ဆိတ်တွေရဲ့ ကခုန်မှု၊ သေဒဏ်နဲ့ အနက်ရောင်မှော်ဆေးရည် (သို့) ကော်ဖီ

1

 

ရေးသူ – စိုင်းခေ

ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင် ကော်ဖီသောက်ဖြစ်နေဦးမလား။ ခိုးသောက်မယ်လို့ တွေးကောင်းတွေးမိမှာဖြစ်ပေမဲ့ အသက်နဲ့တော့ ရင်းရဦးမှာပါ။ ဒါပေမဲ့ ခိုးသောက်သူတွေ ရှိခဲ့ပါတယ်။

အဲဒါကတော့ ၁၇ ရာစုအစောပိုင်းတုန်းက လက်ရှိ အစ္စတန်ဘူလို့ခေါ်တဲ့ ကွန်စတန်တီနိုပယ်မြို့မှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက အုပ်ချုပ်သူတွေဟာ ကော်ဖီဆိုင်တွေကနေတဆင့် အာဏာဖီဆန်မှုတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် ကော်ဖီဆိုင်တွေကို ပိတ်ခိုင်းခဲ့ကြပါတယ်။

ကော်ဖီသောက်တာကို ပထမအကြိမ်မိရင်တော့ ရိုက်နှက်အပြစ်ပေးကြပြီး ဒုတိယအကြိမ်မိရင်တော့ လူကိုအိတ်ထဲထည့်၊ သွားပေရော့ဆိုပြီး ပင်လယ်ထဲ ပစ်ချလိုက်တာပါပဲ။ ဒါပေမဲ့ တိတ်တဆိတ် ဆက်သောက်သူ အများအပြားရှိခဲ့တာကြောင့် အဲဒီအမိန့်ကို ပြန်ရုတ်သိမ်းခဲ့ရပါတယ်။

ဒီနေ့ခေတ်မှာတော့ ကချင်ပြည်နယ်မှာသာမက မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများမှာ ကော်ဖီကို စိုက်ပျိုးနေကြပါပြီ။ ဒီလိုမှတ်တမ်းရှိခဲ့တဲ့ ကော်ဖီရဲ့ရာဇဝင်က ဘယ်လိုပုံစံလဲဆိုတာကို ကော်ဖီတစ်ခွက်လောက် သောက်ရင်းနဲ့ သမိုင်းထဲကို ပြန်သွားကြည့်ရအောင်ပါ။

■ ကော်ဖီကို စတွေ့ရှိမှု

ကော်ဖီစပျံ့နှံ့ခဲ့တာကတော့ အီသီယိုးပီးယားနိုင်ငံကလို့ မှတ်တမ်းတွေက ဆိုကြပါတယ်။ ပါးစပ်ပြောဒဏ္ဍာရီအရတော့ ဆိတ်ကျောင်းသားတစ်ယောက်က သူ့ရဲ့ဆိတ်တွေ ကခုန်နေတာကို တွေ့တဲ့အချိန် ဘာကြောင့်လဲဆိုပြီး စူးစမ်းခဲ့လို့ပါပဲ။

အကြောင်းအရင်းကိုလိုက်ရှာတော့ သူ့ရဲ့ဆိတ်တွေဟာ ခပ်ဆန်းဆန်းအပင်တမျိုးက အသီးတွေ၊ အရွက်တွေကို စားသောက်ပြီး ကခုန်နေတာကို တွေ့ခဲ့ပါသတဲ့။ အဲဒီလိုကနေ သူလည်း စမ်းစားကြည့်ပြီး သူ့မိသားစုကိုပြောပြခဲ့တာကနေ ကော်ဖီကို လူတွေ စတင်သုံးစွဲခဲ့ကြတာလို့ ဆိုကြပါတယ်။

အီသီယိုးပီးယားကနေ တဆင့် နောက်ပိုင်းမှာ အာရပ်ကမ္ဘာတွေဆီကို ပျံ့နှံ့ခဲ့ပြီး လူတွေက ကော်ဖီနဲ့ပတ်သက်လို့ အရူးအမူးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ အာရပ်ကမ္ဘာကို ပျံ့နှံ့ခဲ့တာကတော့ ၆ ရာစုနှစ်လောက်မှာ အခုခေတ် ယီမင်နိုင်ငံလို့ခေါ်တဲ့ ဒေသကို အီသီယိုးပီးယားက နှစ် ၅၀ လောက် သိမ်းပိုက်ခဲ့ကြပါတယ်။ အဲဒီလို သိမ်းပိုက်တဲ့အချိန် ယီမင်မှာ ကော်ဖီအများအပြားစိုက်ပျိုးခဲ့ပြီး အာရပ်ကမ္ဘာနဲ့ ကုန်သွယ်ခဲ့ကြတာဖြစ်ပါတယ်။

