တရုတ်ဘက်က တာဝန်ရှိသူအချို့ ရောက်လာမယ်ဆိုတဲ့သတင်းကြောင့် ကျိန်ခရန်ရေအားလျှပ်စစ် စီမံကိန်းဝင်းဘက်က ဂိတ်တစ်ခုကို ပိတ်ထားဟုဆို

2

ဇွန်၂၂

အခုရက်ပိုင်းအတွင်း တရုတ်ပြည်ဘက်က တာဝန်ရှိသူအချို့ ရောက်လာမယ်ဆိုတဲ့ သတင်းကြောင့် မြစ်ကြီးနား-မြစ်ဆုံလမ်း မြစ်ဆုံမရောက်မီ ကျိန်ခရန်ရေအားလျှပ်စစ်စီမံကိန်းဝင်းဘက်က ဂိတ်တစ်ခုကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနား-မြစ်ဆုံလမ်းနေ ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ ကျိန်ခရန်ရေအားလျှပ်စစ်စီမံကိန်း အဝင်က ဆိုင်းဘုတ်ကြီးဘက်မှာ စစ်အုပ်စုက ဂိတ်သုံးခုထားရှိပြီး အဲဒီထဲက ဒုတိယဂိတ်ကနေ လုံးဝဖြတ်သန်းသွားလာခွင့် မပြုတာ ဖြစ်တယ်လို့ သိရတာပါ။

အဲဒီဂိတ်ကနေ ရွှေတူးသူတွေသာမက ဟင်းသီးဟင်းရွက်ရှာဖွေသူတွေ နေ့စဉ် ဖြတ်သန်းသွားလာကြရပြီး အခုလို ပိတ်ထားတာ သုံးရက်လောက်ရှိလာပြီ ဖြစ်တဲ့အပြင် မနက်ဖြန် ဇွန်လ ၂၃ ရက်နေ့မှာတော့ တရုတ်ပြည်ဘက်က တာဝန်ရှိသူအချို့ ရောက်လာမယ်ဆိုတဲ့ သတင်းကြောင့် ဂိတ်တွေအားလုံး ပိတ်မှာဖြစ်တယ်လို့ ထပ်မံကြားသိရတဲ့အကြောင်း အထက်ပါ မြစ်ကြီးနား-မြစ်ဆုံလမ်းနေ ဒေသခံပြည်သူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

တရုတ်ပြည်ဘက် လူတွေရောက်မယ်ဆိုပြီး ကျိန်ခရန်ရွာက ရေအားလျှပ်စစ်စီမံကိန်းသို့ ဆိုတဲ့ ဆိုင်းဘုတ်အကြီးအဝင် ဒုတိယဂိတ်မှာ ပိတ်လိုက်ပြီ။ ဘယ်သူမှ မဖြတ်ခိုင်းဘူး။ ရွှေတူးတဲ့သူတွေကိုလည်း အကုန်ပြန်ခိုင်းလိုက်တယ်။ မနက်ဖြန် ရောက်မယ်လို့တော့ ပြောတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း လုံခြုံရေးတွေနဲ့ တရုတ်နိုင်ငံသားအချို့ ကျိန်ခရန်ရေအားလျှပ်စစ်ဝင်းဘက်က ရုံးတွေ ပျက်စီးတာ ရှိ/မရှိ လာရောက်ကြည့်ရှုတာတွေ ရှိတာကြောင့် ထူးခြားမှုတွေရှိလာတယ်လို့ သိရပါတယ်။

လက်ရှိအချိန် စစ်အုပ်စုဟာလည်း မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်ထည်ဖော်ရေး လူထုတွေ့ဆုံမှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ပြီးပြီဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး ဟောပြောမှုတွေဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တင်မကဘဲ ပူတာအို၊ တနိုင်း၊ မိုးညှင်းမြို့တွေအထိ ရှိနေပါတယ်။

တစ်ဖက်မှာလည်း မြစ်ဆုံဆည်စီမံကိန်းကြီး ကန့်ကွက်သူတွေ ရှိနေတဲ့အပြင် ဒီစီမံကိန်းကြီး အလိုမရှိကြောင်း ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်သူတွေလည်း ရှိနေပါတယ်။

တန်ဖရဲလမ်းဘက်က သစ်ပင်ကြီးတွေမှာ ကပ်ထားတဲ့ မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ စာတွေကိုလည်း စစ်အုပ်စု လုံခြုံရေးအဖွဲ့က ဖယ်ရှားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

အခုလို မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး လူထုကြား မတူညီတဲ့ အမြင်မျိုးစုံနဲ့ အကျယ်တဝံ့ ပြောဆိုနေချိန် တရုတ်ပြည်ဘက်က လူအချို့ရောက်လာမယ်ဆိုတဲ့ သတင်းတွေ ကြားသိရတာဟာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ တစ်ခုခု ဆက်နွယ်နိုင်တယ်လို့လည်း မြစ်ကြီးနားဒေသခံပြည်သူတစ်ဦးက အခုလို ပြောပါတယ်။

သူတို့ရောက်မယ်ဆိုတဲ့ သတင်းကြားတော့ စီမံကိန်းကို ဘယ်လိုလုပ်လို့မရလဲ လာသုံးသပ်တာလို့ ထင်တယ်။ သူတို့ အကျိုးအမြတ်ကို ကြည့်ပြီးမှပဲ လာလိမ့်မယ်။ အလကားတော့ မလာလောက်ဘူး။ မြစ်ဆုံစီမံကိန်းကြောင့် ရောက်လာတယ်လို့ပဲ မြင်မိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဖွဲ့စည်းပေးထားတဲ့ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့ကနေ ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ရှင်းလင်းတယ်ဆိုပြီး ကချင်တစ်ပြည်နယ်လုံးကို လှည့်ပတ်မဲဆွယ်နေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here