကြီးတွေပြန်ကျလာတော့ ဘာမှမယူလိုက်ရဘူး ပြန်ထွက်ပြေးလိုက် ပြန်နားလိုက်နဲ့ အဘွားက သူများတွေကိုလည်း မမှီဘူး တောင်ကုန်းအမြင့်ကို တက်ရတော့ ခြေထောက်တွေလည်း အရမ်း နာပြီး ဆက်လျောက်လို့မရတော့ဘူး။ ဒီမှာပဲထိုင်ပြီးသေလိုက်တော့မယ်ဆိုပြီးပြောတော့ သမီးကအမေရယ် ဖြည်းဖြည်းချင်းသွားမယ်ဆိုပြီး ဖြည်းဖြည်းချင်းပြန်လျှောက်လာကြတာ ညနေ ၆ ကျော်မှ ဒွန်ဘမ်မှာ ရောက် တယ်။ သူများတွေက ၂ နာရီမှာရောက်နေကြပြီ။
ဦးဘရန်နန်၊အသက်၄၈နှစ်
တနိုင်းအောင်လော့ဒ်ကျေးရွာမှ နောင်နန်း ၁၀မိုင် ဂျော်မဆပ် နှစ်ခြင်းဘုရားကျောင်း သို့ တိမ်းရှောင်လာသူ
ရွာမှာ လက်နက်ကြီးတွေပစ်လာကတည်းက ကျွန်တော်တို့တွေက သွားနေရတော့တာပဲ။ အစကတော့ ဗုံးခိုကျင်းတွေမှာ ဗုံးခိုကြတယ်၊ လက်နက်ကြီးတွေက အဆက်မပြတ် ပစ်နေတော့ မြစ်ကမ်းနားဘက်မှာ ပြန်သွားပုန်းကြတာ နေရောညရော အဲမှာပဲနေကြတာ။ ပစ္စည်းတွေက ဘာမှမယူခဲ့ရဘူး။ ထမင်းချက်ထားတဲ့ အိုးပဲ ယူလာခဲ့ရတယ်။ နေခင်းဘက်ကျတော့ လေယာဉ်နဲ့ ပြန်ပစ်မှာကြောက်လို့ ခြုံပုတ်မှာပဲ နေနေကြတာ ။ အဲဒီကနေ နေ့တိုင်း ထွက်ပြေးလာခဲ့ရတာ ကြမ်းတမ်းလှတဲ့တောလမ်းခရီးမှာ ရက်ပေါင်း တစ်လလောက် သွားခဲ့ရတယ်။ မသယ်နိုင်ခဲ့လို့ သယ်နိုင်သလောက်ပဲ စားခဲ့ရတယ်။ တောင်တက်တောင်ဆင်းနဲ့ တနိုင်းမြစ် ရေကလည်း ကြီးတော့ လမ်းလည်းမပေါက်တဲ့ တောတောင်တွေကို ကျော်ဖြတ်လာရတယ်။ ကလေးကပိုး ပလိုင်းကလွယ် လမ်းခရီးဝေးတော့ ခက်ခဲပြီး မောပန်းတယ်။
ဒေါ်ထုလွမ်၊ အသက်၄၃နှစ်
တနိုင်းအောင်လောဒ့်ကျေးရွာမှ နောင်နန်း ၁၀မိုင် ဂျော်မဆပ် နှစ်ခြင်းဘုရားကျောင်း သို့ တိမ်းရှောင်လာသူ
