ဂျပန်တွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ ကချင်စစ်မြေပြင်

2

 

(ဖွင့်ဆိုရှင်းပြ ဆောင်းပါး)

ရေးသူ – စိုင်းခေ

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ ကချင်တွေလည်း ပါတယ်ဆိုတာကို စာဖတ်သူ ကြားဖူးပါသလား။ မကြားဖူးသေးရင်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ကချင်တွေရဲ့ နည်းဗျူဟာတွေကို ဖောက်သည်ချပေးသွားပါမယ်။

၁၉၄၀ မပြည့်ခင်ကတည်းက ဂျပန်တွေဟာ တရုတ်ပြည်ဆိပ်ကမ်းမြို့တွေကို သိမ်းပိုက်ပြီး စွာနေတာကနေ ဒုတိယကမ္ဘာစစ်မှာတော့ အာရှတစ်ကြောကို ပတ်သိမ်းပြီး ဗိုလ်ကျစိုးမိုးတော့တာပါပဲ။

ဒါပေမဲ့ ဂျပန်ကြီးတွေ မသိလိုက်တာက ကချင်ပြည်နယ်ကို ရောက်တဲ့အချိန် သူတို့ပျားတုပ်တော့မယ် ဆိုတာကိုပါ။

၁၉၄၂ ထဲ ဂျပန်တွေမြန်မာပြည်ကို ကျူးကျော်ပြီး တဖြည်းဖြည်းနဲ့ မြောက်ပိုင်းကိုတက်လာတဲ့ အချိန်မှာတော့ ရာသီဥတုကြမ်းတမ်းမှု၊ ငှက်ဖျားနဲ့ ကပ်ပါးပိုးတွေကို စကြုံရပါတော့တယ်။

အဲဒီလို ဖြစ်နေတဲ့အချိန်မှာပဲ မထင်ထားတဲ့ အန္တရာယ်ကို ဂျပန်တွေထပ်ကြုံ ရပါတော့တယ်။

အဲဒါကတော့ ညဘက်ရောက်ရင် သူတို့ကို လာလာချောင်းတဲ့ ‘ကျား’ဆိုတဲ့ သားရဲကြီးတွေပါ။

ကျားတွေက ညဘက်အချိန် ဂျပန်စစ်သားတွေကို ကိုက်ကိုက်ဆွဲသွားပြီဆိုရင်တော့ ကျန်တဲ့တပ်သားတွေလည်း မအိပ်ရဲတော့ပါဘူး။ သေနတ်ကိုင်ပြီး ထိုင်စောင့်ကြရတော့တာပါပဲ။

မနက်လင်းလို့ ပျောက်သွားတဲ့စစ်သားကို လိုက်ရှာရင်တော့ အပင်ကြီးတွေပေါ်မှာ ကျားစားထားတဲ့ အရိုးစုကြီးတွေကိုပဲ တွေ့ရလေ့ရှိတာပါ။ ကျားတွေရဲ့ အမဲလိုက်တာကိုခံရလို့ စိတ်ပျက်နေတဲ့ ဂျပန်တွေအတွက် ဒီလောက်နဲ့မပြီးသေးပါဘူး။

နောက်တန်းကိုပျံ့နှံ့လာတဲ့ သတင်းတွေအရ ဂျပန်စစ်သားတွေကို မြေပြင်မှာ အိပ်ပျော်နေသလိုမျိုး သေဆုံးတဲ့ အနေအထားတွေနဲ့ မကြာခဏတွေ့လာရတာပါ။

သေချာကြည့်လိုက်ရင်တော့ လည်ပင်းတွေအလှီးခံထားရတာမျိုး၊ ဒါမှမဟုတ် ခန္ဓာကိုယ်မှာ ဆူးနဲ့ထိုးထားသလို အပေါက်တွေ အများကြီးနဲ့ သေဆုံးနေကြတာမျိုး ဖြစ်ပါတယ်။

