KIA ကပစ်ချပြီး မီးလောင်ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဘေးမှာ စစ်ကောင်စီဗိုလ်ကြီး အလောင်းတစ်လောင်း တွေ့ရကြောင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

52

မေ၊၂၁

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ပေါင်းစုကနေ ပစ်ချလိုက်ပြီး မီးလောင်ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဘေး အနီးတစ်ဝိုက်မှာ စစ်ကောင်စီဗိုလ်ကြီး အလောင်းတစ်လောင်းကို တွေ့ရှိရကြောင်း KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြု ပြောပါတယ်။

ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ရှိရာဆီ KIA ဘက်က သွားရောက်ကြည့်ရှုခဲ့တဲ့အချိန် မီးလောင်နေတဲ့အတွက် အနီးကပ် စစ်ဆေးလို့မရသေးပေမဲ့ မီးလောင်နေတဲ့အနီးမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိတဲ့ အလောင်းတစ်လောင်းကိုတော့ တွေ့ရှိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ကနဦး အတည်ပြု ပြောပါတယ်။

လေယာဉ်ပျက်ကျပြီးမှ မီးလောင်တဲ့နေရာမှာ မနေ့က မိုးချုပ်တဲ့အထိ ကျွန်တော်တို့ သက်ဆိုင်ရာလူတွေ သွားရောက်ကြည့်ရှု စစ်ဆေးတာ။ လေယာဉ်က မီးလောင်နေလို့ အနီးကပ်တော့ မရဘူးတဲ့။ အဲဒါကြောင့် ကနဦး သေတယ်ဆိုတာလည်း သူတို့ ဘာမှကြည့်လို့ မဖြစ်သေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ မီးလောင်တဲ့နားမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့ အလောင်းတစ်လောင်းတွေ့တယ်။ ဒါတော့ အတည်ပြုပေးလို့ ရပါတယ်။ လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

မနေ့က မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်လောက်မှာ ဗန်းမော် စကခ ၂၁ ဌာနာချုပ်အနီးဘက် ရဟတ်ယာဉ်သုံးစင်းနဲ့ တပ်သားအင်အား လာဖြည့်တဲ့အချိန် ရဟတ်ယာဉ် သုံးစင်းကို ပစ်ခတ်တဲ့အချိန် နှစ်စင်းကို ထိမှန်ခဲ့တာပါ။ အဲဒီလိုထိမှန်တဲ့အချိန် တစ်စင်း ပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။

နှစ်စင်းထိမှန်တဲ့အထဲက တစ်စင်းဟာ ရွှေကူမြို့ဘက် အရေးပေါ်ဆင်းသက်ခဲ့ပြီး တစ်စင်းကတော့ ရွှေကူမရောက်မီ ၁၅ မိုင်လောက်အလို တောထဲမှာ ပျက်ကျခဲ့တယ်လို့ သိရှိရတဲ့အပြင် ကျန်တစ်စင်းကတော့ မြစ်ကြီးနား၊ နမ့်ပေါင်လေတပ်စခန်းဘက် ဆင်းသက်သွားတယ်လို့ သိရတာပါ။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ပေါင်းစုကနေ ပစ်ချနိုင်ခဲ့တဲ့ ရဟတ်ယာဉ်တစ်စင်းကို ရုတ်တရက် စက်ချို့ယွင်းပြီး မတော်တဆ ပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

အထက်ပါ ရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ရဟတ်ယာဉ်ပျက်ကျတဲ့နေရာ တစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရှိတယ်လို့လည်း တစ်ဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

စစ်ကောင်စီဘက်က အဲဒီလို သတင်းထုတ်ပြန်မှုတွေ ရှိနေပေမဲ့ တစ်ဖက်မှာတော့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေအရ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ မီးလောင်နေတဲ့အပြင် စစ်ကောင်စီတပ်သားအချို့ သေဆုံးနေတဲ့ အနေအထားကိုလည်း မြင်တွေ့ရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးက နာဖော့တောင်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို KIA ရှေ့တန်းတပ်စခန်းကနေ ပစ်ချခဲ့တဲ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here