ရွာထဲမှာ လက်နက်ကြီးတွေ ပစ်ခတ်လာတော့ ကိုယ်သိတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ တချို့ လယ်ကွင်းမှာ၊ ရွှေမှော်ဘက်၊ တောထဲမှာ တိမ်းရှောင်ခဲ့ကြတယ် ဖြစ်တာနဲ့ ၂ ရက်ကြာမှ ကေဘီစီ ဆရာတွေက အားလုံးကို တစ်နေရာမှာ ပြန်စုပြီး နေနေကြတယ်။ ခမတ်ခူးမှာ တစ်ညအိမ်ပြီး အဲမှာ လုံခြုံမှုမရှိဘူး ဆိုပြီး ဆက်ပြီးသွားကြတာ အဲဒီနေ့က တောင်တစ်တောင်ကို ၄ နာရီလောက်တက်ရပြီးတော့ ၁ နာရီကျော် ပြန် ဆင်းရတယ် အဲဒီတောင်တက်တောင်ဆင်းမှာ ၁ ရက်ရှိသွားပြီ ခမောက်ခူးဆိုတဲ့နေရာမှာ ပြန်ရောက်တယ်။ အဲမှာ လုံခြုံပြီဆိုပြီးနေနေတာ လက်နက်ကြီးသံတွေက ကြားနေဆဲ ဖြစ်တဲ့အတွက်ကြောင့် ကြောက်ပြီး ပြန် ထွက်ပြေးခဲ့တာ အဲဒီကနေ ရတ်ခူးဆိုတဲ့နေရာမှာ ပြန်ရောက်ခဲ့တယ်။ အဲဒီနေရာမှာ ချောင်းရေလည်း အဆင်မပြေဘူး။ အရမ်းခက်ခဲခဲ့ရတယ်။ လူဦးရေ ထောင်ကျော်ရှိတဲ့ လူတွေက အဲဒီကနေ တစ်ချို့က ဧပြီ ၂၈ ရက်နေ့ကနေ ပြန်သွားခဲ့တာ ဆွတ်အောင်မှာ ရောက်ပြီး အဲဒီမှာ အိပ်ခဲ့ရတယ်။ အဲဒီကနေ ဆိုင်းနန်မှာ မရောက်နိုင်ခဲ့လို့ လမ်းမှာအိပ်ခဲ့ရတယ်။ သူများတွေ ၁ ရက်ပဲ သွားရတဲ့လမ်းမှာ ကျွန်မတို့က ၂ ရက်လောက် သွားခဲ့ရတယ်။ လမ်းတွေမှားပြီး တစ်နေ့လုံး လမ်းမှားပြီး လမ်းသိတဲ့သူကိုပြန်ခေါ်ပြီး ပြန်သွားခဲ့ရတယ်။ တောင်တက်တောင်ဆင်း မြစ်ရေတွေဖြတ်ခဲ့ရတယ်။ ခတေခရာဆိုတဲ့ နေရာမှာ တစ်ညအိပ်ခဲ့ပြီး မဂျီဘွမ် ဆိုတဲ့နေရာ သွားခဲ့ကြတာ အဲဒီလမ်းက အခက်ခဲဆုံးပဲ။ တောင်တက်တာ နဖူးက တောင်မှာ တိုက်တော့ မလိုလိုပဲ အသက်နဲ့ရင်းပြီး သွားခဲ့ရတယ်။ လမ်းကျဉ်းမှာ ခြေချော်ရင် ချောက်ထဲပြုတ်ကျတောမလိုလိုပဲ။ အရမ်းကြောက်အရမ်းစိုးရိမ်ပြီး ဖြတ်ခဲ့ရတယ်။ အဲမှာကိုယ်ဝန်ဆောင်မိခင်တွေပါတယ်။ ကလေးငယ်တွေကို ပိုးရတယ် ထမ်းရတယ်။ ခြုံပုတ်တွေကို တိုးပြီး ဖြတ်ရတယ်။ မိုးကရွာ မျှော့တွေက ပါးစပ်တွေမှာ၊ နဖူးတွေမှာ ကပ်ပါလာတာ အဲဒီနေရာက အရမ်းကြောက်ရတဲ့ နေရာမှာ ကျမတို့သွားခဲ့ရတယ်။ ဒါပေမယ့် ဘုရားကျေး ဇူးတော်ကြောင့် တစ်ယောက်မှ ဘာမှမဖြစ်ခဲ့ဘူး။ အဲဒီကနေ မဂျီဘွမ်ဆိုတဲ့နေရာမှာ ရောက်ခဲ့ကြတယ်။ အဲမှာအရမ်းမောပြီး ၁ ရက်နားခဲ့ပြီး