စက်တင်ဘာ၊၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်နေပြီး ရဲစခန်းတစ်ခုပဲ ကျန်တော့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကနေ မြေပြင်အပြင် လေကြောင်းနဲ့ပါ နေ့စဉ် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြန့်ကြာမှုတွေရှိနေတာလို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကနေ Mi 17, Mi 35, A 5, Yak 130, Y 12 စတဲ့လေယာဉ်အမျိုးအစားတွေနဲ့ မြို့အတွင်း ဗုံးတွေကို ကြဲချတိုက်ခိုက်နေတဲ့အပြင် မြို့သိမ်းတိုက်ပွဲ မတိုင်ခင်ကတည်းက စစ်ကောင်စီတပ်သားတွေဟာ တစ်မြို့လုံးက နေအိမ်တွေကိုလည်း မီးလိုက်ရှို့နေကြတယ်လို့လည်း ဆိုပါတယ်။
“လေယာဉ်ကတော့ မျိုးစုံပဲ။ မြန်မာနိုင်ငံမှာရှိတဲ့လေယာဉ်နဲ့ အကုန်လာပစ်သလားတောင် မှတ်ရတယ်။ တိုက်နေပါတယ်။ ရခါနီး လေကြောင်းကလာတိုက်လို့ စောင့်နေရတာ။“ လို့ ရှေ့တန်းသတင်းရင်းမြစ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
လတ်တလောမှာ တိုက်ပွဲဖြစ်နေဆဲ အခြေအနေဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ထိသေဆုံးမှုနဲ့ ဖမ်းဆီးရမိသူ အရေအတွက်အပြင် သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ အမျိုးအစားတွေကိုတော့ မသိနိုင်သေးဘူးလို့ အထက်ပါသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကသာ၊ အင်းတော်၊ ထီးချိုင့်စတဲ့ မြို့နယ်အတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်နေနဲ့ စစ်ကောင်စီတို့ ဩဂုတ်လ တတိယအပတ်လောက်ကတည်းက တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဓါတ်ပုံ- လေကြောင်းတိုက်ခိုက်မှုကြောင့် စော်ဘွားကန်အနီးက နေအိမ်များ ထိခိုက်ပျက်းစီးနေစဉ်။







