နောင်မွန်မြို့မှာ ကုန်ကားတွေ ပြန်ဝင်နေပြီဖြစ်ပေမဲ့ ဒေသတွင်းမှာ ကုန်ပစ္စည်း လိုသလောက်မရနိုင်သေး

117

 

စက်တင်ဘာ၊ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ကုန်ကားတွေ ပြန်ဝင်နေပြီဖြစ်ပေမဲ့ ဒေသတွင်းမှာ ကုန်ပစ္စည်း လိုသလောက်မရနိုင်သေးသလို ဈေးနှုန်းတွေလည်း သိသိသာသာ ကျဆင်းသွားတာလည်း မရှိသေးဘူးလို့ သိရပါတယ်။

ပူတာအိုဘက်ကနေ ကားတွေ ပုံမှန်ဝင်လာတာ တစ်ပတ်ကျော်လောက် ရှိလာပြီဖြစ်ပေမဲ့ ကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေဟာ အရင်လိုအစုံအလင်မရနိုင်သေးဘဲ ဈေးကြီးမြင့်နေဆဲ ဖြစ်တယ်လို့ နောင်မွန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ကားကရောက်လာပေမဲ့ ကုန်ပစ္စည်းက မစုံဘူးပေါ့နော်။ လိုသလောက်ရတာတော့ မဟုတ်ဘူး။ ရောက်လာသလောက်လည်း ဈေးကအရမ်းကြီးတော့ ပြည်သူတွေလည်း အရင်ကလို မဝယ်စားနိုင်ဘူး။ ဈေးက အရမ်းတော့ မကျသွားဘူး။ လို့ဆိုပါတယ်။

လက်ရှိအချိန် နောင်မွန်မြို့မှာ စားသုံးဆီ တစ်ပိဿာဘူး တစ်ဘူးကို ကျပ်သုံးသောင်း၊ ငွေတိုးဆန်တစ်အိတ် ကျပ်နှစ်သိန်းသုံးသောင်းရှိနေဆဲအပြင် ဓာတ်ဆီတစ်ဂါလံ ကျပ်ခြောက်သောင်းလောက်ထိ ဈေးရှိနေသေးတယ်လို့ သိရပါတယ်။

ရေခဲငါးနဲ့ CP ကြက်တွေလို သားငါးတွေလည်း ရရှိဖို့ခက်ခဲနေပြီး အရင်က ကိုးထောင်ကျပ် သာရှိတဲ့ အန္ဒိယထုတ် ဖိနပ်တစ်ရံလည်း လက်ရှိမှာတော့ နှစ်သောင်းကျော်လောက်ထိ ဈေးမြင့်တက် သွားတယ်လို့လည်း သိရပါတယ်။

အစစအရာရာ ဈေးကြီးမြင့်နေတာကြောင့် ငွေကြေးခက်ခဲတဲ့ဒေသခံတွေအဖို့ အရင်လို ဝယ်မစားနိုင်တဲ့ အခြေနေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလော နောင်မွန်မြို့မှာ ဖျားနာမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ဆေးဝါးတွေရရှိဖို့ ခဲယဉ်းတာကြောင့် ကျန်းမာရေးပိုင်းဆိုင်ရာမှာ အခက်အခဲဖြစ်နေရတယ်လို့လည်း ဒေသခံက ဆက်လက် ပြောပါတယ်။

အရမ်းဖျားနေကြတယ်။ ဆေးလည်းမရောင်းတော့ ပါရာပဲသောက်ပြီးနေတာ။ ခေါင်းလေးလုံး တစ်ကဒ်တောင် နှစ်ထောင့်ငါးရာ ဒါတောင် မဝယ်နိုင်ဘူး။ ကလေးတွေလည်း အရမ်းဖျား ကြတယ်။ လို့ဆိုပါတယ်။

နောင်မွန်ပြည်သူ့ဆေးရုံမှာလည်း ဆေးဝါးအစုံအလင်မရှိသလို ဆရာဝန်လည်းမရှိတဲ့အတွက် ဒီနောက်ပိုင်း ဖျားနာတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ပူတာအိုမြို့ဘက်ပဲ သွားရောက်ကုသနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ ပူတာအိုနဲ့ နောင်မွန်ကြား ကားခ အတက်ကို တစ်သိန်းကျပ် အဆင်း ရှစ်သောင်းကျပ်ပေးပြီး သွားလာနေရတဲ့အခြေအနေပါ။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here