လမ်းပျက်နဲ့ ပြင်ဆင်စရိတ်ကြားက ဖားကန့်ကားသမားများ

2

မာရီယာ- ရေးသည်

ဆောင်းပါး

လမ်းတစ်လျှောက်မှာ ချိုင့်ခွက်တွေက များလာသလို ရွှံ့ဗွက်တွေကလည်း ကားဘီးကို ဆွဲချင်သလို ဖြစ်နေပါတယ်။

တစ်ချို့နေရာတွေမှာ ရေပြည့်နေတဲ့ ချိုင့်တွေကြား ကားကို ဖြည်းဖြည်းချင်း မောင်းရပြီး တစ်ချို့နေရာတွေမှာတော့ ကားအောက်ပိုင်း မထိခိုက်အောင် အရှိန်လျှော့ပြီး ဖြတ်သန်းရတယ်လို့ ကိုဆိုင်းက ဆိုပါတယ်။

ကားတစ်စီးနဲ့ ခရီးတစ်ခေါက် ထွက်လာတိုင်း ခရီးရောက်ဖို့ပဲ တွေးလို့မရတော့ပါဘူး။ လမ်းမှာ ကားဘယ်လောက်ပျက်မလဲ၊ ပြန်ပြင်ရင် ဘယ်လောက်ကုန်မလဲ၊ ခရီးလမ်းမှာ ဘယ်လောက်ပေးရဦးမလဲဆိုတာကိုပါ ကြိုတင်တွက်ချက်ထားရတယ်လို့ ဆိုပါတယ်။

ကားသမားတစ်ဦးအတွက် လမ်းပေါ်က ချိုင့်ခွက်တွေကို ရှောင်ရင်း၊ ရွှံ့ဗွက်ထဲမှာ ကားဘီးမနစ်အောင် မောင်းနှင်ရင်း ကုန်ဆုံးသွားတဲ့ အချိန်တွေဟာ ခရီးပိုကြာသွားတာတစ်ခုတည်း မဟုတ်ဘူးလို့ ခရီးသည်ယာဥ်မောင်းအဖြစ် ၅ နှစ်ကြာလုပ်ကိုင်နေတဲ့ ကိုဆိုင်းက ဆိုပါတယ်

လမ်းအခြေအနေက ခရီးတစ်ခေါက်ရဲ့ ကြာချိန်ကိုသာမက အိမ်ပြန်တဲ့အခါ လက်ထဲကျန်မယ့် ငွေပမာဏကိုပါ တိုက်ရိုက်ဆုံးဖြတ်ပေးနေတာလို့ ကိုဆိုင်းအပါအဝင် ဖားကန့်ခရီးသည်ယာဥ်မောင်းတွေဆီက သိရပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေး Public Trasnsportation စနစ်မရှိတဲ့ ကချင်ပြည်နယ်မှာ သာရေးနာရေးသွားလာရာအတွက်ဆို လူ ၄ ယောက်ကနေ ၆ ယောက်လောက်စီး အိမ်စီးကားငယ်တွေဖြစ်တဲ့ တိုယိုတာ၊HiAce,Wish,Alphard,Probox တွေကို အားကိုးပြီးသွားလာနေကြရတာ ဖြစ်တယ်။

အထူးသဖြင့် မြစ်ကြီးနာ – ဖားကန့်လမ်းပိုင်းက ချိုင့်ခွက်တွေ၊ရွံ့ဗွက်တွေ ဝါးတာဂိတ်ကြေး ကုန်ကျစရိတ်မြင့်တက်လာမှုတွေဟာ အများပြည်သူ ခရီးသွားလာရေးကိုသာ အခက်အခဲဖြစ်စေတာမဟုတ်ဘဲ အဲဒီလမ်းကြောင်းတွေကို အမှီပြုပြီးအသက်မွေးနေတဲ့ ကိုဆိုင်းတို့လို ကားသမားတွေရဲ့ ဝင်ငွေကိုပါ ထိခိုက်လာနေတာပါ။

ခရီးသည်နည်းပါလာချိန် ကားပြုပြင်ထိန်းသိမ်းစရိတ်နဲ့ လမ်းခရီးဂိတ်ကြေးတွေကြောင့် ကားသမားတစ်ဦးဟာ ကိုယ့်အတွက် ဘယ်လောက်ကျန်မလဲဆိုတာ တွက်ချက်ဆုံးဖြတ်နေကြရပါတယ်။

ကိုဆိုင်းပုံမှန်မောင်းနေတဲ့ လမ်းကတော့ မိုင် ၁၁၀ ကျော် ကြာချိန် ၆ နာရီ ကနေ ၈ နာရီကြားကြားမောင်းရတဲ့ မြစ်ကြီးနား–ဖားကန့် လမ်းဖြစ်ပါတယ်။

ဖားကန့်ကို သွားနိုင်တဲ့ လမ်းကြောင်းဟာ တစ်လမ်းတည်း မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် အင်းတော်ကြီး–ဝှေခါ–ဖားကန့်လမ်းနဲ့ မြစ်ကြီးနား–ကာမိုင်း–ဖားကန့်လမ်း ဆိုပြီး လမ်းကြောင်းနှစ်ခုရှိပါတယ်။

