ဇူလိုင်၊ ၂၉
စစ်အုပ်စုရဲ့ ပြည်ထောင်စုလွှတ်တော်က သေဒဏ်အထိချမှတ်နိုင်တဲ့ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေကို အတည်ပြုလိုက်ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဲဒီလွှတ်တော်မှာ သဘောထားကွဲလွဲနေတဲ့ အချက်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အင်တာနက် လိမ်လည်မှုတွေ ပြုလုပ်ဖို့ အတွက် လူတစ်ယောက်ယောက်ကို အကြမ်းဖက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ ဒါမှမဟုတ် မတရားဖမ်းဆီးချုပ်နှောင်တာတွေ ပြုလုပ်ရင် အဲဒီဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။
ဒါ့အပြင် နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးသွားရင် သေဒဏ်အထိ ကျခံစေဖို့လည်း အဲဒီဥပဒေမှာ ပါရှိပါတယ်။ အဲဒီဥပဒေကြမ်းကိုတော့ အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က မေလထဲမှာ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အခုလို လွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုပြီးသွားရင်တော့ ဦးမင်းအောင်လှိုင်ဆီ ပြန်ပို့ရမှာဖြစ်ပြီး သူက လက်မှတ်ထိုးပြီးသွားရင်တော့ ဥပဒေအဖြစ် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။
အွန်လိုင်းအခြေပြု လိမ်လည်မှုတွေဟာ အရင်ကတည်းကရှိခဲ့ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ အရှေ့တောင်အာရှမှာ အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းက လူတွေကို လိမ်လည်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေဟာ အဓိက အနေနဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာ အများအပြား အခြေစိုက်နေကြတာဖြစ်ပါတယ်။





