ကချင်အစပ် စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့တွေမှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်နားကပ်၊ နှစ်ပေါင်း ၄၄ နှစ်အတွင်း မိုးကုတ်မှာ စံချိန်တင်မိုးများ

19

 

ဩဂုတ်၊ ၇

ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အောက်ပိုင်းက ချင်းတွင်းမြစ်ရေဟာ မြို့ ၄ မြို့မှာ စိုးရိမ်ရေအမှတ်နားရောက်လာပြီလို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးလိုက်ပါတယ်။

အဲဒီမြို့တွေကတော့ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မုံရွာမြို့တို့ဖြစ်ပြီး နောက်တစ်ရက်အတွင်းနဲ့ ၃၆ နာရီအတွင်း စိုးရိမ်ရေအမှတ်တွေကို ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းမှာနေထိုင်သူတွေအနေနဲ့ ကြိုသတိထားကြဖို့နဲ့ ရေတက်လာရင် ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအောက်ပိုင်း ဘားအံမြို့က သံလွင်မြစ်ရေဟာလည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ကိုရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီရက်ပိုင်းထဲမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းကလွဲလို့ ကျန်တဲ့ဒေသတော်တော်များများမှာ မိုးရွာသွန်းမှု များနေပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ဧရာဝတီတိုင်းမှာဆိုရင်လည်း လေးမျက်နှာမြို့က ငဝန်မြစ်ရဲ့ တာကျိုးကျပြီး ရေဝင်နေတာကြောင့် လေးမျက်နှာ၊ ငသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်နဲ့ ဟင်္သာတမြို့နယ်တို့မှာ ရေကြီးမှုတွေ၊ ရေဝင်ရောက်မှုတွေ ဖြစ်ပွားပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့မှာဆိုရင်လည်း နှစ်ပေါင်း ၄၄ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုဖြစ်ပွားခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၇ ရက်နေ့က မိုးကုတ်မြို့ရဲ့ မိုးရေချိန်ဟာ ၁၉၈ မီလီမီတာထိရှိခဲ့ပြီး ဒါဟာ စခန်းဖွင့်တဲ့ အချိန်ကနေစပြီး နှစ်ပေါင်း ၄၄ နှစ်အတွင်း စံချိန်တင် မိုးရေချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို မိုးများနေတာကြောင့် မိုးကုတ်မြို့ကိုသွားတဲ့လမ်းတွေမှာ မြေပြိုကျတာ၊ မြိုထဲမှာ မြေပြိုကျလို့ နေအိမ် အဆောက်အဦးတွေပျက်စီးပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်မှာ ရေများနေတဲ့အတွက် ရေလွှတ်ချမှုတွေ ရှိနေတာကြောင့် မူးမြစ်ရေကြီးပြီး ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့မှာ ရေဝင်နစ်မြုပ်ပြီး ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါသေးတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here