မောင်တောက ပြည်သူ ၂၀,၀၀၀ ကျော်ကို AA ကယ်ထုတ်ထားတယ်လို့ဆို

197

 

ဩဂုတ်၊ ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ပြည်သူလူထု ၂၀,၀၀၀ ကျော်ကို ကယ်ထုတ်ထားတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ဆိုပြီး AA က မနေ့က ဩဂုတ်လ ၁၈ ရက်နေ့ညပိုင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးတော့ အဲဒီထဲမှာ ဒုက္ခသည်အခြေအနေတွေကိုပါ ဖော်ပြထားတာပါ။

ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခဲ့သည်။ မိမိတို့အနေဖြင့် မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက် ကယ်တင် နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိသည်။ လို့လည်း AA က ဆိုပါတယ်။

AA ဟာ မောင်တောမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲမှာဖြစ်တာကြောင့် ပြည်သူတွေ မြို့ထဲကနေထွက်ကြဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ အခုအချိန်ထိ မောင်တောဒေသမှာ AA ရဲ့ ထိုးစစ်နဲ့ စစ်ကောင်စီရဲ့ ခုခံစစ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

AA ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဟာ တခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA ၊ RSO ၊ ARA စတဲ့အဖွဲ့တွေနဲ့အတူ မောင်တောမြို့ထဲမှာရှိနေပြီး ပြည်သူတွေကိုလည်း စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းထားတာကြောင့် နေ့တိုင်းကယ်ထုတ်နေရတယ်လို့ ဆိုပါတယ်။ (ARSA – Arakan Rohingya Salvation Army/ RSO – Rohingya Solidarity Organization/ ARA – Arakan Rohingya Army)

ရိုဟင်ဂျာ အရေးဆောင်ရွက်သူ ရိုနေဆန်းလွင်ကတော့ AA ထိန်းချုပ်နယ်မြေကို ရောက်သွားတဲ့သူတွေဟာ စားသောက်နေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းတုန်းက သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။

AA ထိန်းချုပ်နယ်မြေကို ရောက်ရှိသွားတဲ့ လူအချို့နဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ သူတို့က ဒုညောင်ပင်ကြီးနဲ့ ပဒင်းရွာတွေမှာပါ။ သြဂုတ်လ () ရက်နေ့ကစပြီး ရိုဟင်ဂျာတစ်သောင်းလောက် အဲဒီရွာတွေကို ရောက်သွားကြတယ်။ ရွာတွေရဲ့အခြေအနေကတော့ တော်တော်လေး ဆိုးရွားနေတယ်။ ရောက်သွားတဲ့လူတွေထဲက တစ်ဝက်လောက်က ဝမ်းပျက်ဝမ်းလျှော၊ ဖျားနာ၊ အော့အန်ခြင်းတွေ ခံစားနေကြရတယ်။ ဆရာဝန်၊ ဆေးဝါးမရှိတဲ့အပြင် ပါရာစီတမောလို ဆေးတောင်မရှိဘူး။ လို့ ရိုနေဆန်းလွင်က ရေးသားထားတာပါ။

အဲဒီနောက် ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ AA ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက စစ်ဘေးဒုက္ခသည်တွေ အတွက် ဆေးဝါးလိုအပ်မှုတွေရှိနေတာကြောင့် ကူညီပေးကြဖို့ဆိုပြီး နိုင်ငံတကာကို ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုခဲ့ပါတယ်။

မောင်တောမြို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့မြို့ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄၀,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) ကတော့ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာတဲ့သူ ၃ သန်းဝန်းကျင်လောက်ရှိနေပြီး လတ်တလောနေရပ်စွန့်ခွာသူအများစုဟာ မိုးရာသီမှာ အမိုးအကာမရှိဘဲ နေထိုင်နေကြတယ်လို့ ဩဂုတ်လ တတိယပတ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here