မိုင်းနီ-ရေးသာသည်
ခရီးသွားရာသီလွန်တဲ့နောက် မြန်မာနိုင်ငံမြောက်ဖျားပိုင်း ပူတာအိုဒေသမှာ ဆေးဖက်ဝင် ပိုးဆေး နွယ်ရှင်ဖြစ်တဲ့ ရှီးပဒီးရှာဖွေချိန် ပြန်လည်ရောက်ရှိလာပါပြီ။
ပိုးသားလောင်းအကောင်တွေကို ကပ်ပါးမှိုတစ်မျိုးက တွယ်ကပ်စားသုံးပြီး ဖြစ်ပေါ်လာတာကြောင့် ရှီးပဒီး (Ophiocordyceps sinensis) ကို ဆောင်းမှာပိုး နွေမှာအပင် ဆောင်းပိုးနွေမြက်လို့လည်း ခေါ်ဆိုကြပါတယ်။
ပင်လယ်ရေမျက်နှာပြင် ပေတစ်သောင်းနှစ်ထောင်အထက်နဲ့ မြင့်မားတဲ့ ရေခဲတောင်တန်းတွေမှာသာ တွေ့ရှိနိုင်တဲ့ ရှီးပဒီးကို မြန်မာနိုင်ငံက ပူတာအိုဒေသမှာတွေ့ရှိရသလို တိဗက်ကုန်းပြင်မြင့် တရုတ်၊ နီပေါ ၊ ဘူတန်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။
ရှီးပဒီးရှာဖွေတာ နှစ်ပေါင်း ၂၀ ကျော် လောက်ရှိလာပြီဖြစ်ပြီး အိန္ဒိယနယ်စပ်ဘက်မှာ အဓိကထား ရှာဖွေကြသလို ရှီးပဒီးဟာ ဒေသခံတွေရဲ့ ဝင်ငွေရလုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်လို့ ပူတာအို ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မေလ မတိုင်ခင်အထိ ရှီးပဒီးရှာဖွေနိုင်တဲ့နေရာတွေမှာ ရေခဲဖုံးလွမ်းနေတဲ့အတွက် ရေခဲပျော်တဲ့ မေလနဲ့ ဇွန်လပိုင်းတွေထဲမှာပဲ အဓိကထားရှာဖွေကြတာဖြစ်ပါတယ်။ ကိုယ်သွားမယ့် နေရာပေါ်မူတည်ပြီး အခုချိန်ကနေ မေလကုန်ခါနီးထိ ရှာဖွေဖို့ သွားကြတယ်လို့သိရပါတယ်။
ဒေသတွင်းမှာတော့ ရှီးပဒီးကို ဆေးကောင်းတစ်လက်အနေနဲ့ မှီဝဲစားသုံးကြပါတယ်။ စွပ်ပြုတ် တွေထဲ ထည့်စားတာ၊ အရက်၊ ပျားရည်တို့နဲ့ စိမ်သောက်ကြတာရှိသလို တချို့ကလည်း အကောင်လိုက် ရေနွေး ကြမ်းနဲ့ပဲ မှီဝဲ စားသုံးကြပါတယ်။
“အားတိုးဆေးဖြစ်တယ်။ မျက်စိအတွက် တော်တော်ကောင်းတယ်။ ဆေးစိမ်သောက်တတ်တဲ့သူတွေ တော်တော်ကောင်းကျိုးရှိတာပေါ့နော်။”လို့ ရှီးပတီး အသုံးဝင်ပုံကို ဒေသခံ က ပြောပြပါတယ်။
ရှီးပဒီးကို သဘာဝခွန်အားတိုးဆေးအနေနဲ့ ဖြည့်စွက်ဆေးဝါးတွေလည်း ထုတ်လုပ်ကြသလို ရှီးပဒီးမှာ ရောင်ရမ်းခြင်းကို လျော့ကျစေတာ၊ နုပျိုစေတာ၊ အမောခံစေတာ၊ ခုခံအား စနစ် ကောင်းစေတဲ့ အာနိသင်တွေ ရှိတယ်လို့ သိရပါတယ်။ဒါပေမဲ့ ကလေးသူငယ်တွေ နဲ့ကိုယ်ဝန်ဆောင်မိခင်တွေ သောက်သုံးဖို့မသင့်သလို ရောဂါအခံရှိရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ကြောင်း ပြောဆိုထားကြ ပါတယ်။
ရှီးပဒီး ရှာဖွေရတာ မလွယ်လှပါဘူး။ ရာသီဥတု ဆိုးရွားတဲ့ ရေခဲတောင်တန်းပေါ်က ရေခဲပျော်သွားတဲ့ နေရာတွေမှာ မြေကိုလက်နဲ့ တူးဆွရှာဖွေရတာဖြစ်ပြီး ရှီးပဒီး တစ်ကောင်ရဖို့ တနေ့လုံးရှာရတဲ့နေ့တွေလည်း ရှိတယ်လို့ ရှာဖွေသူတွေက ပြောကြပါတယ်။
