မြန်မာလူငယ်တွေရဲ့ Human Capital ကို နောက် ၅ နှစ်အတွင်း ဘယ်လိုကယ်တင်မလဲ

2

 

အတွေးအမြင်

ရေးသူ- ATLAS

———————

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကိုသာမက နိုင်ငံ၏ အနာဂတ်အတွက် အရေးအကြီးဆုံး အရင်းအမြစ်တစ်ခုဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် (Human Capital) ကိုပါ အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည်။

၂၀၁၉–၂၀၂၀ ပညာသင်နှစ်တွင် ခုနစ်တန်းအောင်မြင်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး၏ အနာဂတ် ပညာရေး အခြေအနေကို စဉ်းစားကြည့်ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများပိတ်ခဲ့ပြီး မကြာမီ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုကာလတွင် စစ်အုပ်ချုပ်ရေးအောက်ရှိ ပညာရေးစနစ်ကို ဆန့်ကျင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားလူငယ်များစွာသည် မိမိတို့၏ ပညာရေးလမ်းကြောင်းကို ရပ်တန့်ခဲ့ကြရသည်။

ထိုအချိန်က အသက် ၁၄ နှစ်ရှိခဲ့သည့် လူငယ်သည် ယနေ့ ၂၀၂၆ ခုနှစ်တွင် အသက် ၁၉ နှစ် သို့မဟုတ် ၂၀ နှစ်ဝန်းကျင် ရှိနေပြီဖြစ်သည်။ နောက်ထပ် ၅ နှစ်အကြာ ၂၀၃၁ ခုနှစ်တွင် သူသည် အသက် ၂၄ နှစ် သို့မဟုတ် ၂၅ နှစ် ရှိလာမည်။

၂၀၃၁ ခုနှစ်တွင် ထိုလူငယ်၏ လက်ထဲ၌ ဘာရှိနေမည်နည်း။ ဘွဲ့တစ်ခုလား။ အသိအမှတ်ပြုခံရသော အတတ်ပညာတစ်ခုလား။ အလုပ်အကိုင်အတွက် လိုအပ်သော Digital Skills များလား။ ဒါမှမဟုတ် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ပျောက်ဆုံးခဲ့သည့် နောက်ထပ် ၅ နှစ်ကို ထပ်မံဖြတ်သန်းရအုံးမှာလား။ ဒီမေးခွန်းသည် လူငယ်တစ်ဦးတည်း၏ အနာဂတ်ကို မေးခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံ၏ အနာဂတ် Human Capital ကို မေးခြင်းဖြစ်သည်။

ပညာရေးပြတ်တောက်မှုသည် ဘွဲ့မရခြင်းထက် ပိုကြီးမားသော ပြဿနာဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်အတွင်း လူငယ်များ၏ ပညာသင်ကြားခွင့်ဆုံးရှုံးမှုကို “ကျောင်းမတက်နိုင်ခဲ့ခြင်း” တစ်ခုတည်းအဖြစ် မမြင်သင့်တော့ပါ။ ပညာသင်ကြားခွင့်ဆုံး ရှုံးရေးသည် အတတ်ပညာ ကျွမ်းကျင်မှု မရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနေခြင်း၊ ဝင်ငွေရရှိနိုင်မှု မရှိခြင်းနှင့် ရေရှည်တွင် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးခြင်းတို့ကို ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။

Education Gap → Skills Gap → Employment Gap → Income Gap → Human Capital Loss ဆိုသည့် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်။

ယနေ့ လူငယ်တစ်ဦးအတွက် ပညာရေးအခွင့်အလမ်းတစ်ခု ဆုံးရှုံးခြင်းသည် သူ၏ဘဝထဲမှ တစ်နှစ်ဆုံးရှုံးခြင်းသာ မဟုတ်နိုင်ပါ။ အလုပ်အကိုင်ဈေးကွက်သို့ ဝင်ရောက်မည့်အချိန် နောက်ကျခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု တည်ဆောက်နိုင်မည့်အချိန် လျော့နည်းခြင်းနှင့် တော်လှန်ရေးတွင် ထိရောက်စွာ ပါဝင်နိုင်စွမ်းကိုလည်း လျော့ကျစေသည်။

