စက်တင်ဘာ၊ ၉
အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေကို မြေပြင်မှာကူညီပေးနေသူတွေအတွက် တရားဥပဒေဆိုင်ရာနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေအပေါ် အိန္ဒိယအစိုးရအနေနဲ့ အသိအမှတ်ပြုပေးဖို့ Exile Hub အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မနေ့ စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ “အိန္ဒိယ–မြန်မာနယ်စပ်တစ်လျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု“ အစီရင်ခံစာမှာ အိန္ဒိယဘက်က သက်ဆိုင်ရာအစိုးရတွေကို အဲဒီလိုတိုက်တွန်းထားတာဖြစ်ပြီး နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တွေကိုလည်း တိုက်တွန်းထားတာပါ။
ဒါ့အပြင် နိုင်ငံတကာအလှူရှင်တွေအနေနဲ့လည်း အိန္ဒိယနိုင်ငံကနေ နယ်စပ်အခြေပြု ဝင်ရောက် ကူညီတာတွေကို ဦးစားပေးဆောင်ရွက်ဖို့လည်း အဲဒီအစီရင်ခံစာက တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရန်ပုံငွေ ထိန်းချုပ်ရေးဥပဒေ (FCRA) ကြောင့် နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့ (NGO) တွေဟာ အများအပြားထွက်ခွာနေရပြီး ဒေသခံစေတနာ့ဝန်ထမ်း အဖွဲ့တွေဟာလည်း မနိုင်ဝန်ထမ်းနေရတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေဆီ ထွက်ပြေးတိမ်းရှောင်လာတဲ့ ၈၃,၀၀၀ ကျော်တဲ့ ဒုက္ခသည်တွေအတွက် ပညာရေး၊ အစားအစာ၊ ဆေးဝါးအကူ စတာတွေကို အကန့်အသတ်နဲ့ ထောက်ပံ့နေရတယ်လို့လည်း သိရပါတယ်။
“ဒီအဖွဲ့တွေအပေါ် ကျရောက်လာတဲ့ ဝန်ထုပ်ဝန်ပိုးက ရေရှည်ရပ်တည်နိုင်တဲ့ အခြေအနေမရှိပါဘူး။ လူတွေက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာကြပြီး၊ တဖက်မှာလည်း ရန်ပုံငွေတွေကလည်း ပြတ်လပ်လာနေပါတယ်။ အခုချက်ချင်း ကျွန်မတို့အရေးယူဆောင်ရွက်မှုတွေကို မလုပ်နိုင်ဘူးဆိုရင် လက်တွေ့မြေပြင်မှာ အလုပ်လုပ်နေတဲ့၊ လည်ပတ်နေတဲ့ တစ်ခုတည်းသော စနစ်တွေကိုပါ ကျွန်မတို့ ဆုံးရှုံးရနိုင်ပါတယ်။“လို့လည်း Exile Hub က သုတေသနဦးဆောင်သူဖြစ်တဲ့ Yucca Wai က ပြောပါတယ်။
မီဇိုလူမျိုးတွေနဲ့ ချင်းလူမျိုးတွေကြား ရင်းနှီးခိုင်မာတဲ့ လူမျိုးနွယ်တူဆက်နွယ်မှုတွေရှိနေပေမဲ့လည်း အိန္ဒိယနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေမူဘောင်၊ ကျဉ်းမြောင်းလာတဲ့ အရပ်ဘက်နယ်ပယ်နဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအခြေအနေအပေါ် နိုင်ငံရေးအရသဘောထားမပြတ်သားမှုတွေကြောင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးဟာ မတည်ငြိမ်တဲ့ အခြေအနေတစ်ခုဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေဟာလည်း တရားဝင်အသိအမှတ်ပြုမှု ဒါမှမဟုတ် အကာအကွယ်ပေးမှုတွေကို မရရှိကြဘူးလို့ သိရပါတယ်။
ဒါ့အပြင် ချင်းတော်လှန်ရေးအဖွဲ့တွေကြား အုပ်စုကွဲမှုတွေဟာလည်း တချို့ဒုက္ခသည်စခန်းတွေမှာ အကူအညီခွဲဝေမှု မညီမျှတာတွေကို ဖြစ်ပေါ်စေသလို အစားအစာ၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလိုမျိုး ဝန်ဆောင်မှုတွေရရှိနိုင်မှုဟာလည်း ကွာဟချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ ပြီးခဲ့တဲ့ရက်ပိုင်းတရုတ်နိုင်ငံကို သွားရောက်ချိန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် လေ့လာရေးအဖွဲ့တွေလွှတ်သွားမယ်လို့ ပြောထားပါတယ်။







