မေ၊ ၁၁
အာဆီယံနိုင်ငံအချို့ရဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေကို စိတ်ရှည်သည်းခံခဲ့ရတယ်လို့ အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့သတင်းစာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။
“လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံ၍ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့သည်“လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အဲဒီလို အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာဟာ ပြည်သူတွေ ရဲ့ ဆန္ဒသဘောထားတွေကို လျစ်လျူရှုရာရောက်တယ်လို့လည်း ဦးမင်းအောင်လှိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တူညီဆန္ဒမရရှိသေးပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံအနေနဲ့ မြန်မာအရေးနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့ အချက်အပါအဝင် အကောင်ထည်ဖော်ဖို့ ဘုံသဘောတူညီချက် အချက်(၅)ချက်ကို ချမှတ်ထားတာပါ။
ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်းတွေပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (Special Advisory Council for Myanmar – SAC-M) အဖွဲ့ ရဲ့ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ “အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို စွန့်လွှတ်ပြီး မြန်မာစစ်အုပ်စုကို ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့” တိုက်တွန်းထားပါတယ်။
အာဆီယံက အကြမ်းဖက်မှုတွေရပ်တန့်ဖို့အတွက်တောင်းဆိုထားပေမဲ့ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အုပ်စုဟာ အရပ်သားပြည်သူတွေကို အခုထိ ဗုံးကြဲတိုက်ခိုက်နေသလို ဖမ်းဆီးသတ်ဖြစ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းထဲ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းဝေးမှာလည်း အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် တက်ရောက်ခွင့်ကို အာဆီယံက တက်ခွင့်မပေးခဲ့ပါဘူး။