ထို့ကြောင့် လက်ရှိပညာရေးအကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတစ်ခုအဖြစ်သာ မမြင်ဘဲ တော်လှန်ရေး၏ လူ့စွမ်းအားအရင်းအမြစ် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အရေးပေါ်ကိစ္စ အဖြစ် မြင်ရန်လိုအပ်သည်။ တော်လှန်ရေးကာလအတွင်း လူငယ်များသည် မတူညီသော လမ်းကြောင်းများကို ရွေးချယ်ခဲ့ကြရသည်။

အချို့သည် သင်တန်းများတက်ရောက်၍ မိမိတို့၏ပညာရေးကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားကြသည်။ အချို့သည် ပြည်တွင်း၌ အလုပ်လုပ်ကိုင်ကြသည်။ အချို့သည် နိုင်ငံခြားသို့ ရွှေ့ပြောင်းကာ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်း ပြုနေကြရသည်။

တစ်ချိန်က စာသင်ခန်းထဲတွင် အတူထိုင်ခဲ့ကြသည့် သူငယ်ချင်းများသည် ယနေ့တွင် တစ်ဦးက အွန်လိုင်းမှ ပညာသင်ယူနေချိန်တွင် တစ်ဦးက နယ်စပ်ဒေသရှိ ရွှေ့ပြောင်းကျောင်းတွင် သင်ယူနေရပြီး တစ်ဦးက နိုင်ငံခြားရှိ ဆောက်လုပ်ရေး ဆိုဒ်တစ်ခုတွင် အလုပ်လုပ်နေကြရသည်။ သူတို့၏ အခြေအနေများ မတူညီသော်လည်း ဘုံပြဿနာတစ်ခု ရှိနေသည်။

သူတို့၏ လူငယ်ဘဝအတွင်း ပညာရေး၊ အတတ်ပညာနှင့် အလုပ်အကိုင်အတွက် အရေးကြီးဆုံးနှစ်များကို အကျပ်အတည်းက မြန်မာလူငယ်တွေရဲ့ Human Capital အထိအခိုက် အနစ်နာဆုံးသော ဆုံးရှုံးမှုဖြစ်သည်။ ထို့ကြောင့် လက်ရှိပကတိ အခြေအနေအရ “ကျောင်းပြန်ဖွင့်ပေးနိုင်ရန်” ဆိုသည့် ဖြေရှင်းချက်တစ်ခု တည်းနှင့် မလုံလောက်တော့ပါ။

ကျောင်းပြန်တက်နိုင်သူအတွက် တက္ကသိုလ်နှင့် ပညာသင်ဆု လမ်းကြောင်းလိုအပ်သလို၊ ကျောင်းပြန်မတက်နိုင်တော့သူအတွက်လည်း အသိအမှတ်ပြုခံရမည့် Vocational Education နှင့် အလုပ်အကိုင်လမ်းကြောင်း လိုအပ်သည်။

မဲဆောက်အပါအဝင် နယ်စပ်ဒေသများရှိ ရွှေ့ပြောင်းကျောင်းများသည် အကျပ်အတည်းကာလအတွင်း လူငယ်များ၏ ပညာရေးကို ဆက်လက်ရှင်သန်စေသည့် အရေးပါသော နေရာများဖြစ်လာသည်။

သို့သော် ကျောင်းများသည် ရန်ပုံငွေမလုံလောက်မှု၊ ဆရာ/ဆရာမများအတွက် အခက်အခဲများ၊ ကျောင်းသားများ၏ တရားဝင်အထောက်အထားနှင့် နေထိုင်ခွင့်ဆိုင်ရာ ပြဿနာများ၊ ကျောင်းစရိတ်နှင့် လုံခြုံရေးအခက်အခဲများကို ရင်ဆိုင်နေရသည်။ ထိုကျောင်းများကို ယာယီဖြေရှင်းချက်အဖြစ်သာ မမြင်သင့်တော့ပါ။

