လီဒိုလမ်းတစ်လျှောက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

17

 

ဩဂုတ်၊၁၃

ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်မှာ ဦးမင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာက ဦးမင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ တပ်စွဲထားတဲ့ စံပြစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ KIO/KIAသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“သူတို့ရဲ့ အဖွဲ့တွေကို မွမ်းမံသင်တန်းပေးတာတဲ့။ အဲဒီသင်တန်းဆင်းပွဲလုပ်တဲ့အချိန် ကျွန်တော်တို့ KIA တပ်မဟာ၂ က ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အချိန် သူတို့ဆီမှာ နည်းနည်း ထိခိုက်နစ်နာမှုတွေရှိခဲ့တယ်လို့ ကြားမိတယ်။ အဲဒါပြီးတဲ့နောက် လီုဒိုလမ်းဘက်မှာ လှုပ်ရှားသွားလာပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှိက်တာတွေ ရှိတယ်လို့ သတင်းရတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဩဂုတ်လ ၈ ရက်နေ့က အထက်ပါစံပြစခန်းမှာ ဦးမင်းဇေသန့်တပ်ဖွဲ့တွေ အပါအဝင် တခြားပူးပေါင်း တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့ ၊ လီဆူပြည်သူ့စစ်အဖွဲ့-စတဲ့ အဖွဲ့အသီးသီးက တပ်ဖွဲ့ဝင် အယာက် ၉၀ ခန့်ကို မွမ်းမံသင်တန်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

KIA/KPDF ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူစစ်အဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

အဝေးကနေသာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝါရာဇွပ်ဌာနေပြည်သူ့ စစ်သင်တန်းသား တယောက်မှကျဆုံးခြင်းမရှိဘဲ အသေးစားဒဏ်ရာရသူ နှစ်ဦးသာရှိခဲ့ပြီးတော့ လက်နက်ခဲယမ်းမီးကျောက် ဆုံးရှုံးမှုတွေလည်း မရှိဘူးလို့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနေ့မှာပဲ KIA/KPDF ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့အတွက် ဦးမင်းဇေသန့်အဖွဲ့ကနေ သူတို့ မသင်္ကာမှုနဲ့ ဖမ်းဆီးထားတဲ့ နောင်းမီကျေးရွာက ပြည်သူလေးဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ပစ်သတ်ခဲ့တယ်လို့ ကြားသိရတဲ့အကြောင်း လီဒိုလမ်းနေ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

သူတို့ ၄ ဦးဟာ ရွှေမှော်သွားတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စံပြစခန်းကို KIA ကနေ တိုက်ခိုက်ပြီးတဲ့နောက် ပစ်သတ်ခံခဲ့ရတာလို့ အထက်ပါပြည်သူက ဆိုပါတယ်။ အဖမ်းခံရသူတွေရဲ့ မိဘတွေနဲ့ ရပ်ရွာလူကြီးတွေ သွားရောက်ပြောဆိုရာမှာတော့ ပစ်သတ်လိုက်ပြီလို့ အကြောင်းပြန်ခဲ့ကြောင်း အထက်ပါပြည်သူက ဆက်လက်ပြောပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သက်ပြီး အတိအကျသိရှိနိုင်ဖို့ ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇေသန့်ကို မြစ်ကြီးနားသတင်းဂျာနယ်ကနေ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဩဂုတ်လ ၇ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တနိုင်းမြို့ဘက်သွားတဲ့ ခရီးစဉ်ရှိတဲ့အတွက် ဦးမင်းဇေသန့်အဖွဲ့တွေ လုံခြုံရေးယူနေတဲ့အချိန်မှာ အဲဒီဒေသခံပြည်သူလေးဦးကို စစ်ဆေးဖမ်းဆီးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါဒေသခံပြည်သူလေးဦးကို ဖမ်းဆီးထားတဲ့အချိန် ထွက်ပြေးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ အကြောင်းပြပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ကြားသိရကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပစ်သတ်လိုက်တယ်လို့ ပြောနေပေမဲ့လည်း ဒီကနေ့အထိ ရုပ်အလောင်းထုတ်ပြတာတော့ မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ဦးမင်းဇေသန့်အဖွဲ့ကနေ လီဒိုလမ်းပေါ်က သူတို့နေရာယူတပ်စွဲထားတဲ့ဂိတ်တွေမှာ စစ်ဆေးတာတွေအပြင် ကျေးရွာတွေအတွင်း ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

လီဒိုလမ်းမပေါ်က ဝါရာဇွပ်ကျေးရွာနဲ့ ရှဒူးဇွပ်ကျေးရွာစတဲ့ အနီးဝန်းကျင်ဟာ ရွှေအများအပြားထွက်တဲ့ နေရာတွေဖြစ်ပြီး စစ်တပ်လက်အောက်ခံပူးပေါင်းတပ်ဖွဲ့ ဦးမင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ KIA /KPDF ပူးပေါင်းတပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here