နှစ်လစာ ရိက္ခာတွေနဲ့ ထင်းတွေကို ထမ်းပြီး တောင်တက် ခရီးနှင်ရတာဖြစ်တဲ့အတွက် သွားရတဲ့ ခရီးဟာ လည်း ကြမ်းတမ်းပါတယ်။ဒါ့အပြင် ရှီးပဒီး ရှာဖွေမယ့်နေရာဟာလည်း “များသောအားဖြင့် အပင်မပေါက်တဲ့ တောင်ကတုံးတွေမှာနေပြီး ရှီးပဒီးရှာရတဲ့ အခါကျတော့ တဲထိုးမယ့် နေရာလည်း အဆင်မပြေဘူး။ အဝေးကြီးကနေ ထင်းထမ်းပြီးတော့မှ ခက်ခက်ခဲခဲ လနဲ့ချီနေပြီးမှ ရှာရတာဖြစ်တယ်။“လို့ ဒေသခံက ဆိုပါတယ်။
ရက်ပေါင်းရှည်ကြာ သွားရောက်ရှာဖွေရတာကြောင့် လိုအပ်တဲ့ ရိက္ခာတွေကို မတ်၊ ဧပြီလ လောက် ကတည်းကနေ သွားလို့ရတဲ့နေရာအထိ သွားရောက်ပို့ဆောင်ထားရပါတယ်။ မေလရောက်လို့ ရှာဖွေချိန် ရောက်လာတဲ့ အခါမှာလည်း တောင်ခြေကနေ စခန်းချမယ့်နေရာကို တောင်ကမ်းပါးနံရံဘေးတွေ ကနေဖြတ်ပြီး ခက်ခက်ခဲခဲနဲ့ သယ်ယူရတာပါ။
ကြမ်းတမ်းတဲ့ တောင်လမ်းတွေကို ဖြတ်သန်းရသလို ရှာဖွေမယ့်နေရာမှာလည်း “မိုးတွင်းဖြစ်တဲ့ အခါကျတော့ မိုးရွာတာတို့ ရေခဲပြိုတာတို့ မြေပြိုတာတို့ ရေကြီးရေလျှံဖြစ်ပြီးမှ ရေထဲမျှောပါတာတို့လည်း ရှိခဲ့ဖူးတယ်။” ဆိုပြီး နောက်ထပ်ရင်ဆိုင်ရတဲ့ အခက်ခဲကို ထပ်လောင်းပြောပြပါတယ်။
အသွားတုန်းက ရေကြီးရေလျှံမှုတွေ သိပ်မရှိပေမဲ့လို့ အပြန် ၆ လပိုင်းနဲ့ ၇ လပိုင်း ကျရင်တော့ အသက် အန္တရာယ်ရှိနိုင်တဲ့ ရေကြီးရာနေရာတွေကို ဖြတ်ကျော်ပြန်လာရပါတယ်။ အရင်ကလည်း ရှီးပဒီးသွားရှာရင်း အပြန်ခရီးမှာ ရေထဲမျောပါပြီး အသက်ဆုံးသွားတာ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒီလို ကြမ်းတမ်းတဲ့ခရီးကိုဖြတ်ပြီး သွားရောက်ရှာဖွေကြပေမဲ့ ဒီနောက်ပိုင်း ရှီးပဒီး အထွက်နှုန်းနည်းလာတာနဲ့ တစ်ခါတလေ ရေခဲမပျော်ဘဲ ရှိနေတာမျိုးတွေ ကြုံရတတ်တာကြောင့် ရှီးပဒီးရရှိမှု နည်းလာပြီး ရိက္ခာဖိုးတောင် မကာမိတဲ့အချိန်တွေကိုလည်း ရှာဖွေသူတွေ ရင်ဆိုင်ရပါတယ်။
ရရှိလာတဲ့ ရှီးပဒီးကို သန့်စင်အခြောက်လှန်းပြီးတဲ့နောက် ရောင်းချကြတာဖြစ်ပြီး ပုံမှန်မှီဝဲ နေကြသူတွေ ဝယ်ယူလေ့ရှိသလို တရုတ်ပြည်က အဓိကဝယ်လက်ဖြစ်ကြောင်းသိရပါတယ်။
ဈေးနှုန်းကတော့ ရှီးပဒီး အကောင်လှတာ မလှတာနဲ့ အရောင်၊ အကြီးအသေးပေါ် မူတည်ပြီးတော့ ကွာခြားပါတယ်။ လက်ရှိမှာတော့ တစ်ကောင်ကို ကျပ်တစ်သောင်းနဲ့ နှစ်သောင်းကြား ပေါက်ဈေးရှိနေကြောင်း ဆိုပါတယ်။
ရှီးပဒီးတစ်ကောင်ကို ကျပ်နှစ်သောင်း ဈေးပေါက်နေပေမဲ့ လက်ရှိ အခြေအနေအရ ဈေးကောင်းရရှိတယ်လို့ ပြောလို့မရကြောင်းလည်း ပူတာအိုဒေသခံက “အရင်တုန်းကတော့ တစ်ကောင် ငါးထောင်နဲ့ တစ်သောင်းကြားဆိုပေမဲ့ အရင်တုန်းက ငါးထောင်၊တစ်သောင်းကြားက အခု သုံးသောင်းအထက်နဲ့ သွားမျှတာကြောင့် ဈေးက ကောင်းတယ်လို့တော့ ပြောလို့မရဘူး။“လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ လမ်းခရီးအခြေအနေတွေကြောင့် ရှီးပဒီးရောင်းဝယ်မှု ကြန့်ကြာခဲ့ရပါတယ်။ တရုတ်ဘက်က