နောက်နေ့မှာပဲ ခရီးပြန်ဆက်ခဲ့ကြတယ်။ ကော်ရီဘွမ်ဆိုတဲ့နေရာ ၂ ရက်သွားရမယ့် ခရီးကို ၁ ရက်နဲ့ သွားခဲ့ကြတယ်။ အဲဒီမှာတစ်ညအိမ်ပြီး ဒွန်ဘမ်လမ်းကို ရောက်ခဲ့တယ်။ ဒွန်ဘမ်မရောက်ခင်က ဒွန်ဘမ်အသင်းတော်က လာကြိုခဲ့တယ်။ ရိုမန်ကက်သလစ်တွေက တနိုင်း ရောက် သွားတယ်။ လဝါး၊ မိုးကောင်း၊ နမ္မတီးတွေမှာ ရောက်သွားကြတာ။ တောလမ်းခရီးကို တစ်လလောက်သွား ခဲ့ရတယ်။ တောမှာ ကလေးမွေး တဲ့သူ နှစ်ယောက်ရှိနေခဲ့ သေးတယ်။ ခက်ခဲတာက အဆုံးရောက်သွားပြီ။
ဒေါ်ဆိုင်းဂျာ (အောင်လောဒ်ရွာမှ ဂျော်မဆတ်နှင်းခြင်းအသင်းတော်သို့ တိမ်းရှောင်လာသူ )
ကျည်ဆံတွေကျတာက ဧပြီ ၁၁ရက်နေ့ ၂နာရီမှာ လေယာဉ်ပေါ်က လက်နက်ကြီး လာပစ်ချတဲ့အချိန် ရွာသား ၃ ယောက် ထိခိုက်ဒဏ်ရာရတယ်။ အင်ပေါက်နော်ရိန့်က အဲဒီမှာ ချက်ချင်းသေသွားတယ်။ အဖေက ဒဏ်ရာ ရတယ် အခုဒီမှာပါတယ်၊ အဲဒီည ၂နာရီမှာ အဲလိုတွေဖြစ်တော့ ရွာကလူတွေအားလုံးက လယ်ကွင်းဘက်ကို ပြေးတယ်၊ တချို့က ဆန်တွေကို အဆင်သင့်လုပ်ထားတဲ့သူတွေရှိတယ်။ ဆန်ကို ဆိုင်ကယ်နဲ့သယ်တဲ့သူ တွေလည်းရှိတယ်၊ ဒါပေမဲ့ ဆွတ်ရိန် ဆွတ်ရာ ကျေးရွာက လူတွေက ဘာမှမယူနိုင်ဘဲပြေးကြတယ်၊ လက်နက်ကြီးတွေ ဘုရားကျောင်းဘေးတွေမှာ ကျတယ်၊ အိမ်နားတွေမှာ ကျတယ်၊ ကျတဲ့အတွက်ကြောင့် ကိုယ့်ပိုက်ဆံအိတ်တွေကိုတောင်မယူနိုင်ဘူး၊ အဝတ်အစားလဲဖို့တောင်မယူနိုင်ဘဲ ထွက်ပြေးလာကြတယ်၊ တချို့က လယ်ကွင်းဘက်ရောက်လာကြတယ်၊ တချို့က တခြားနေရာကို ပြေးသွားကြတယ်၊ ပြေးကြတဲ့အချိန် တောင်ပေါ် အရမ်းတက်ရတယ်ဆိုတော့ သက်ကြီးရွယ်အိုတွေက မတက်နိုင်ကြတော့ဘူး။ တော်တော်အခက် အခဲဖြစ်တယ်၊ လူများတဲ့အတွက်ကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့အချန်ဆို ကုန်ပစ္စည်းတွေကို လည်း အဆင့်ဆင့် ပြန်သယ်ယူရတယ်၊ ရေမရှိလို့ မြစ်ချောင်းက မသန့်တဲ့ရေတွေ သောက်မိတာကြောင့် နှစ်ပတ်လောက်ဖျားနာ တာတွေ ဖြစ်ကြတယ်၊ ဖျားနာတာသက်သာလာတဲ့အခါ ဒီမှာ မလုံခြုံတော့ဘူး ထွက်လမ်းရှာတော့ရအောင် နည်းလမ်းတွေရှာကြတယ်၊ တနိုင်းချောင်းအတိုင်းလိုက်ပြီး လျှောက်လာကြတယ်တဲ့အချိန် ဆိုင်းနန်း ရွာ ကိုတွေ့တယ်၊ နောက်တော့ မဂျီဘွမ်ရောက်အောင်သွားတယ်၊ ဂေါင်ရီဘွမ်ရောက်တယ် အဲဒီအချိန် ကိုယ်ဝန်သည်မိခင်တွေ မွေးရက်စေ့တဲ့အတွက်ကြောင့် အရမ်းဒုက္ခရောက် ရတယ။် တနေကုန် လမ်းလျှောက်ရတဲ့အတွက်ကြောင့် ခြေထောက်ရောင်ရမ်းတာ တွေ ဖြစ်တယ်၊ အဲဒီကနေ ဖုန်းနဲ့ အဆက်အသွယ်လုပ်တယ် မြစ်ကြီးနားက ဘာသာရေးဆရာတွေကို အကူအညီတောင်းတယ်။ ဂေါင်ရီဘွမ်ကနေ ဒွန်ဘမ်ချောင်းအထိ လမ်းလျှောက်လာခဲ့ကြတယ်။ ဒွန်ဘမ်နှစ်ခြင်းအသင်းတော်က လူငယ်တွေ ချောင်းမှာ လာကြိုတယ် အဲ့ဒီကတဆင့် အခုဒီမြစ်ကြီးနား ဂျော်မဆတ် နှစ်ခြင်းတော်ကို ရောက်ခဲ့တာပါ။
ဒေါ်လဖိုင်ဂျာပရီ (အောင်လောဒ်ရွာမှဂျော်မဆတ်နှစ်ခြင်းတော်သို့ တိမ်းရှောင်လာသူ)
ဘာမှတောင်မပြောတတ်တော့ဘူး။ လမ်းခရီးအခက်အခဲက နှိုင်းယှဉ်ပြီးပြောစရာတောင် မရှိတော့ဘူး၊ ကျမတို့က တနိုင်းချောင်းအကြိမ်တစ်ရာလောက်ဖြတ်ကူးရတယ်၊ ကမ်းပါးအမြင့်ကြီးကို တက်ရတယ်၊ မိုးရွာနေတဲ့ကြားမှာ လည်းထမင်းချက်စားရတယ်။ တဲအိမ်မရှိတော့ ဝါးတွေကိုခုတ်ပြီး ယာယီနေဖို့လုပ် ရတယ်။ကလေးတွေလူကြီးတွေ ဖျားတယ်၊ မြေကြီးထဲ အိပ်ရတာဆိုတော့ ကျန်းမာရေးကိုတအားထိခိုက်တယ်၊ ငှက်ဖျားဖြစ်တယ်။ အဒေါ့်သမီးကအခုလည်းငှက်ဖျားဖြစ်နေတယ်၊ တစ်ခုက ဓမ္မဆရာတွေနဲ့အတူဆိုတော့ စိတ်ပျော်ရွှင်တယ်၊တောထဲက ထွက်နိုင်ဖို့ ဆုတောင်းကြတယ်။
ဂျာကရှင် ဂမ်အောင် (Jakashin Gam Awng) အသက် ၇၈ နှစ်၊ ဇွပ်မိုင်ယန်ရွာ။
အင်ဂျန်းယန်မြို့နယ် ဇွပ်မိုင်ယန်ရွာမှ ထြီနီတီနှစ်ခြင်းအသင်းတော်ကျောင်းဝင်းသို့ လာရောက် တိမ်းရှောင်နေသူ