အကူးအပြောင်းကာလတွင် မြန်မာလူငယ်များ၏ ပညာရေးကို ထိန်းသိမ်းပေးနေသည့် အရေးကြီးသော Education Infrastructure အဖြစ် သတ်မှတ်ပြီး ရေရှည်ရန်ပုံငွေ၊ ဆရာအင်အား၊ သင်ရိုးညွှန်းတမ်း၊ အသိအမှတ်ပြုစနစ်နှင့် ကျောင်းသားများ၏ ဆက်လက်ပညာသင်ယူနိုင်မည့် လမ်းကြောင်းများကို တည်ဆောက်ပေးရန်လိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပြည်တွင်းတစ်ခုတည်းတွင် ဖြေရှင်းရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် ASEAN ဒေသတွင်း နိုင်ငံများနှင့် ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် လိုအပ်သည်။

အဓိကအားဖြင့် မြန်မာလူငယ်များအတွက် ပညာသင်ဆုနှင့် Tuition Support များ၊ Cross-border Education Pathway များ၊ Student Status နှင့် တရားဝင်အထောက်အထားဆိုင်ရာ အထောက်အပံ့၊ Internship နှင့် Apprenticeship အခွင့်အလမ်းများ၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော Vocational Training များ၊ တရားဝင်အလုပ်အကိုင်သို့ ကူးပြောင်းနိုင်မည့် Employment Pathway များကို အစိုးရများ၊ တက္ကသိုလ်များ၊ အလုပ်ရှင်များ၊ CSO/NGO များနှင့် ပူးပေါင်းတည်ဆောက်သင့်သည်။

သူတို့ ရွှေ့ပြောင်းသွားရသော်လည်း ပညာရေးနှင့် အတတ်ပညာလမ်းကြောင်း မပျောက်ဆုံးစေရန် ဖြစ်သည်။ Credit Transfer နှင့် အသိအမှတ်ပြုစနစ်သည် အဓိကသော့ချက်ဖြစ်သည်။ ယနေ့ လူငယ်များစွာသည် အွန်လိုင်းသင်တန်းများ၊ ဒေသတွင်းသင်တန်းများ၊ ရွှေ့ပြောင်းကျောင်းများနှင့် အခြားပညာရေး အစီအစဉ်များ မှတစ်ဆင့် သင်ယူနေကြသည်။ သို့သော် သင်ယူခဲ့သည့် ပညာကို နောက်ထပ်ပညာရေးသို့ ဆက်လက်အသုံးချနိုင်ခြင်း၊ အလုပ်ရှင်ထံတွင် အသိအမှတ်ပြုခံရခြင်း မရှိပါက ထိုပညာရေး၏ အကျိုးသက်ရောက်မှုသည် ကန့်သတ်ခံနေရမည်ဖြစ်သည်။

ထို့ကြောင့်— Learning → Credit → Certification → Employment ဆိုသည့် လမ်းကြောင်းတစ်ခုကို တည်ဆောက်ရန် လိုအပ်သည်။

နိုင်ငံတကာတက္ကသိုလ်များ၊ ASEAN ဒေသတွင်း အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများအကြား Credit Transfer စနစ်များ တည်ဆောက်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ၏ အရည်အသွေးစံနှုန်းများ သတ်မှတ်ခြင်းနှင့် အလုပ်ရှင်များက အသိအမှတ်ပြုနိုင်သည့် Certification Framework များ တည်ဆောက်ခြင်းတို့ကို ဦးစားပေးလုပ်ဆောင်သင့်သည်။

ဒါမှသာ ယနေ့ မတူညီသောလမ်းကြောင်းများမှ သင်ယူနေကြသည့် လူငယ်များ၏ ပညာရေးကို မနက်ဖြန်၏ အလုပ်အကိုင်အဖြစ် ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ ဘွဲ့တစ်ခုတည်းကို မစောင့်တော့ဘဲ Skills Economy ကို တည်ဆောက်ရမည်။