အာရပ်တွေက အဲဒီကော်ဖီကို “ဝိုင်” လို့ဘာသာပြန်ရမယ့် “ကာဝါ” (Qahwa) လို့ ‌ခေါ်ခဲ့တာကနေ ဒီနေ့ခေတ် ကော်ဖီ (Coffee) ဆိုတဲ့ နာမည်ဖြစ်လာခဲ့တာပါ။

အစပိုင်းမှာတော့ အာရပ်ဘာသာရေးဆရာတွေဟာ သန်းခေါင်ယံ ဝတ်ပြုဆုတောင်းမှုတွေအတွက် မအိပ်ငိုက်အောင် ကော်ဖီကို စအသုံးပြုတာကနေ နောက်ပိုင်းမှာ ဆေးဝါးအဖြစ်၊ အဲဒီကနေ နေစဉ်သုံးဖျော်ရည်အဖြစ် ပြောင်းလဲလာတာပါ။

၁၅ ရာစုနှစ် ကုန်ဆုံးချိန်မှာတော့ မွတ်စလင်ဘုရားဖူးတွေက ကော်ဖီကို ပါရှား၊ အီဂျစ်၊ တူရကီနဲ့ မြောက်အာဖရိက စတဲ့ အစ္စလာမ်ကမ္ဘာတစ်ဝန်းကို ဖြန့်ချိပေးခဲ့ကြပြီး အမြတ်အစွန်းများတဲ့ ကုန်သွယ်ရေးပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

၁၆ ရာစုအရောက်မှာတော့ ကော်ဖီဆိုင်တွေစပေါ်ခဲ့သလို ကော်ဖီဆိုင်နဲ့ပတ်သက်လို့လည်း အုပ်ချုပ်သူတွေက အဆိုးမြင်ခဲ့ကြပါတယ်။

အုပ်ချုပ်သူတွေက လူတွေဟာ ကော်ဖီဆိုင်တွေမှာပဲ ပျော်ပါးနေတယ်၊ ကော်ဖီဆိုင်တွေကနေ သူတို့ကို လှောင်ပြောင်တဲ့ဖြစ်ရပ်တွေ စပျံ့နှံ့လာတယ်၊ အာဏာဖီဆန်မှုတွေဟာ ကော်ဖီဆိုင်တွေကနေ စတယ် စသဖြင့် အဲဒီလို အုပ်ချုပ်သူတွေဘက်က မြင်လာတဲ့အခါမှာတော့ ကော်ဖီဆိုင်တွေကို ပိတ်ပင်တော့တာပါပဲ။ အဲဒီလိုကနေ အပေါ်က ပြောတဲ့ သေဒဏ်ပေးတဲ့ ဖြစ်ရပ်မျိုးတွေအထိပါ ရှိခဲ့တာဖြစ်ပါတယ်။

ဥရောပနဲ့ တခြားဒေသတွေကို ရောက်ရှိမှု

အော်တိုမန်အင်ပါယာဟာ ၁၅၃၆ ခုနှစ်မှာတော့ ယီမင်နိုင်ငံကို သိမ်းပိုက်ပြီး သိပ်မကြာခင်မှာပဲ ကော်ဖီစေ့တွေဟာ အင်ပါယာတစ်ခွင်မှာ အရေးပါတဲ့ ပို့ကုန်တွေဖြစ်လာခဲ့ပါတယ်။

ကော်ဖီစေ့တွေကို ယီမင်နိုင်ငံရဲ့ မိုခါ (Mocha) ဆိပ်ကမ်းကတစ်ဆင့် အဓိက တင်ပို့ခဲ့ကြတာကြောင့် ဆိမ်းကမ်းနာမည်အတိုင်း မိုခါကော်ဖီဆိုတဲ့ နာမည်က စပေါ်ထွက်ခဲ့ပါတယ်။ ကော်ဖီကို အဲဒီဆိပ်ကမ်းကနေတဆင့် တခြားနေရာကိုပို့ပြီး ပြင်သစ်နဲ့ ဗင်းနစ်က ကုန်သည်တွေက လာဝယ်တာကနေ ဥရောပကို ကော်ဖီက ပျံ့နှံ့ခဲ့ပါတယ်။