ဧပြီလ ၂၅ ရက်နေ့မှာ မင်္ဂလာဆောင်သွားဖို့ အင်္ကျီတွေလျော်ပြီး အဆင်သင့်ထုပ်ထားတာ အဲဒီအချိန် အုပ်ချုပ်ရေးမှူးက ဂွေထော်ဘက်မှာ တပ်မတော်စစ်ကြောင်းတွေ အများကြီးဝင်လာနေတယ် ဒီမနက်ကနေ အခုချိန်ထိ ဝင်လာနေဆဲဖြစ်တယ်ဆိုပြီး လာပြောတော့ မင်္ဂလာဆောင်ပွဲလည်းမသွားဖြစ်တော့ဘူး။ ခြံဘက်သွားမယ်ပြောတော့ မကြာနဲ့လို့မှာလိုက်တော့ တိုင် ၃ တိုင်ပဲစိုက်ပြီး ပြန်လာတာ၊ လမ်းမှာ တပ်မတော် စစ်ကြောင်းနဲ့ တွေ့လိုက်တယ်။ အရမ်းကိုများနေတော့ အံသြနေတာ ဂိတ်ကိုသွားမေးကြည့်တော့ တပ်ပြောင်းတာလို့ပြောတယ်။ ဒါမဲ့သူတို့ကိုကြည့်တော့ တပ်ပြောင်းတာမဖြစ်နိုင်ဘူးဆိုပြီးမှ ပစ္စည်းတွေ သိမ်းရအောင်ဆိုပြီး လုပ်နေတာ ည ၈ နာရီလောက်မှာ ရွာသားတွေအားလုံးစုပြီး အုပ်ချုပ်ရေးမှူးအိမ်၊ ကျွန်တော်အိမ်၊ အင်တပ်အိမ် နဲ့ ဖော်ဒါအိမ်မှာ တွေစုပြီးအိပ်ကြတယ် အိပ်တဲ့သူတွေ လည်းအိပ်သွားပြီ ကေအိုင်အေဘက်ကိုလည်း မေးကြည့်ရအောင်ဆိုပြီး တစ်ဖက်ကမ်းမှာရှိတဲ့ ကေအိုင်အေစခန်းကိုမေး ကြည့်တော့” ကျွန်တော်သက်ကြီးရွယ်အို ကလေးငယ်တွေပါတဲ့အတွက်ကြောင့် မနက်ဖြန်မိုးလင်းမှ သွားမယ်လို့ပြောတော့ သေနတ်က ဘယ်ချိန်ဘယ်ကကျလာမယ်ဆိုတာမသိနိုင်ဘူး” လို့ပြောတော့ အဲဒီညမှာပဲ ဧပြီ ၂၅ ရက်ည ၁ နာရီလောက်မှာ ထွက်ပြေးခဲ့ကြတယ်။ ဝတ်မယ်လို့ ထုတ်ထားတဲ့အင်္ကျီတွေလည်း မဟုတ် တဲ့ အထုတ်ကိုမခဲ့တော့ ဒီရောက်တော့ ဝတ်မယ့်အင်္ကျီတွေလည်းမပါလာတော့ ခက်ပြီလေ။ ဖုန်ဆွေယန်အဖွဲ့ ကိုစောင့်ရမယ်ဆိုပြီး ခဏစောင့်ပြီး အားလုံးခြေလျင်နဲ့ ထွက်လာကြတာ ဘွမ်နမ့်ယန်မှာ ၂ နာရီကျော်မှာ ရော က်လာကြတယ်။ အဲမှာအိမ်တွေ ကျောင်းတွေမှာ ပြန်အိပ်ကြတယ်။ အဲဒီမှာထမင်းချက်စားပြီး ပြန်ဆက် သွား ကြတာ ကျွန်တော်က လမ်းလျောက်လို့လည်းမရဘူး။ အကြောသေလို့ လမ်းလျောက်ဖို့အရမ်းခက်တယ်။ ကလေး တွေကလည်း အစလမ်းလျောက်တယ်ဆိုတော့ အရမ်းမြန်တာ ကျွန်တော်က မြန်မြန်သွားဖို့လည်းမရဘူး ဖြေးဖြေးချင်း သွားနေတာ အင်တပ်အမျိုးဆိုတဲ့ကောင်လေးက အဖိုးကို ဆိုင်ကယ်နဲ့ လာကြိုပေးတယ်။ အဖိုးရဲ့ဒုတ်ကောက်က ဆိုင်ကယ်မောင်းတဲ့သူကို ရိုက်မိရိုက်မိဖြစ်လို့ ဒုတ်ကောက်လည်း ပစ်လိုက်တာ ဆင်းလာတာ စောစော ထွက်ပြေးပါလို့လည်းမပြောကြတော့ ရုတ်တရက် ပြေးလာကြတော့ အားလုံးထားခဲ့ပြီး ကိုယ့်အသက်လွတ်ဖို့အတွက်ပဲ ပြေးခဲ့ရတယ်။ အရမ်းခက်ခဲတယ်။ ရွာမှာကျန်နေတာက ဆဘော်တူး (Sabaw Tu)၊ လထော်နော်ရိန်း( Lahtaw Naw Ring)၊ ခလမ်လ (Hkalam La)၊ သူတို့က နေ့စားအလုပ်သွားလုပ်နေလို့ သင်းထောက်လယန်နော် (Hpt.Layang Naw)က လမ်းလျှောက်လို့ မရဘူး။ သူတို့ခေါ်လာဖို့လည်း သူ့မြေးတွေက ငယ်သေးတော့ သူ့ကိုကျန်ထားခဲ့တာ ။
ဂရန်လုအောန် (Kareng Lu Awn)၊ အသက် ၈၅ နှစ်၊ မလိအင်မိုင်ဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူ
ဒီမှာ ၂၆ ရက်မနက်မှာ ရောက်လာတာ၊ ၂၅ ရက်ညကနေ ထွက်ပြေးတိမ်းရှောင်လာတာ အဖွားတို့က တောမှာပဲ တိမ်းရှောင်မယ်ထင်နေတာ ဒီဘက်ရောက်လာနိုင်မယ်လို့မထင်ထားဘူး။ တပ်မတော်စစ်ကြောင်းတွေက အများကြီးလာနေတော့ ညသန်းခေါင် ၁၂ လောက်မှာ ကလေးတွေကအားလုံး အိပ်နေပြီလေ၊ အဖွားကတော့ မအိပ်နိုင်ဘူး၊ စိတ်မကောင်းလို့ ဘယ်လိုဖြစ်မလဲဆိုပြီး စိုးရိမ်နေတာ။ အဖွားတို့က မနှစ်က တောင်ယာမှာ အိပ်ကြတာ ဒီညနေ မိုးမလင်းခင် အင်ဂျန်းမြစ်တစ်ဖက်ကမ်းမှာရောက်ရမယ်ဆိုပြီး ပြောတော့ အဖွားက မျက်စိလည်း မမြင်တော့ သမီးတွေ တွဲတဲ့ဘက်ကို လျောက်လာတာ။ တပ်စခန်းရှိတဲ့နေရာ ဘက်ကနေ ဖြတ်သွားတယ်။ သူတို့မမြင်လိုက်တော့ ဘာမှမဖြစ်ကြဘူး။ ဘာပစ္စည်းမှမယူခဲ့ရဘူး။ တပ်မတော်စစ်သားတွေ ရောက်လာမှာလည်း ကြောက်၊ လမ်းပိတ်သွားမှာလည်းကြောက်ဆိုတော့ အဲလိုလာခဲ့ကြတယ်။ မိုးလင်းခါနီးမှာ ဘွမ်နမ်ယန်မှာရောက်ခဲ့ကြတယ်။ အဖွားမြေးတွေကလည်း မသွားနိုင်တော့ဘူးမောတယ်ဆိုပြီး ငိုတယ်။ ထမင်းလည်းကောင်းကောင်း မစားရတော့ သူတို့ကိုလည်းသနားတယ်.. အဲလိုပဲဆက်ပြီး ထွက်ပြေးလာကြတာ.
