ပူပန်ရမှု သံသရာထဲက စစ်ဘေးရှောင် ကျောက်ကပ်ဝေဒနာရှင် မချန်ဆားရ်

3

 

ရေးသူ-မိုင်းနီ

ဖျားနာမှုတွေ ရှိတဲ့အခါ သာမာန်လူအတွက် ဆေးရုံဆေးခန်းသွားတာဟာ ရိုးရှင်းတဲ့ ကိစ္စတစ်ခုဖြစ်ပေမဲ့ ဝေဒနာရှင် စစ်ရှောင်အမျိုးသမီး တစ်ဦးအတွက်တော့ ကြီးမားတဲ့ ဘဝတိုက်ပွဲတစ်ခု ဖြစ်နေတတ်ပါတယ်။

နာတာရှည်ရောဂါခံစားနေရပြီး ဆေးပုံမှန်မှီဝဲနေရတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကတော့ လိုအပ်တဲ့ ဆေးဝါးတွေကို ဖြည့်စွမ်းနိုင်ဖို့ရာ လက်လှမ်းမမှီနိုင်တော့ဘဲ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေပါတယ်။

သူမနာမည်ကတော့ မယုံငိုင်ချန်ဆားရ်ပါ။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပြီး တစ်ပတ်ကိုနှစ်ကြိမ် ကျောက်ကပ် ဆေးနေရပါတယ်။

တစ်ရက်ခြားတစ်ခါ ဆေးရတဲ့အပတ်တွေရှိတတ်သလို ကျောက်ကပ်ဆေးတာမှာ လိုအပ်တဲ့ ဆေးတွေမှီဝဲတဲ့ လုပ်ငန်းစဉ်တွေနဲ့ လုံးပန်းနေရသူဖြစ်ပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ သူမကဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းအခြေအနေကြား ဒီနောက်ပိုင်းမှာ ဆေးသောက်တာကို နောက်ရွှေ့ထားပြီး ကျောက်ကပ်ဆေးရဖို့ကိုပဲ အဓိကထားလာရပါတယ်။

အခုလို ဆေးသောက်ဖို့ ဦးစားမပေးနိုင်တော့တာက သူမအတွက် ကြီးလေးတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။

နေ့စဉ်သောက်နေကျဆေးတွေကို ရပ်နားလိုက်ရတာဟာ ဆေးတွေဈေးကြီးမြင့်လာလို့ဖြစ်ပြီး သူမအနေနဲ့ လက်လှမ်း မမှီနိုင်တော့တာကြောင့် “တခါတလေ ကျောက်ကပ်ဆေးတဲ့နေရာကနေ ပိုလို့ရှိရင်တော့ ဝယ်သောက်တယ်။” လို့ မချန်ဆားရ်က ပြောပြပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ကဘူဒမ်း COC စစ်ရှောင်စခန်းမှာ စစ်ရှောင်ရင်း နေထိုင်နေသူဖြစ်ပေမဲ့ အရင်ကတော့ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာမှာ နေထိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ၂၀၁၇ ခုနှစ်ကတည်းက တိမ်းရှောင်လာခဲ့ရတာပါ။

လမ်းခရီးအခြေနေ၊နိုင်ငံရေးအခြေအနေ-စတဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဒီနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ဆေးဝါးဈေးတွေ တောက်လျှောက် မြင့်တက်လာသလို ပြတ်လတ်မှုတွေ ပါရှိနေတာ ဖြစ်ပါတယ်။

ကချင်ပြည်အတွင်းက တခြားဒေသတွေနဲ့ စာရင် မြစ်ကြီးနားမြို့ဟာ ဆေးဝါးရရှိနိုင်မှု အခြေအနေ မဆိုးဝါးဘူးလို့ ပြောလို့ရသေးပေမဲ့ မချန်ဆားရ်ကတော့ လိုအပ်တဲ့ဆေးတွေကို ပုံမှန်မမှီဝဲနိုင်တဲ့အထိ ကျပ်တည်းမှုနဲ့ ကြုံနေရပါတယ်။

လိုအပ်တဲ့ဆေးဝါးတွေ မြစ်ကြီးနားမှာ အလွယ်တကူ မရနိုင်တာကြောင့် ရန်ကုန်လိုမြို့ပြကြီးကနေတဆင့် အိန္ဒိယဘက်ကနေ မှာယူနေရတဲ့အကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။

“ဆေးကပိုဈေးကြီးလာတယ်။ တလောကတက်လာချိန် လေးလစာလောက် ကြိုတင်ဝယ်တက်လာရတယ်။” လို့ ဒေသခံက ဆိုပါတယ်။

သွားရေးလာရေးခက်ခဲတာ၊ ကားလမ်းခက်ခဲတာတွေကြောင့် ပြတ်လပ်မှာစိုးတဲ့အတွက် ဆေးတွေကို လပိုင်းစာလောက် ဈေးကြီးပေးဝယ်ထားရတာလို့ ဆက်လက်ပြောပါတယ်။