အဲဒီထဲမှာ မြစ်ကြီးနား–ကာမိုင်း–ဖားကန့်လမ်းဟာ ပိုနီးပြီး လမ်းအခြေအနေလည်း ပိုကောင်းခဲ့တာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ အများစု အသုံးပြုခဲ့ကြတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီလမ်းကို ဖြတ်သန်းရတဲ့ ခက်ခဲမှုက ခရီးကြာတာတစ်ခုတည်းနဲ့ မပြီးတော့ပါဘူး။ မိုးရာသီကြောင့် လမ်းပျက်စီးလာတာနဲ့ လမ်းပြုပြင်ထိန်းသိမ်းမှု အားနည်းတာတွေကြောင့် ချိုင့်ခွက်နဲ့ ရွှံ့ဗွက်တွေ ပိုများလာပြီး ကားအောက်ပိုင်းနဲ့ တာယာတွေ ပျက်စီးမှုလည်း မကြာခဏ ကြုံနေရပါတယ်

“လမ်းက အရမ်းခက်သွားပြီ။ အဲဒါကြောင့် ကျွန်တော်တောင် ကားပဲပျက်နေလို့ အိတ်စိုက်တာများလာလို့ နားထားရတယ်။ မိုးတွင်းနှစ်တွင်းဆက်သလို ဖြစ်သွားတာလေ။ လမ်းကလည်း ဘယ်သူမှ မပြင်ဘူးဆိုတော့ လမ်းလယ်တွေမှာဆို ရေတွင်းတူးထားသလိုပဲ။ ကားမှောက်တာတွေက မှောက်၊ အရမ်းခက်တယ်။” လို့ ကိုဆိုင်းက ပြောပါတယ်။

ဖားကန့်ဒေသခံတွေကလည်း လမ်းခရီးအခြေအနေအပြင် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်တို့ကြားက စစ်ရေးတင်းမာမှုတွေကြောင့် အရေးကြီးကိစ္စမှမဟုတ်ရင် မြစ်ကြီးနား- ဖားကန့်အတက်အဆင်းပြုလုပ်ဖို့ မလွယ်ကူတော့ဘူးလို့လည်း ဆိုကြပါတယ်။

ဖားကန့်ဒေသခံတစ်ဦးကတော့“အခုက လမ်းက မကောင်းဘူး လမ်းမှာ အိပ်ရတယ်။ ကလေးပါတဲ့သူတွေဆို ပိုခက်တယ်။ မဖျားသင့်ဘဲဖျားကြတယ်။ အဲဒါကြောင့် ဖားကန့်လမ်းက အသွားလာဖို့ဆိုရင် အရမ်းကြီးအရေးမကြီးရင် ဆင်းဖို့မလွယ်တော့ဘူး။”လို့လည်း ပြောပါတယ်။

အရင်က မြစ်ကြီးနား-ဖားကန့်ကိုသွားတဲ့ ခရီးကြာချိန်ဟာ ၆ နာရီခွဲခန့်သာရှိပေမဲ့ လက်ရှိအချိန်မှာ လမ်းအခက်အခဲတွေကြောင့် သွားလာတဲ့ ခရီးသည်တွေက လမ်းမှာညအိပ်ပြီး သွားလာနေကြရပါတယ်။

ခရီးသည်တင်ဆောင်မှုလည်း လျော့နည်းလာပြီး ကုန်စည်တွေကိုသာ အဓိက သယ်ယူနေရတာကြောင့် ကားပြုပြင်ထိန်းသိမ်းစရိတ်နဲ့ လမ်းအခြေအနေကြား အခက်အခဲပိုကြုံနေရတယ်လို့ သူတို့ ကားသမားတွေရဲ့ အခက်အခဲကို ပြောပြပါတယ်။

အရင်က ခရီးသည်တွေကို အဓိကထားပြီး ကားဆွဲခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ခရီးသည်ထက် ကုန်ပစ္စည်းတွေကို ပိုပြီး သယ်ယူလာရတယ်လို့ ကိုဆိုင်းက ပြောပါတယ်။

“နိုင်ငံရေးမကောင်းတော့ ခရီးသည်တွေက မရှိဘူးဆိုတော့ ကုန်တွေပဲ တင်ပြီးတက်လာရတော့ လမ်းနဲ့ကားက အဆင်မပြေဘူးလေ။ ပျက်ပဲပျက်နေတာ။ ပါလာတာက နည်းနည်း၊ ပြင်ရတာက များများဖြစ်နေတော့ ခဏနားထားရတယ်။” လို့ သူက ဆက်ပြောပါတယ်။

ခရီးသည်နည်းလာတာနဲ့အတူ ဝင်ငွေလည်း အရင်ကထက် လျော့နည်းလာပါတယ်။ ကုန်တင်ပြီး သွားလာရတဲ့အခါမှာလည်း လမ်းအခြေအနေကြောင့် ကားပျက်စီးမှု ပိုများလာပြီး ပြင်ဆင်စရိတ်က ထပ်တိုးလာပါတယ်။

မြစ်ကြီးနား ၂၁ မိုင်ဂိတ်ကနေ ဖားကန့်အဝင် လယ်ပြင်ဂိတ်အထိ စစ်ဆေးရေးဂိတ်ပေါင်း (၃၀)ကျော်ခန့် ရှိတာဖြစ်ပါတယ်။

ကုန်တင်ပြီး ဖားကန့်ဘက်ကို အတက်အဆင်းသွားလာတဲ့ ခရီးစဉ်တစ်ကြောင်းအတွက် ကိုဆိုင်းဟာ ဝင်ငွေ ၁၅ သိန်းကနေ ၁၆ သိန်းဝန်းကျင် ရရှိပါတယ်။ ဒါပေမဲ့ အဲဒီဝင်ငွေထဲက ဆီဖိုးအတွက် ၆ သိန်းကနေ ