ဖားကန့်မှာ မြေစာပုံပြိုကျတဲ့ ဖြစ်စဉ်အတွင်း ရုပ်အလာင်း ၅ လောင်း ရှာဖွေတွေ့ရှိ

1

 

ဇွန်၊၂၉

ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာမှာ မြေစာပုံပြိုကျခဲ့တာကြောင့် ရေမဆေးရှာဖွေနေသူ ၇ ဦး မြေပိမိခဲ့ပြီး ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီးလို့ ဒေသခံတွေက ပြောပါတယ်။

နမ့်မော်ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ မနေ့က ၂၈ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီခွဲလောက်က မြေစာပုံ ရုတ်တရက် ပြိုကျလာပြီး အဲဒီအနားမှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ အမျိုးသား(၇)ဦး မြေစာပိသွားခဲ့တာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ရေမဆေးသမားတွေက မိုးအရမ်းရွာပြီးတဲ့နောက် မျှောကြောင်းမှာ ရေမဆေးသွားရှာနေကြရတာ ဟုတ်တယ်။ သွားတဲ့အချိန် မိုးကရွာထားတော့ အပေါ်ကနေ မြေစပြိုကျလာတော့ သူတို့ကို မြေစာတွေ ပိသွားတာပေါ့။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ ရုပ်လောင်းငါးလောင်းကတော့ မော်မျိုးလင်းဌေး အသက်(၂၄)နှစ်၊ မောင်စိုးအောင် အသက်(၂၉) ၊မောင်ဝင်းဆန်း အသက်(၃၂)နှစ်၊ ဦးဇော်နိုင်လင်း အသက် (၃၅)နှစ် ၊ ဦးမောင်မောင်ဆန်း အသက်(၄၇)နှစ် တို့ဖြစ်ပါတယ်။

ကျန်နေတဲ့သူနှစ်ဦးကိုလည်း ဒေသခံလူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက စက်ယန္တရားတွေ လက်လုပ်ကိရိယာတွေနဲ့ ဝိုင်းဝန်းပြီး တူးဖော် ရှာဖွေနေကြဆဲဖြစ်တယ်လို့ နောက်ထပ်ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စု ကောင်ဆန်ကျေးရွာအနီးက ကျောက်တူးဖော်ရေးလုပ်ကွက်တစ်ခုမှာ မြေစာပြိုကျပြီး ရေမဆေးအမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်းတူးဖော်ခွင့် ပြုခဲ့ပြီးတဲ့နောက်ပိုင်း အခုလို မြေစာပုံပြိုကျမှုနဲ့ ကမ်းပါးပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here