ဝင်ငွေအသင့်တင့်နဲ့ ပုံမှန်ဝင်ငွေရှိသူတွေတောင် ကျပ်တည်းခက်ခဲရတဲ့ ကာလထဲ မချန်ဆားရ်အနေနဲ့တော့ ပိုပိုပြီး ကျပ်တည်းလာမှုကြောင့် ကျောက်ကပ်ဆေးဖို့ကိုပဲ ဦးစားပေးလာရတာပါ။

“အရင်ကထက်စာရင်တော့တက်တယ်(ဆေးဝါးဈေးနှုန်း) ။ပိုက်ဆံရှိရင်တော့ ဝယ်သုံးလို့ အဆင်ပြေတယ်။”လို့ မချန်ဆားရ်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတည်းက ကျောက်ကပ်ဆေး နေရသူတွေ သောက်သုံးရတဲ့ဆေးတွေဟာ ပြတ်လပ်တာနဲ့ ဈေးမြင့်တက်တာတွေ ရှိခဲ့တာကြောင့် အာနိသင်တူဆေးဝါးတွေ အစားထိုး သောက်သုံးရတာမျိုး ရှိခဲ့ပါတယ်။

ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေနဲ့ ရေပိုရေလျှံတွေကို စစ်ထုတ်ဖို့ ကျောက်ကပ် မဖြစ်မနေ ဆေးဖို့ လိုအပ်သလို တခြားကိုယ်တွင်းလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးဖို့ လိုအပ်တဲ့ဆေးတွေကို မှီဝဲဖို့ကလည်း အရေးကြီးပါတယ်။

လက်ထဲငွေရှိနေရင်တော့ ဖျားနာလာရင် ဆေးခန်းသွားလိုက်ရုံဆိုပေမဲ့ အဆင်မပြေလှတဲ့ သူတွေ အဖို့တော့ ဆေးရုံ၊ဆေးခန်း တခါတခါ သွားဖို့ ခက်ခဲကျပ်တည်းလွန်းပါတယ်။

ကျောက်ကပ် တစ်ခါဆေးခ ကျပ်တစ်သိန်းခြောက်သောင်းကျသင့်ပြီး လက်မောင်းထိုးဆေးနဲ့ ကျောက်ကပ်တု (ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို အစားထိုးလုပ်ဆောင်ပေးတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း) ပါ လဲရတဲ့နေ့တွေဆိုရင် တစ်ကြိမ်ကို နှစ်သိန်းခွဲနဲ့အထက် ကုန်ကျလေ့ရှိတာပါ။

ဒီနောက်ပိုင်းမှာတော့ ကျောက်ကပ်တု တစ်ခါဝယ်ထားရင် အကြိမ်ရေ အနည်းငယ်သာ သုံးနိုင်ပြီး တစ်ခုကို ကျပ် ၆ သောင်းနဲ့ ၇ သောင်းကြားရှိတယ်လို့ ဆိုပါတယ်။

“အခုက ဆေးတာကြာလို့လားတော့မသိဘူး။ ကျောက်ကပ်တုက ခဏခဏ လဲရတယ်။”လို့ ငွေကြေး အကုန်ကျ ပိုများလာရတဲ့အကြောင်းကို မချန်ဆားရ်က ပြောပြပါတယ်။

ကျောက်ကပ်ဆေးရာမှာသုံးတဲ့ ကျောက်ကပ်တု လဲရတဲ့နေ့ဆိုရင် လက်မောင်းထိုးဆေး မပါရင်တောင် ကျပ်နှစ်သိန်းကျော် ကုန်ကျလေ့ရှိပါတယ်။ ဒါကြောင့် ကျောက်ကပ်တု လဲရမယ့်နေ့ဆိုရင် စိတ်အပူဆုံး ဖြစ်ရတာပါ။

တစ်ပတ် နှစ်ကြိမ် ကျောက်ကပ်ဆေးရတဲ့အပြင် လက်မောင်းထိုးဆေး၊ ကျောက်ကပ်တုလဲတာနဲ့ သောက်ဆေး အားဆေးတွေအပါဆိုရင် တစ်လကို ကျပ်သိန်း ၂၀ ခန့်ကုန်ကျပါတယ်။

လိုအပ်တဲ့ဆေးတွေကိုလည်း တစ်ပတ်စာ ဆေးဝယ်သောက်ရတာဖြစ်ပေမဲ့ နှစ်ပတ်လောက်အထိ ဆေးပြတ်လပ်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။

အခုလို ကျောက်ကပ်ပုံမှန်ဆေးနိုင်ဖို့ သူမရဲ့ အသိမိတ်ဆွေတွေ အွန်လိုင်းပေါ်က အလှူရှင်တွေရဲ့ ကူညီပေးတဲ့ အလှူငွေတွေနဲ့သာ အဓိကဖြေရှင်းနေရတာပါ။