အဲဒါကိုတော့ ကချင်စစ်သားတွေက လုပ်တာဖြစ်ပါတယ်။ ဂျပန်တွေအိပ်ပျော်နေတဲ့အချိန်မှာ လည်ပင်းကို လှီးလှီးသွားကြလို့ပါ။ နောက် ခန္ဓာကိုယ်မှာ အပေါက်တွေ တွေ့ရတယ်ဆိုတာကလည်း ကချင်တွေရဲ့ နည်းဗျူဟာကြောင့် ဖြစ်ပါတယ်။

ကချင်တွေဟာ ဂျပန်တွေသွားလေ့ရှိတဲ့ လမ်းကြောင်းတွေမှာ မီးသင်းပြီး မာကျောချွန်ထက်အောင် လုပ်ထားတဲ့ ဝါးချွန်လေးတွေကို နေရာအနှံ့ ထောင်ချောက်ဆင်ထားပါတယ်။

အဲဒီဝါးချွန်တွေမှာ မစင်တွေ သုတ်၊ ထောင်ချောက်ဆင်ပြီးရင်တော့ သစ်ရွက်တွေ၊ သစ်ကိုင်းတွေနဲ့ ပြန်ဖုံးထားတာပါ။

ဂျပန်တွေလာပြီဆိုရင်တော့ ကချင်တွေက လက်လုပ်သေနတ်တွေကို အနည်းငယ်လောက် ပစ်ဖောက်လိုက်ရုံနဲ့ ကိစ္စပြီးပါပြီ။

သေနတ်သံကြားတဲ့အချိန် ဂျပန်တွေဝပ်ချလိုက်ရင်တော့ ဝါးချွန်တွေနဲ့ထိုးမိပြီး သွေးထွက်လွန်တာ၊ ဒါမှမဟုတ် ပိုးဝင်ပြီး သေဆုံးကြတော့တာပါပဲ။

ဂျပန်တွေလာတဲ့အကြောင်းကို သိအောင်လုပ်ဖို့ကလည်း သိပ်တော့ မခက်ပါဘူး။ လူနဲ့ကင်းထောက်တာအပြင် နောက်တစ်မျိုးက အသံထောင်ချောက်ဆင်ထားတာပါ။

ဝါးပင်တွေကို အလယ်ကခွဲ၊ ခွဲထားတဲ့နေရာမှာ တုတ်ချောင်းအတိုလေးထောက်ပြီး ကြိုးနဲ့ချိတ်ထားတာပါ။ အဲဒီကြိုးကို ဂျပန်တွေက ခလုပ်တိုက်မိတာ၊ နင်းမိတာမျိုးဆိုရင် ထောက်ထားတဲ့တုတ်က ပြုတ်ပြီး တောထဲမှာ မိုင်ဝက်လောက်ကနေတောင် ကြားရတဲ့ အသံထွက်လာတော့တာပါပဲ။

နောက်ပိုင်းမှာတော့ ဂျပန်တွေဟာ ကချင်တွေကို သူတို့စခန်းဘေးနားမှာ သွားလာနေတဲ့ ဘယ်တော့မှ မမြင်ရတဲ့ တစ္ဆေတွေလို့ထင်လာပြီး ကြောက်ရွံ့လာကြပါတယ်။

ဒါကြောင့်လည်း ဂျပန်တွေဟာ မြစ်ကြီးနားလောက်မှာတင်ပဲ ရပ်တန့်သွားပါတော့တယ်။ အဲဒီလို နည်းလမ်းတွေနဲ့ ဂျပန်တွေကို တိုက်ခိုက်လာလိုက်တာ ၆ လလောက်အတွင်း ဂျပန်စစ်သားထောင်ချီကို သတ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းကို ကြားတော့ အိန္ဒိယ၊ မြန်မာနဲ့ တရုတ်စစ်မျက်နှာတွေကို ဦးဆောင်ရတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး စတီးဝဲလ်ဟာ မယုံသင်္ကာဖြစ်လာပါတယ်။

ဒါကြောင့် သူ့နည်းလမ်းနဲ့သူ ကချင်စစ်သားတစ်ယောက်ကို တွေ့ဆုံချီးကျူးပြီး သေဆုံးတဲ့ရန်သူအရေအတွက်ကို ဘယ်လုပ်ပြီး တိတိကျကျသိနေရသလဲဆိုတာ မေးခွန်းထုတ်လိုက်ပါတယ်။

