ကာမိုင်း- မဂေါင်းတောင်ကျေးရွာကြား ရေကြီးနေပြီး သွားလာရေး အခက်ကြုံ

21

 

ဇူလိုင်၊၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု ကာမိုင်း-မဂေါင်းတောင် ကျေးရွာအကြား ရေကြီးနေပြီး လမ်းသွား/လာ ကား၊ ဆိုင်ကယ်တွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

လတ်တလော မိုးများတဲ့အတွက် မိုးကောင်းမြစ်‌ရေကြီးလာပြီး ဒီကနေ့ ဇူလိုင်လ၂၀ ရက်နေ့ကစပြီး အဲဒီရွာနှစ်ရွာကြား ရေဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ရေက ပိုကြီးလာဖို့ပဲ ရှိတယ်။ မိုးကောင်းရေကြီးလာတော့ ရေတိုးလာတာပေါ့”လို့ ဆိုပါတယ်။

ရေကြီးနေတဲ့လမ်းပိုင်းမှာ ဆိုင်ကယ်စီးနင်းသူတွေကို လှေနဲ့ တစ်ဖက်ခြမ်း သွားလိုတဲ့ဘက် ပို့ဆောင်တာတွေ ရှိ‌တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကားအသေးတွေလည်း ဖြတ်လို့မရတဲ့ အခြေအနေရှိနေပြီး ဒီကနေ့ အဲ့ဒီလမ်းပိုင်းမှာ ကား ၁၀ စီးဝန်းကျင် ပိတ်မိနေတာလို့ သိရပါတယ်။

အဲဒီထဲက တချို့ကားတွေ ရေဝင်ပြီး ပျက်နေတာတွေရှိသလို ထွန်စက်တွေနဲ့ တစ်ဖက်ခြမ်းဘက် ဆွဲပေးနေတယ်လို့ အထက်ပါ ခရီးသွားပြည်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိ ရေကြီးနေတဲ့ နေရာကရေဟာ တစ်ချို့နေရာတွေမှာ ခါးလောက်အထိ ရောက်နေပြီလို့လည်း ပြောပါတယ်။

ရေကြီးနေတဲ့ နေရာကနေ ဖြတ်သန်းဖို့ဆိုရင် ၃ ဖာလုံလောက် သွားရတယ်လို့လည်း ထပ်မံ သိရှိရပါတယ်။

လက်ရှိအချိန် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာလည်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မော်ဝမ်း၊ငှက်ပျောတော၊အေးမြသာယာ၊မရှီကထောင်၊ မြို့မ-စတဲ့ရပ်ကွက်တွေဟာ အခြားနေရာတွေထက် ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေကြရတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here