တနိုင်းမြို့မှာ စက်သုံးဆီဆိုင်တွေ ပြန်ဖွင့်နေပေမဲ့ ဈေးနှုန်းတွေ မကျသေး

20

 

စက်တင်ဘာ၊၂၆

ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ စက်သုံးဆီဆိုင်တွေ ပြန်ဖွင့်နေပေမဲ့ စက်သုံးဆီဈေးတွေ မကျသေးသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စက်သုံးဆီတစ်ဂါလံ လေးသောင်းကျပ် ရှိနေဆဲဖြစ်ပြီး ကြက်ဥတစ်လုံး တစ်ထောင့် ငါးရာကျပ်၊ စားသုံးဆီ တစ်ပိဿာကို သုံးသောင်းခြောက်ထောင်နဲ့ တခြားအသားငါးတွေလည်း ရရှိဖို့ခက်နေသေးသလို ဈေးကြီးမြင့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဈေးဆိုင်တွေလည်း ဖွင့်လှစ်ပေမယ့် ကုန်ပစ္စည်းအစုံအလင် မရှိတဲ့အပြင် အသားငါးနဲ့ကုန်ခြောက်တွေ ဈေးကြီးမြင့်နေမှုနဲ့အတူ ကုန်စိမ်းတွေလည်း နဂိုကထက် ဈေးကြီးပေးဝယ်စားနေရတယ်လို့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

ရေခဲငါးလည်း အရမ်းဈေးကြီးတယ်။တစ်သောင်းဖိုး နည်းနည်းပဲရတယ်။ ဈေးဖွင့်ပေမဲ့ ပစ္စည်းတွေ ဘာမှမရဘူးအရင်ကလို သူတို့မှာရှိတာနဲ့ ဝင်တာပဲ ရောင်းနေတာ။ မစုံဘူး အများကြီးဝယ်လို့မရဘူး။ ဆီဆိုင်တွေလည်းဖွင့်ပေမဲ့ ဈေးမကျသေးဘူး။ လို့ ဒေသခံက ဆိုပါတယ်။

ဆန်တစ်အိတ် ကျပ်နှစ်သိန်းသုံးသောင်းကျော်ထိ ဈေးရှိခဲ့ရာကနေ လက်ရှိမှာတော့ တစ်အိတ်ကို တစ်သိန်းခုနှစ်သောင်းနဲ့ တစ်သိန်းရှစ်သောင်းဝန်းကျင်လောက်ထိ အနည်းငယ် ကျသွားပေမဲ့ နဂိုကထက်တော့ ဈေးကြီးမြင့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တနိုင်းမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းလောက်ကနေ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးကြီးမြင့်ခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားနဲ့ တနိုင်းကားလမ်းမှာ လမ်းပိုင်းပျက်စီးမှုတွေကြောင့် နဂိုကထက် သွားရေးလာရေး ကြန့်ကြာတဲ့အပြင် ကားတွေကိုလည်း လယ်ထွန်စက်တွေနဲ့ ဆွဲယူရတဲ့ အခြေအနေထိ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားနဲ့ တနိုင်း ကားတွေ ပုံမှန်အတက်အဆင်းရှိတယ်လို့ ကြားသိရတာ ကလွဲပြီး လမ်းပိုင်းအခြေအနေအသေးစိတ်ကိုတော့ ဖုန်းလိုင်းခက်ခဲမှုကြောင့် အသေအချာ မသိရသေးပါဘူး။

 

LEAVE A REPLY

Please enter your comment!
Please enter your name here