အဲဒီအချိန်မှာ ကချင်စစ်သားက တုံ့ဆိုင်းမနေဘဲ သူ့ခါးမှာဆွဲထားတဲ့ ဝါးကျည်တောက်ထဲက အမဲရောင် အဖတ်လေးတွေကို ဗိုလ်ချုပ်ကြီးရှေ့က စားပွဲပေါ် သွန်ချလိုက်ပါတော့တယ်။ “ဒါတွေကဘာတွေလဲ”လို့ ဗိုလ်ချုပ်ကြီးကမေးလိုက်တော့ “ဂျပန်တွေရဲ့ နားရွက်တွေပါ” လို့ ကချင်စစ်သားက ပြန်ဖြေလိုက်ပါတယ်။

အဲဒီ နားရွက်တွေကို ၂ နဲ့စားရင် သူသတ်ခဲ့တဲ့ ဂျပန်တွေရဲ့ အရေအတွက်ကို သိနိုင်တယ်လို့လည်း အဲဒီစစ်သားက ဗိုလ်ချုပ်ကြီးကို ဆက်ပြောလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးလည်း အဲဒါကို မြင်ပြီး၊ ကြားပြီးတဲ့အချိန်မှာတော့ ဆွံ့အသွားပါတော့တယ်။

အဲဒီအချိန်တုန်းက ဗုဒ္ဓဘာသာ၊ ရှင်တိုဘာသာကို ကိုးကွယ်ကြတဲ့ ဂျပန်တွေဟာ သူတို့သေဆုံးရင် ခန္ဓာကိုယ်က အပြည့်အစုံရှိမှ ကောင်းကင်ဘုံကို သွားနိုင်မယ်လို့ ယုံကြည်ကြတာပါ။ အထူးသဖြင့် ကောင်းကင်ဘုံကိုသွားတဲ့အချိန် နားရွက်ကိုဆွဲပြီး ခေါ်ယူခံရတာလို့ မှတ်ယူထားကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ကချင်တွေက သေဆုံးသွားတဲ့ ဂျပန်အလောင်းတွေကနေ နားရွက်တွေ ဖြတ်ယူထားတာကို မြင်ဖူးကြတဲ့ ဂျပန်တွေဟာ သေရမှာကို မကြောက်ပေမဲ့ သေပြီးရင် နားရွက်မရှိတော့မှာကိုတွေးပြီး ကချင်တွေနဲ့ ရင်ဆိုင်ရမှာကို တုန်လှုပ်ခဲ့ကြတာပါ။

ဒါဟာ ကချင်တွေက သူတို့တောင် မသိလိုက်ဘဲ ဂျပန်တွေအပေါ် အကြီးအကျယ် စိတ်ဓာတ်စစ်ဆင်ရေး လုပ်လုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကချင်စစ်သားနဲ့ တွေ့ပြီး ဆွံ့အသွားတဲ့ ဗိုလ်ချုပ်ကြီး စတီးဝဲလ်ကတော့ ကချင်စစ်သားကို ပြန်လွှတ်လိုက်ပြီး မဟာမိတ်အရာရှိတွေဆီကို ချက်ခြင်းအမိန့်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

အဲဒါကတော့ ကချင်တွေရဲ့ နားရွက်ဖြတ်တဲ့ အလေ့အထကို လုံးဝ လုပ်ခွင့်မပေးဖို့နဲ့ ရန်သူ့အလောင်းတွေကို မဖျက်စီးရဘူးဆိုတဲ့ စစ်ဘက်ဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးဟာလည်း နောက်ပိုင်းမှာ ကချင်တွေတင်ပြလာတဲ့ ရန်သူသေဆုံးမှု စာရင်းအပေါ် ဘယ်တော့မှ မေးခွန်းထပ်မထုတ်တော့ပါဘူး။

ကိုးကား – The Burma Road by Donovan Webster (2003)

 

LEAVE A REPLY

Please enter your comment!
Please enter your name here