လာမည့် ၅ နှစ်တွင် မြန်မာလူငယ်များအတွက် ဘွဲ့ရရှိရေးသည် အရေးကြီးနေဆဲဖြစ်သော်လည်း ဘွဲ့တစ်ခုတည်းကို အောင်မြင်မှု၏ တစ်ခုတည်းသော စံနှုန်းအဖြစ် မထားသင့်တော့ပါ။

အလုပ်အကိုင်ဈေးကွက်တွင် လက်တွေ့အသုံးချနိုင်သည့် ကျွမ်းကျင်မှုများကို အလေးထားရမည်။ ဥပမာ— Digital Skills၊ Programming၊ Data Analysis၊ Cybersecurity၊ Digital Marketing၊ Graphic Design၊ Video Production၊ AI-related Skills၊ Vocational Skills၊ Electrical၊ Solar & Renewable Energy၊ Construction၊ Automotive၊ Welding၊ Plumbing၊ Hospitality၊ Healthcare Support၊ Agriculture Technology စသည့် စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများကို အမြန်ဆုံး တိုးချဲ့ရန်လိုသည်။

အရေးကြီးဆုံးမှာ သင်တန်းပေးပြီး ရပ်မနေဘဲ သင်တန်း → Certification → Internship → Employment ဟူသော လမ်းကြောင်းတစ်ခုလုံးကို တစ်ဆက်တည်း ဖန်တီးပေးရန်ဖြစ်သည်။

၂၀၂၆ မှ ၂၀၃၁ အထိ ကာလကို Myanmar Youth Human Capital Recovery Window တစ်ခုအဖြစ် သတ်မှတ်ပြီး အနည်းဆုံး အောက်ပါအချက်များကို ဦးစားပေးလုပ်ဆောင်သင့်သည်။

ပထမ — လူငယ်ပညာရေးဒေတာကို စနစ်တကျ စုဆောင်းရမည်။ ပညာရေးပြတ်တောက်နေသူ၊ ကျောင်းပြန်တက်နေသူ၊ Vocational Training တက်နေသူ၊ အလုပ်လုပ်နေသူ၊ ရွှေ့ပြောင်းနေသူတို့၏ အခြေအနေကို အချက်အလက်အခြေပြု သိရှိရန်လိုသည်။

ဒုတိယ — Education Recovery Fund တစ်ခု တည်ဆောက်ရမည်။ Scholarship၊ ကျောင်းစရိတ်၊ သင်ကြားရေးပစ္စည်း၊ ဆရာ/ဆရာမ အထောက်အပံ့နှင့် Digital Access အတွက် ရေရှည်ရန်ပုံငွေ လိုအပ်သည်။

တတိယ — Skills & Employment Pipeline တစ်ခု တည်ဆောက်ရမည်။ သင်တန်းတက်ပြီးနောက် အလုပ်မရသည့်အခြေအနေကို ရှောင်ရှားရန် အလုပ်ရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော Apprenticeship၊ Internship နှင့် Employment Program များ ဖန်တီးရမည်။

စတုတ္ထ — ASEAN Education Corridor တစ်ခု တည်ဆောက်ရန် ကြိုးပမ်းရမည်။ ပညာသင်ဆု၊ Credit Transfer၊ Certification နှင့် တရားဝင်အလုပ်အကိုင်အခွင့်အလမ်းများကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ချိတ်ဆက်ရမည်။