အော်တိုမန်တွေဟာ ကော်ဖီကနေ ဝင်ငွေအမြောက်အများရလာတဲ့အတွက် ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ တခြားဒေသမှာ စိုက်လို့မရအောင် အစေ့ကို ရေနွေးနဲ့ပြုတ်တာ ဒါမှမဟုတ် လှော်တာတွေမလုပ်ဘဲ ပြည်ပကို မပို့ရဘူးလို့ တင်းကျပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ၁၆၁၆ ခုနှစ်မှာတော့ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးကို လွှမ်းမိုးထားတဲ့ ဒတ်ချ်လူမျိုးတွေဟာ ယီမင်နိုင်ငံ အေဒင် (Aden) မြို့ကနေ ကော်ဖီပင်တစ်ပင်ကို ဟော်လန်ဆီ သယ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ဘုရားဖူးတစ်ယောက်ဟာလည်း ကော်ဖီစေ့ခုနစ်စေ့ကို ဗိုက်မှာကပ်ပြီး ခိုးသယ်ခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မိုင်ဆို (Mysore) တောင်တန်းတွေမှာ အောင်အောင်မြင်မြင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

ဥရောပကို ကော်ဖီစရောက်တဲ့အချိန်တုန်းကတော့ ဒါဟာ အစ္စလာမ်ကမ္ဘာက သောက်သုံးတဲ့ အနက်ရောင် မှော်ဆေးရည်ဆိုပြီး လူတွေကထင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ခရစ်ယာန်နဲ့ အစ္စလာမ်တို့ စစ်ဖြစ်ခဲ့ကြတဲ့ ခရူးဆိတ်စစ်ပွဲရဲ့ ဂယက်တွေက ရှိနေပါသေးတယ်။

တကယ်ဟုတ်မဟုတ်ကို အတည်မပြုနိုင်ပေမဲ့ နာမည်ကြီးတဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင်တွေကြားမှာ ကော်ဖီရေပန်းစားလာတာဟာ ပုပ်ရဟန်းမင်းကြီး ကလီးမင့် (၈) ရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ပါ။

ကော်ဖီကို “စာတန်ရဲ့ အဖျော်ယမကာ” ဒါမှမဟုတ် “စာတန်ရဲ့ တီထွင်မှု” လို့ ဆန့်ကျင်တိုက်ခိုက်မှုတွေ ရှိပြီး ပုပ်ရဟန်းမင်းကြီးရဲ့ အကြံပေးတွေကလည်း အဲဒီဖျော်ယမကာကို ရှုတ်ချပေးဖို့ ရည်ရွယ်ချက်နဲ့ ပုပ်ရဟန်းမင်းကြီးကို ကော်ဖီစမ်းသောက်ခိုင်းခဲ့တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးက စမ်းသောက်ပြီးတဲ့အချိန်မှာတော့ “ဒါကို အယူမှားသူတွေကိုပဲ သီးသန့်သုံးစွဲခွင့် ပေးထားလိုက်ရင်တော့ နှမြောစရာပဲ”လို့ ပြောတဲ့အကြောင်း ပါးစပ်ရာဇဝင်တွေက ပြောကြပါတယ်။

ကော်ဖီစိုက်ပျိုးမှုရဲ့ အမှောင်ခြမ်း

စက်မှုတော်လှန်ရေးကာလရောက်လာတဲ့အခါမှာတော့ ကော်ဖီဟာ အောက်ခြေလူတန်းစားတွေအတွက် တခြားအာဟာရရှိတဲ့ အစားအစာနေရာတွေကို အစားထိုးဝင်ရောက်လာပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ရတဲ့အချိန်တွေက များလွန်းတာကြောင့် အိမ်ရှင်မတွေဟာ ဟင်းချက်ဖို့ အချိန်မပေးနိုင်ကြဘဲ ကော်ဖီခပ်ကျဲကျဲတစ်ခွက်လောက်နဲ့ပဲ ဝမ်းဖြည့်ခဲ့ကြရတာပါ။