အင်ခွမ်ကောအိန်( Nhkum Kaw Ing) အသက် ၄၀ ဇွပ်မိုင်ယန်
တပ်မတော်ဘက်က စစ်အင်အားတွေတိုးချဲ့လာတဲ့ ဧပြီလ ၂၅ ရက် ည ၂ နာရီလောက်နေကနေ ခြေလျင် ထွက်ပြေးတိမ်း ရှောင်လာတာ။ ဘွမ်နမ့်ယန်မှာ ရောက်လာကြတယ်။ အဲဒီမှာထမင်းတွေချက်စားပြီး နေနေတာ၊ ဗုံးသံတွေပြန်ကြားတော့ ဆက်ပြီးဂွေထော်အထိလမ်းလျောက်ပြီး လာခဲ့ကြတာ၊ ဘယ်နာရီလမ်းလျောက် လိုက်တယ်ဆို မသိတော့ဘူး မိုးချုပ်မှရောက်လာကြတာ.ဆိုင်ကယ်မရှိတဲ့သူတွေက ကလေးကပိုး အိပ်တွေလွယ် တိုးလို့တွဲလောင်းနဲ့ ခြေလျင်လမ်းရောက်လာခဲ့ရတယ်။ ဖျားနာသူတွေလည်းပါတော့ အရမ်းကို ခက်ခဲခဲ့ရတယ်။
ဒိန်ရိန်နော်မိုင် (Din Ring Naw Mai) အသက် ၃၅ နှစ် ဇွပ်မိုင်ယန်
ဧပြီ ၂၅ ရက်ည ၁ နာရီကနေ ထွက်လာကြတယ်။ ၂၅ ရက်မနက်မှာ ရောက်လာတဲ့ စစ်ကြောင်း က ရွာထဲမဝင် လာဘူး ဒါပေမဲ့ညနေမှာရောက်လာတဲ့ စစ်ကြောင်းက ရွာမှာဝင်လာတယ်။ တပ်ပြောင်းလို့ပြောပေမယ့် စစ်သားတွေ က အများကြီးဆိုတော့ KIA ဘက်ကလည်း အခြေအနေမကောင်းဘူး။ နင်တို့တိမ်းရှောင် ရင်ကောင်း မယ်လို့ပြောတော့ ရွာသားတွေကို စုပြီးည ၁ နာရီမှာ ထွက်လာကြပြီးတော့ ရွာနဲ့နီးတဲ့ ဘွမ်နမ်ယန် မှာ ရွှေ့ပြီးအိမ်ကြတယ်။ မနက် ၉ နာရီလောက်မှာ ရွာမှာပြန်သွားကြည့်တော့ ဘုန်းကြီး ၂ ပါးကလည်း တိမ်း ရှောင်လာနေပြီး သူတို့ကိုမေးကြည့်တော့ တိုက်ပွဲတွေဖြစ်တော့မယ်ဆိုပြီး ဘွမ်နမ်ရွာမှာ ပြန်သွားနေလိုက် တယ်။ အဲဒီမှာအကြာကြီးနေနေတာ တိုက်ပွဲတွေက ဖြစ်လာတော့ အားလုံးခြေလျင်နဲ့ပြန်သွားလိုက်ကြတာ ၂၆ ရက်ညမှာ တန်ဖရဲမှာအိပ်ပြီး ဒီမှာက ၂၇ ရက်မနက်မှာ ရောက်လာခဲ့တာ။ အခုက အင်ဂိုင်းကောင်ရွာက ဒေသခံအချို့ကို အင်ဂျန်းယန်မှာ ဘုရားကျောင်းမှာ တပ်မတော်က ထားထားတယ်လို့ကြားတယ်။ အများဖြင့် အင်ဂျန်းယန်ဒေသ ခံတွေကျန်နေတယ်။ အင်ဂိုင်းကောင်ရွာသား တွေက ၁၀ အိမ်ထောင်စုရှိ နေတယ်လို့ကြားနေရတယ်။
ဂါးရိန်းဆိုင်းနန် (Garing Seng Nan) အသက် ၄၉ နှစ် အင်ဂွမ်လရွာ
