အာဆီယံမှာ အာဏာသိမ်းစစ်အုပ်စုကို တန်းတူရှိစေရေး ထိုင်းက ကူညီသွားမယ်လို့ဆို

13

 

ဩဂုတ်၊ ၇

ထိုင်းနိုင်ငံက အာဏာသိမ်းစစ်အုပ်စုကို အာဆီယံမှာ အပြည့်အဝတန်းတူညီမျှ ပါဝင်ခွင့်ရဖို့အရေး ကူညီသွားမယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းခေါင်းဆောင် ထိုင်းနိုင်ငံကိုသွားရောက်နေတဲ့အချိန် နှစ်နိုင်ငံပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီကြေညာချက်မှာ အာဆီယံထဲတန်းတူပါဝင်ခွင့်ရဖို့ ထိုင်းက ကူညီမယ်ဆိုတဲ့ အချက်ပါဝင်နေတာဖြစ်ပါတယ်။

စစ်အုပ်စုကလည်း အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးပြန်ရအောင် ထိုင်းဘက်က ကူညီပေးနေတာကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းခေါင်းဆောင်ဟာ သမ္မတအဖြစ် အသွင်ပြောင်းပြီးတဲ့နောက် နိုင်ငံခြားခရီးစဉ်တွေရဲ့ ၄ နိုင်ငံမြောက်အဖြစ် ထိုင်းနိုင်ငံကို ဩဂုတ်လ ၆ ရက်နေ့က သွားရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုသွားရောက်တဲ့အချိန် ဆန္ဒပြမှုတချို့ကိုခံခဲ့ရသလို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့ ကန့်ကွက်တာကိုလည်း ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံကိုရောက်နေချိန်မှာတော့ နှစ်နိုင်ငံကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသ နည်းပညာ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနားလည်မှုစာချွန်လွှာ၊ မြစ်ရေ အရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့ လုပ်ငန်းလမ်းညွှန် သဘောတူစာချုပ် စတဲ့ ၄ ခုကို လက်မှတ်ထိုးခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ မြန်မာ-ထိုင်း စီပွားရေးဖိုရမ်ကို ပြုလုပ်ခဲ့ပြီး အဲဒီဖိုရမ်ကို အာဏာသိမ်းခေါင်းဆောင်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီလို ထိုင်းစီပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်မှာတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်မယ်လို့လည်း အာဏာသိမ်းခေါင်းဆောင်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တုန်းကတော့ နှစ်နိုင်ငံကုန်သွယ်မှုဟာ ဒေါ်လာ ၄ ဘီလီယံလောက်ပဲ ရှိခဲ့တာဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ထဲမှာတော့ ၁ ဘီလီယံကျော်ပဲ ရှိနေပါသေးတယ်။

ဒါဟာ ပြည်ပကနေ သွင်းကုန်တွေကိုလျှော့ချမယ်လို့ သူကိုယ်တိုင် ပြောထားတဲ့ စကားအပေါ် အာဏာသိမ်းခေါင်းဆောင်က ရှေ့နောက်မညီ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

လက်တွေ့မှာလည်း ထိုင်းနိုင်ငံဘက်က သွင်းကုန်တွေကို တရားမဝင်ကုန်သွယ်မှုအဖြစ် ဆက်တိုက်ဖမ်းဆီးနေသလို သွင်းကုန်ပါမစ်ရဖို့လည်အတွက်လည်း ခက်ခဲမှုတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here