အဲဒါထက်ဆိုးတာကတော့ ကော်ဖီကို ကမ္ဘာအနှံ့စားသုံးလာကြတဲ့နောက် ကော်ဖီစိုက်ပျိုးမှုတွေအတွက် ကျွန်တွေကို အလုံးအရင်းနဲ့ အသုံးပြုလာကြတာပါပဲ။ ကော်ဖီပင်လယ်ပြင်ကြီးရှိတဲ့နေရာကတော့ ဘရာဇီးမှာဖြစ်ပါတယ်။

စတုရန်းမိုင် ၃ သန်းကျော် ကျယ်တဲ့ ဘရာဇီးဟာ ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒီမှာ ကော်ဖီခင်းတွေဟာ ဧကထောင်သောင်းချီရှိခဲ့ပြီး ကျွန်တွေရဲ့ လုပ်အားနဲ့ စိုက်ပျိုး ခဲ့ကြတာပါ။

ကော်ဖီစိုက်ခင်းတွေမှာ လုပ်ရတဲ့သူတွေရဲ့ အလုပ်ချိန်ဟာ တစ်ရက် ၁၇ နာရီလောက်ရှိပြီး အိပ်ချိန်ကတော့ ၇ နာရီလောက်ပဲ ရကြပါတယ်။

ကော်ဖီစိုက်ပျိုးမှု တိုးတက်လာတာနဲ့အမျှ ဘရာဇီးရဲ့ ကျွန်တင်သွင်းမှုဟာလည်း ၁၈၂၅ ခုနှစ်မှာ ၂၆,၂၅၄ ယောက် ရှိတာကနေ ၁၈၂၈ ခုနှစ်မှာတော့ ၄၃,၅၅၅ ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘရာဇီးမှာ ကျွန်ဦးရေ တစ်သန်းကျော်ရှိနေပြီး နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံနီးပါး ရှိနေတာ ဖြစ်ပါတယ်။

တကယ်ကတော့ ကော်ဖီမှာ အပြစ်မရှိပါဘူး။ လောဘကြီးလွန်းတဲ့ စိုက်ခင်းပိုင်ရှင်တွေ၊ အာဏာရှင်တွေရဲ့ လူသားမဆန်မှုကြောင့်ပဲဖြစ်ပါတယ်။

၁၈၈၀ ပြည့်နှစ်တုန်းကဆိုရင် ဘရာဇီးပါလီမန်အမတ်တစ်ယောက်က “ဘရာဇီးဆိုတာ ကော်ဖီပဲ၊ ကော်ဖီဆိုတာလည်း ကျွန်တွေပဲ” လို့ ကြွေးကြော်ခဲ့တဲ့အထိပါ။

ကော်ဖီစိုက်ပျိုးမှုကြောင့် ဘရာဇီးမှာ သစ်တောတွေလည်း ဆုံးရှုံးခဲ့ရပြီး မြေဆီလွှာတွေလည်း မိုးရေနဲ့အတူ မျောပါခဲ့ရပါတယ်။ ဒါဟာ လက်ရှိ ကချင်ပြည်နယ်မှာစိုက်ပျိုးနေတဲ့ တစ်သျှူးငှက်ပျောလို ကိစ္စမျိုးနဲ့ ဆင်တူတဲ့ ဖြစ်ရပ်ပါပဲ။

နိဂုံး

ကော်ဖီနဲ့ ကော်ဖီဆိုင်တွေအကြောင်း ပြောမယ်ဆိုရင်တော့ တထောင့်တစ်ညပုံပြင်တွေထက်တောင် ရှည်နိုင်ပါသေးတယ်။ ခေတ်အဆက်ဆက် ညဏ်အလင်းပွင့်မှုတွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ တော်လှန်ရေးတွေဟာလည်း ကော်ဖီဆိုင်တွေနဲ့ မကင်းခဲ့ပါဘူး။

စိတ်မကောင်းစရာကတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဟာ လာမယ့်ဆယ်စုနှစ်တွေထဲ ၅၀ ရာခိုင်နှုန်းလောက် နည်းသွားနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြတာပါပဲ။

ကိုးကား – Uncommon Grounds: The History of Coffee and How it Transformed our World by Mark Pendergrast/ Blessed by the Pope? by Historic Cafes Route

 

LEAVE A REPLY

Please enter your comment!
Please enter your name here