ပဉ္စမ — ပညာရေးအတွက် ရန်ပုံငွေကို “ကုန်ကျစရိတ်” မဟုတ်ဘဲ “ရင်းနှီးမြှုပ်နှံမှု” အဖြစ် မြင်ရမည်။ ယနေ့ လူငယ်တစ်ဦး၏ ပညာရေးအတွက် သုံးစွဲသည့် ရန်ပုံငွေသည် သူတစ်ဦးတည်းအတွက် အကျိုးရှိခြင်းမဟုတ်ပါ။ နောင်တွင် ကျန်းမာရေး၊ စီးပွားရေး၊ နည်းပညာ၊ အုပ်ချုပ်ရေးနှင့် လူမှုအသိုင်းအဝိုင်းများကို တည်ဆောက်မည့် လူ့စွမ်းအားအရင်းအမြစ်ထဲသို့ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အသက် ၁၄ နှစ်ရှိခဲ့သည့် လူငယ်တစ်ဦးသည် ၂၀၃၁ ခုနှစ်တွင် အသက် ၂၄ နှစ် ရှိလာမည်။ အဲဒီအချိန်မှာ သူ့ဘဝကို ယနေ့ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များက တစ်စိတ်တစ်ပိုင်း ဆုံးဖြတ်ပေးနေမည်ဖြစ်သည်။ သူ့လက်ထဲမှာ အသိအမှတ်ပြုခံရတဲ့ ပညာရေးတစ်ခု ရှိနေမလား။ အလုပ်အကိုင်အတွက် အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခု ရှိနေမလား။ ဒေသတွင်းအလုပ်အကိုင်ဈေးကွက်ထဲ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းရှိနေမလား။ ဒါမှမဟုတ် ၂၀၂၁ မှာ ပျောက်ဆုံးခဲ့တဲ့ ပညာရေးအချိန်တွေကို ၂၀၃၁ အထိ ထပ်မံကြုံတွေ့နေရအုံးမလား။ ဒီမေးခွန်းတွေဟာ အနာဂတ်မှာ ဖြေရှင်းရမယ့် မေးခွန်းတွေ မဟုတ်ပါ။ ယနေ့ကတည်းက ဖြေရှင်းရမည့် မေးခွန်းများဖြစ်သည်။

မြန်မာလူငယ်များသည် တော်လှန်ရေး၏ အင်အားသာမက နိုင်ငံ၏ အနာဂတ် စီးပွားရေး၊ နည်းပညာ၊ လူမှုရေးနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို တည်ဆောက်မည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည်။

ထို့ကြောင့် ပညာရေးပြန်လည်တည်ဆောက်ရေးသည် မူဝါဒစာရွက်ပေါ်တွင်သာ ရှိနေသင့်သည့် ကိစ္စမဟုတ်တော့ပါ။ NUG၊ ပညာရေးဝန်ကြီးဌာန၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ လူမှုအဖွဲ့အစည်းများ၊ နယ်စပ်ပညာရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်များအနေဖြင့် ပညာရေး → အတတ်ပညာ → အသိအမှတ်ပြုမှု → အလုပ်အကိုင် ဟူသော လမ်းကြောင်းတစ်ခုလုံးကို လက်တွေ့အကောင်အထည်ဖော်ရန် အချိန်တန်ပြီဖြစ်သည်။

အကြောင်းမှာ နောက် ၅ နှစ်အကြာတွင် ကျွန်ုပ်တို့ရင်ဆိုင်ရမည့် အကြီးမားဆုံး ပြဿနာမှာ ပညာရေးပြတ်တောက်ခဲ့သည့် လူငယ်များ ရှိနေခြင်းသာမဟုတ်ပါ။ သူတို့၏ လူ့စွမ်းအားအရင်းအမြစ်ကို ပြန်လည်တည်ဆောက်ရန် အချိန်နှင့်အခွင့်အလမ်းကို ယနေ့ကျွန်ုပ်တို့ ဆုံးရှုံးခဲ့ခြင်း ဖြစ်လာနိုင်သည်။ ၂၀၃၁ ခုနှစ်မှာ ကျွန်ုပ်တို့ ဘယ်လိုလူငယ်မျိုးဆက်ကို တွေ့ချင်သလဲဆိုတာကို ယနေ့ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေက ဆုံးဖြတ်ပေးလိမ့်မည်။

“လူငယ်တွေရဲ့ အနာဂတ်ကို စောင့်ကြည့်နေရမယ့်အချိန် မဟုတ်တော့ပါ၊ လူငယ်တွေရဲ့ အနာဂတ်ကို ဒီနေ့ကတည်းက ပြန်လည်တည်ဆောက်ရမယ့်အချိန် ဖြစ်သည်”

 

LEAVE A REPLY

Please enter your comment!
Please enter your name here