အင်ဂွမ်လရွာမှာ လေယာဉ်တွေလာတော့ ကြောက်လို့ထွက်ပြေးလာခဲ့တာ။ မနက်မိုးမလင်းခင်မှာ တောထဲမှာ သွားပုန်းနေတာ မိုးချုပ်မှ အိမ်ကိုပြန်လာကြတယ်။ ဧပြီ၂၅ရက်နေ့မှာအင်ဂွမ်လ ကေအိုင်အေတပ်ရင်း ၁ မှာ လေယာဉ်တွေနဲ့ လာပစ်တော့ ကျွန်မတို့ ရွာနဲ့တစ်ဆက်တည်းလေ.. လက်နက်ကျည်တွေကြောက်လို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာ။ ၂ ရက်လောက်က မနက်မိုးမလင်းတဲ့အချိန်မှာ ထမင်းတွေချက်ပြီး တောထဲမှာ နေကြတာ ညမိုးချုပ်မှအိမ်ပြန်လာပြီးချက်စားကြတာ။ ဟိုဘက်ဒီဘက်မှာ စစ်အင်အားတွေ များလာတော့ လေယာဉ်တွေနဲ့လည်းပစ်တော့ အရမ်းကြောက်ပြီး ပြေးလာကြတာ။ ဘာပစ္စည်းတွေမှ လည်းမပါခဲ့ဘူး။
ဆင်ငိုင်လုအောန် (Sin Ngai Lu Awn) အသက် ၉၁ နှစ် ဂါဒဇွပ်ရွာ
ဂါဒဇွပ်ကနေ ညမိုးချုပ်မှာ လမ်းလျောက်ပြီး ဘွမ်နမ်ရွာကို သွားခဲ့ကြတယ်။ အဲဒီကနေ အဖွားကို ဆိုင်ကယ်နဲ့ လာခေါ်ပေးခဲ့တယ်။ အဲဒီကနေ ဂွေထော်ရောက်တယ်။ ဂွေထော်တဖက်ကမ်းရောက်တော့ အဲကနေ ကားနဲ့ပြန်ကြိုပေးခဲ့တယ်။ အဖွားတို့ရွာက ဒီဘက်မှာ တပ်မတော်စခန်း၊ တဖက်မှာက ကေအိုင်အေစခန်း အင်ဂျန်းခမြစ်ပဲခြားတာဆိုတော့ တိုက်ပွဲတွေဖြစ်လာတော့ ကြောက်ပြီးပြေးလာခဲ့ကြတာ။ အဘွားက ခါးကုန်းသွားလို့ လမ်းမလျောက်တာအရမ်းကြာသွားပြီ။ ဘယ်မှလည်း မသွားဘူး။ ဒါပေမဲ့ညမှာပဲ လမ်း လျောက်ပြီး ထွက်ပြေးလာခဲ့ရတာ။
ဂွမ်တုန်တူးဂျာ (Gum Tung Tu Ja) အသက် ၅၂ နှစ် တန်ဘောင်ယန်
ဧပြီ ၂၅ ရက်နေ့မှာ တိမ်းရှောင်လာခဲ့တာ သေနတ်သံတွေတော့ မကြားမိဘူး။ ဒါပေမဲ့သူငယ်ချင်းတွေအားလုံးက ထွက်ပြေးကြတော့ သေနတ်သံမြည်တာက ဂါဒဇွပ်ဘက်၊ ဖုန်ယန်ဘက်လေ။ ဒါပေမဲ့ရွာနီးကရွာသားတွေအား လုံး ထွက်ပြေးကြတော့ စိုးရိမ်တယ်လေ။ နောက်ပြီး နှစ်ဖက်တပ်ကနေ တိုက်ပွဲဖြစ်လို့ ဂွေထော်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်လာရင်တော့ လက်နက်ကျည်ဆံတွေထိမှာစိုးလို့ ထွက်ပြေးလာခဲ့တာ။







