ဩဂုတ်၊၁၃
ကချင်ပြည်နယ်အတွင်းက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ခေါင်လန်းဖူးနယ်မြေတွေဟာ စစ်ရေးတင်းမာနေပြီး သတိထားရမယ့် နေရာတွေ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း( KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်ရှိအချိန် KIA တပ်မဟာ ၁၁၊ တပ်ရင်း၁၂ ရွှေကူနယ်မြေဘက်အပြင် ငါးအိုးကျေးရွာကနေ မဘိမ်းမြို့ဘက် တက်လာတဲ့လမ်း၊ တော်လန်၊ ကိုင်းရွာ၊ အထက်လေးလမ်းဆုံ၊ ရွှေဘုန်းမြင့် နေရာတွေဘက် နေ့တိုင်းတိုက်ပွဲတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ကချင်ပြည်နယ်ဘက် တိုက်ပွဲဖြစ်တဲ့နေရာက ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ခေါင်လန်ဖူးတွေဘက်တော့ အမြဲလို သတိထားရမယ့် နေရာတွေဖြစ်တယ်။”လို့ ပြောပါတယ်။
ရွှေကူမြို့ဘက်အပြင် ဗန်းမော်မြို့ဘက်မှာတော့ တိုက်ပွဲ ပြင်းထန်တာမရှိပေမဲ့ ကုန်းမဟတ်၊ ၃ မိုင်၊ တာမိုင်းလုံ-စတဲ့နေရာတွေဘက်မှာတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာရှိပြီး နှစ်ဖက်တပ်ဟာ ရှေ့မတိုးနောက်မဆုတ် အခြေအနေရှိတယ်လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့ဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ ဆိုရမှာဖြစ်ပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်ကြီးနယ်မြေ ဟဲပု၊ ဟဲပါးဘက် အချိန်မရွေးတိုက်ပွဲဖြစ်တဲ့အတွက် အမြဲတမ်း သတိထားနေရမယ့် နေရာဖြစ်သလို ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသဘက်လည်း နှစ်ဖက်တပ် အချင်းချင်း စောင့်ကြည့်နေကြတဲ့ အခြေအနေလို့ ထပ်မံသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ တစ်ပတ်အတွင်း ကချင်ပြည်နယ်အတွင်းက တပ်မဟာ ၃ ဗန်းမော်စစ်မျက်နှာပြင်၊ တပ်မဟာ၉ ဖားကန့်ဒေသ၊ တပ်မဟာ ၁၁ နဲ့ တပ်မဟာ ၇ နယ်မြေတွေဘက် တိုက်ပွဲ ၁၄ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ ဖော်ပြထားပါတယ်။