လာရောက်ဝယ်ယူတာ မရှိတာကြောင့် များများရောင်းဝယ်ဖို့ ခဲယဉ်းခဲ့သလို ကားလမ်းပိုင်း အခြေအနေတွေကြောင့်လည်း ဝယ်ယူသူတွေ မမှာရဲကြတော့ဘဲ ကြန့်ကြာခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအခြေအနေနဲ့ ကုန်ဈေးနှုန်းမြင့်တက်တာအပြင် လေယာဉ်ခမြင့်တက်မှုတွေကြောင့် ရေခဲတောင် တက်ခရီးသွားတွေလည်း မရှိသလောက် လျော့နည်းခဲ့ပြီး အခုလို ခရီးသွားလာရောက်မှု နည်းပါးတာဟာလည်း ရှီးပဒီး ဝယ်လက်နည်းပါးတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
အရင်က ပြည်တွင်းပြည်ပက ရေခဲတောင်တက်သူတွေနဲ့ လာရောက် လည်ပတ်သူတွေရှိချိန်ကတော့ ရှီးပဒီး အရောင်းသွက်ခဲ့ပေမဲ့ “အခုကျတော့ ခရီးသွားတွေမရှိတဲ့နောက်ပိုင်းမှာတော့ တော်တော် အရောင်းပါး တယ်လို့ပြောရမှာ ဝယ်လိုအား အဲဒီလောက်မရှိတော့ဘူး။” လို့ ဒီနောက်ပိုင်း အရောင်းပါးသွားပုံကိုလည်း ပြောပြပါတယ်။
ဒါ့အပြင် ရှီးပဒီးရှာဖွေသူများပြားလာပြီး အရင်တုန်းကလောက် အထွက်နှုန်းမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာလည်း ရေခဲတောင်တန်းဒေသထွက် ရှီးပဒီးရှာဖွေရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ပူတာအိုဒေသက နမ်ရှနီလူမှုအဖွဲ့အစည်းရဲ့ သုတေသနအစီရင်ခံစာအရ သိရပါတယ်။
နှစ်စဉ် ရာသီချိန်ရောက်ရင် လူအများအပြားသွားရောက်ပြီး ရှာဖွေကြတာကြောင့် သစ်ပင်ခုတ်တာ၊ ဓာတုဆေးပါတဲ့ ခြင်ဆေးတွေသုံးတာနဲ့ စွန့်ပစ်အမှိုက်တွေကို သေချာသိမ်းဆည်းမှု မရှိတာတွေဟာ နှစ်တွေ ကြာလာတဲ့အခါ သစ်ပင်တွေဆုံးရှုံးပြီး ရာသီဥတုဖောက်ပြန်တာတွေ ဖြစ်လာနိုင်တာကြောင့် ရေရှည် ထိန်းသိမ်းနိုင်ဖို့ ရှီးပဒီးရှာဖွေသူတွေအနေနဲ့ စနစ်တကျ ရှာဖွေဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။
ရှီးပဒီးရှာဖို့ မြေကိုတူးဆွလိုက်တဲ့အတွက် မိုးတွင်းကာလမှာ မြေတွေဟာကျစ်လစ်မှုမရှိတော့ဘဲ မိုးရေနဲ့အတူ တောင်အောက်ကို မျောပါသွားပြီး တစ်နှစ်ထက်တစ်နှစ် မြေဆီလွှာတွေ နည်းလာရတာလို့ သုတေသန ပြုလုပ်ထားတဲ့ အချက်အလက်နဲ့အတူ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်။
ဖုန်ရင်ရာဇီရေခဲတောင်မှာ ရှီးပဒီးထွက်တဲ့နေရာ ၉ နေရာ၊ မဒွယ်ရေခဲတောင်မှာ ၁၂ နေရာရှိပြီး အများစုဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာသွားရှာရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး သုတေသနအဖွဲ့က ဆိုထားချက်အရသိရပါတယ်။
ပူတာအိုဒေသတွင်း တောတောင်တွေထဲက ဆေးမြစ်တွေကိုရှာဖွေပြီး အသက်မွေးဝမ်းကျောင်း ပြုကြသူတွေ ကတော့ နှစ်စဉ်နှစ်တိုင်း ရှီးပဒီး အပြင် မချစ်ဥနဲ့ ဘေချီစတဲ့အပင်တွေကိုလည်း သူ့ရာသီအလိုက် ရှာဖွေချိန် ရောက်ရင် သွားရောက်ရှာဖွေလေ့ရှိကြပါတယ်။







