နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အပြင် တိုက်ပွဲအတွင်း စစ်စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝလိုက်နာဖို့ စစ်အုပ်စုကို ဗိုလ်ချုပ်ကြီးအင်ဘန်လ သတိပေး

9

 

ဩဂုတ်၊၁၀

နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အပြင် တိုက်ပွဲအတွင်း လိုက်နာရမယ့် စစ်စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လိုက်နာရမယ်လို့ မြန်မာစစ်အစိုးရကို ကချင်လွတ်လပ်ရေးအဖွဲ့စည်း(KIO)ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ စကားပါးလိုက်ပါတယ်။

မိမိလုပ်တဲ့ လုပ်ငန်းကို ပြည်သူလူထုအများပိုင်း လက်မခံနိုင်ရင် ပြန်လည်စဉ်းစားရမှာဖြစ်ပြီး အချိန်မနှောင်းမီ ပြင်ဆင်ဖို့ပါ တစ်ဆက်တည်း ပြောကြားလိုက်တာပါ။

ပြည်သူလူထုကို ပစ်မှတ်ထားတဲ့လုပ်ရပ်၊ ပြည်သူလူထုကို ဒိုင်းကာပြုလုပ်တဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့နဲ့ လူတိုင်းရဲ့အသက်ကို တန်ဖိုးထားရမယ်လို့လည်း မိန့်ခွန်းထဲ ထည့်သွင်းပြောကြားထားတာကို တွေ့ရပါတယ်။

“စစ်ကော်မရှင်အဖွဲ့ကိုလည်း စကားပါးချင်ပါတယ်။ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆုံးဖြတ်ရမယ်။ ကိုယ်လုပ်တဲ့ လုပ်ငန်းဟာ မှန်ကန်တယ်လို့ တွေးနေပေမဲ့ ပြည်သူလူထု အများပိုင်း လက်မခံနိုင်ရင်တော့ ပြန်လည်စဉ်းစားရမယ်။ ပြင်သင့်တာကို အချိန်မနှောင်းမီ ပြင်ဆင်နိုင်ဖို့ ပြောလိုပါတယ်။ တိုက်ပွဲအတွင်း လိုက်နာရမယ့် စစ်စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လိုက်နာရမယ်လို့လည်း စကားပါးလိုပါတယ်။”လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုအပေါ်အခြေခံပြီး မိမိဒေသကို လွတ်လပ်စွာကိုယ်တိုင်စီမံအုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာနဲ့ လွတ်လပ်ရေးရရှိဖို့ဆိုရင် နိုင်ငံတွင်းတော်လှန်နေတဲ့ အဖွဲ့အားလုံး တူညီတဲ့ပန်းတိုင်ကို ဆုပ်ကိုင်ထားရမှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ရရှိဖို့လိုတဲ့အပြင် တော်လှန်ရေးခရီးကိုလည်း တဆင့်ပြီးတဆင့် အဆင့်မြှင့်တင်ပြီးတော့ ရှေ့ကို ချီတက်သွားနိုင်ရမယ်လို့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားထားတာကို တွေ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့် အချိန်ကြာ လက်နက်ကိုင်တော်လှန်နေတဲ့ အမျိုးသားတော်လှန်ရေး အဖွဲ့တွေသာမက NUG၊ CRPHတွေနဲ့လည်း လက်တွဲပြီး ကမ္ဘာ့နိုင်ငံရေးစဉ်မြင့်ပေါ်မှာ ထင်ပေါ် နိုင်ဖို့ အင်အားကြီးနဲ့ အစီအစဉ်ချမှတ်ပြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တစ်မျိုးသားလုံးဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရရှိဖို့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင် – SCEF ဆိုတဲ့ ပေါင်းစည်းရေးမှာ နိုင်ငံရေး၊ စစ်ရေး တွေကို မရပ်မနား ပူးပေါင်းကြိုးစားရဖို့အပြင် တိုင်းသူပြည်သားအားလုံးနဲ့ ကချင်ပြည်သူတွေအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးဖို့ အထူးတိုက်တွန်းလိုတယ်လို့ ပြောပါတယ်။

ဒီအချိန်မှာ တာဝန်ယူဦးဆောင်နေတဲ့ KIO အဖွဲ့အစည်း၊ ဗဟိုဌာနချုပ်ကော်မတီဟာ အသက်၊ သွေးချွေးအရင်းအနှီးလုပ်ပြီး လက်နက်ကိုင်တော်လှန်ရေးခရီးကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားပြီး ဦးဆောင်ဦးရွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

မျက်ရည်၊ သွေး၊ ချွေးနဲ့ အသက်ပေးဆပ်ပြီး လွတ်မြောက်ရေး ကြိုးစားနေတဲ့ အချိန်မှာ ပြည်သူတွေနဲ့ တစ်မျိုးသားလုံးဟာ စစ်အာဏာရှင်စနစ် အမြစ်တွယ်တည်တံ့နိုင်ရေးတွေမှာ မပါဝင်ကြဖို့နဲ့ ချက်ချင်း ရှောင်ကြဉ်ကြဖို့အပြင် စစ်မှန်တဲ့လမ်းမှာ အတူရပ်တည်ကြရအောင်ဖို့ကို ထပ်မံပြောကြားလိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်တည်တံ့ရေးမှာ ပါဝင်သူတွေအပေါ် တရားစီရင်တဲ့ အချိန် ရောက်လာလိမ့်မယ်လို့လည်း မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားထားပါတယ်။

“တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတဲ့ အာဇာနည်တွေရဲ့ ဝိညာဉ်နဲ့ ရန်သူအဖွဲ့ကြောင့် အသက်ပေးဆပ်လိုက်ရတဲ့ ပြည်သူတွေရဲ့ အိမ်နီးချင်း၊ မိသားစုဝင်တွေရဲ့ ဆုတောင်းသံဟာ သူတို့အပေါ် သက်ရောက်လာမှာကို သတိရကြပါ။ အမြန်ဆုံး နောင်တရကြဖို့ကို ချစ်ခြင်းမေတ္တာနဲ့ သတိပေးလိုက်တယ်။”လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။

ဒီနေ့ဟာ တစ်မျိုးသားလုံးနဲ့ ပြည်သူလူထုတွေ လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်လိုက်ရတဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ အကြောင်းကို အောက်မေ့သတိရ ဂုဏ်ပြုရင်း အထိမ်းအမှတ်ပြုလုပ်လိုက်တဲ့အပြင် အာဇာနည်တစ်ဦးချင်းစီတိုင်းကို ဂုဏ်ပြုနေချိန် မျက်ရည်ကျလျက် စိတ်ထဲ နာကျင်နေရကြောင်းနဲ့ မိသားစုဝင်တွေ ဝမ်းနည်းပူဆွေးနေတာကိုလည်း တွေ့မြင်၊ ကြားမြင်နေရတယ်လို့လည်း ဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here