ချွေး၊ သွေး၊ အသက်နဲ့ လောင်းကြေးထပ်ခဲ့ရတဲ့ စစ်ရှောင်ခရီးကြမ်း

15

(ဆောင်းပါးတို)

ရေးသူ – နန်းမျိုးမြတ်နှင်း

လည်ပင်းမှာ မက်ကလောင်ခြစ်ရာအပြည့်အပြင် ခြေနှစ်ချောင်းမှာ ပိတ်စဖြူအပြည့်ပတ်ထားတဲ့ အမျိုးသမီးတစ်ယောက် သူ့အမျိုးသားရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းမေ့မျောနေပါတယ်။

အဲဒီအမျိုးသမီးကတော့ ကလေးမွေးထားတာ ၉ လပဲရှိသေးတဲ့ အသက် ၃၅ နှစ်အရွယ် ရဝမ်လူမျိုး ဒေါ်မနားမေရီပါ။

သူရောက်ရှိနေတဲ့ နေရာကတော့ ကချင်ပြည်နယ်၊ ပူတာအိုမြို့ဖြစ်ပြီး အရင်နေခဲ့တဲ့ နေရာကတော့ ခေါင်လန်ဖူးမြို့နယ်၊ အမတ်ပေါ်ရွာဖြစ်ပါတယ်။

ခေါင်လန်ဖူးမြို့နယ်ရဲ့ ဒေသအချို့(အမတ်ပေါ်ရွာနဲ့ အနီးတစ်ဝိုက်ရွာတွေ/ တရုတ်နယ်စပ်အနီးရွာတွေ) မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး စစ်အုပ်စု၊ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် တပ်သားသစ်စုဆောင်းရေးတွေပါ လုပ်ခဲ့တာကြောင့် ရွာသူရွာသားတွေဟာ ဇူလိုင်လ ဒုတိယအပတ်လောက်ကစလို့ ပူတာအိုမြို့ပေါ် ခက်ခက်ခဲခဲ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။ ဒေါ်မနားမေရီဟာလည်း အဲဒီလို ထွက်ပြေးလာတဲ့သူတွေထဲက တစ်ယောက်ပါ။

ခေါင်လန်ဖူးဟာ ပူတာအိုနဲ့ ၁၃၂ မိုင်လောက်ဝေးပါတယ်။ လက်ရှိ တိုက်ပွဲနဲ့ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးကြောင့် တော၊ တောင်တွေကြား ညအိပ်ပြီး ခြေကျင်ခရီးနှင်မှ ပူတာအိုကိုရောက်တာပါ။ လမ်းမှာ ကျွတ်တွေ၊ ခြင်တွေနဲ့ ဖြုတ်တွေက ပေါများလွန်းလှပါတယ်။

ကလေးမွေးထားတာ ၉ လပဲ ရှိသေးတဲ့ ဒေါ်မနားမေရီဟာလည်း အဲဒီကြမ်းတမ်းတဲ့ ခရီးလမ်းကို မဖြစ်မနေ ဖြတ်သန်းခဲ့ရပါတယ်။ သွေးနုသားနုဖြစ်တဲ့ သူမအဖို့တော့ ဒီခရီးစဉ်ဟာ အသက်နဲ့လောင်းကြေးထပ်ထားရတဲ့ ရွှေ့ပြောင်းမှုပါပဲ။

ရွာကနေ မိသားစုနဲ့အတူ လမ်းလျှောက်ထွက်ခွာလာခဲ့ပြီး မကြာခင်မှာပဲ ဒေါ်မနားမေရီတစ်ယောက် ခြေထောက်တွေရောင်ကိုင်းလာသလို အားအင်ချီ့နဲ့ပြီး နေမကောင်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ခြေထောက်တွေကို ပိတ်စဖြူတွေပတ်ပြီး လမ်းလျှောက်ခဲ့ရပါတယ်။

“မလျှောက်နိုင်တဲ့ တချို့နေရာတွေမှာတော့ ထမ်းခေါ်လာတာပေါ့နော်။” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့သူ တစ်ယောက်က ပြောပါတယ်။

ရွာသူရွာသားတွေဟာ ကြမ်းတမ်းတဲ့တောင်ပေါ်လမ်းကို ၂ ပတ်ကျော်လောက် လမ်းလျှောက်ခရီးနှင်ပြီးမှ ကားလမ်းပေါက်တဲ့နေရာကို ရောက်လာပါတယ်။ အဲဒီအချိန်ရောက်မှ ကူညီပေးတဲ့အဖွဲ့တွေက စစ်ဘေးရှောင်လာသူတွေကို အလျှိုလျှိုကားနဲ့ခေါ်လာလို့ ပူတာအိုမြို့ကို ရောက်ရှိလာရတာပါ။

ပူတာအိုကိုရောက်တဲ့အချိန်မှာ ဒေါ်မနားမေရီဟာ ပင်ပန်းနွမ်းနယ်နေပြီး ၉ လသားအရွယ် ကလေးငယ်ကတော့ တုပ်ကွေးရောဂါကို ခံစားနေရတာကြောင့် ဆေးကုသမှု ပေးခဲ့ကြရပါတယ်။

“ကလေးမိခင်ဆိုတော့ တော်တော်လည်း လကနုနေသေးတော့ အဲဒီလိုဖြစ်တာထင်တယ်။”လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့သူက ပြောပါတယ်။

ဒါပေမဲ့ ပူတာအိုမြို့ပေါ်ကို ခက်ခက်ခဲခဲနဲ့ ရောက်လာခဲ့တဲ့ ဒေါ်မနားမေရီတစ်ယောက် ရောက်ပြီး နောက်တစ်ရက် (ဩဂုတ် ၃ ရက်) မှာပဲ သူမချစ်တဲ့ မိသားစုနဲ့ ရွာသူရွာသားတွေကို လောကကြီးကနေ အပြီးအပိုင် နှုတ်ဆက်သွားခဲ့ပါတယ်။

အဲဒီနောက် သူမရဲ့ အမျိုးသားရင်ခွင်ထဲမှာ လဲလျောင်းနေတဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူမသေဆုံးချိန်မှာတော့ စုစုပေါင်း ကလေး ၆ ယောက်နဲ့ အမျိုးသားဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။

စစ်ဆိုတဲ့အရာကြောင့် ခုလို ပြည်သူတွေ ဘဝပျက် သေကွဲကွဲရတယ်။”လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ချွေး၊ သွေး၊ အသက်နဲ့ လောင်းကြေးထပ်ခဲ့ရတဲ့ ဒီခရီးစဉ်မှာတော့ ဒေါ်မနားမေရီရဲ့ မိသားစုဝင်တွေ ရခဲ့တာက ဝမ်းနည်းမျက်ရည်တွေပါပဲ။

ကျန်တဲ့ ကလေးမိခင်တွေ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါတဲ့ ခေါင်လန်ဖူးက စစ်ရှောင်လာသူ ၆၀၀ လောက်ကတော့ ပူတာအိုက ရဝမ်ရိုးရာစာပေနဲ့ ယဉ်ကျေးမှုရုံးဝင်းအတွင်းမှာ ခိုလှုံခွင့်ရရှိထားကြပါတယ်။

ဒါပေမဲ့ သူတို့ဟာလည်း နောက်ထပ် အထွေထွေအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here