“တခါတလေ အလှူလက်ထဲမှာနည်းနည်းပါးပါးရှိရင်တော့ အလှူမခံတော့ဘူး။ ကုန်မှပဲ မရှိမှပဲ အလှူခံတယ် အလှူရှင်တွေကိုလည်းအားနာတယ်။” လို့ တစ်ကြိမ်ပြီး တစ်ကြိမ်အတွက် အလှူရှင်တွေရဲ့ အကူညီနဲ့သာ ကျော်လွှားနိုင်တာဖြစ်ကြောင်း ကျေးဇူးတင်အားနာစိတ်နဲ့ မချန်ဆားရ်က ပြောပါတယ်။

အခုလို လူတိုင်းအဆင်မပြေ ကျပ်တည်းနေချိန်မှာ ကူညီအသက်ဆက်ပေးတဲ့ အလှူငွေတွေက သူမအတွက် အတော်လေး အထောက်အကူဖြစ်ကြောင်းလည်း ဆိုလေ့ရှိပါတယ်။

တခါတလေ လိုအပ်တဲ့ငွေ အကူညီရတာ မပြည့်တဲ့အခါမျိုးတွေဆိုရင်လည်း မရရအောင် ကြံဖန်ချေးငှားပြီး ဖြစ်အောင်သွားဆေးရတာနဲ့ သူမ သွားလေ့ရှိတဲ့ ဆေးခန်းက ဆရာမတွေလည်း အဆင်မပြေတဲ့အခါ လက်မောင်းထိုးဆေးတွေ အခမဲ့ထိုးပြီး ကူညီပေးတာတွေလည်းရှိကြောင်းဆိုပါတယ်။

ကျောက်ကပ်ပုံမှန်ဆေးနိုင်ဖို့အပြင် စားဝတ်နေရေးအတွက်လည်း သူမ ပူပန်ရပါတယ်။ ဒါကြောင့် ကျောက်ကပ်ဆေးပြီးလို့ နောက်ရက်မှာ စားဝတ်နေရေးဖြေရှင်းဖို့ နိုင်သလောက်လေး တနိုင်တပိုင် အလုပ်လုပ်သူပါ။

နေကောင်းချိန်လေးအတွင်း ကလစ်လေးတွေလုပ်ပြီး ရောင်းပါတယ်။

“ဆေးပြီး တစ်ရက် နှစ်ရက် လောက်ပဲ နေကောင်းတယ်။ ရေများသွားပြီဆိုရင် မလုပ်နိုင်တော့ဘူး။ မထနိုင်တော့ဘူး။” လို့လည်း အတည်တကျ မလုပ်နိုင်တဲ့အကြောင်း ပြောပြပါတယ်။

ကလေး ၂ ယောက်ရဲ့ ကျောင်းစရိတ်လည်း ရှိတာကြောင့် နေမကောင်းတဲ့ကြားကနေပဲ ကလစ်လေးတွေ လုပ်ပြီး တခါတလေ ရွာပတ်ရောင်းဖြစ်သလို အော်ဒါရရင် ရသလို လုပ်လေ့ရှိပါတယ်။

တပိုင်တနိုင်လုပ်ရောင်းရာကနေ ကျောက်ကပ်ဆေးဖို့အတွက် တခါတလေ အနည်းအကျဉ်း ဖြည့်နိုင်ပေမဲ့ တခါတလေကျတော့လည်း ကုန်ကြမ်းတွေဝယ်ဖို့တောင် အရင်းနှီးမရှိတာကြောင့် အလုပ်ကို “တစ်လနှစ်လ နားရတယ်။”လို့လည်း မချန်ဆားရ်က ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ကျောက်ကပ် အခမဲ့ဆေးပေးတဲ့ နေရာတွေမရှိပါဘူး။ ရန်ကုန်၊ မန္တလေးတို့လို မြို့တွေ ဘက်မှာတော့ ကျောက်ကပ်အခမဲ့ဆေးပေးတဲ့ နေရာတွေရှိပေမဲ့ သူမအနေနဲ့ သွားရောက်ဖို့ ခက်ခဲသလို ကျောက်ကပ်အစားထိုးနိုင်ဖို့ရာလည်း သူမအတွက် အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

ကျောက်ကပ်မလဲလှယ်နိုင်သေးသရွှေ့ တလျှောက်လုံး ကျောက်ကပ်ဆေးတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင် နေရဦးမယ့် သူမအနေနဲ့ တစ်ကြိမ်ဆေးပြီး နောက်တစ်ကြိမ်အတွက် ပူပန်မှုတွေနဲ့ ရှေ့ဆက်နေရဦးမှာပါ။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here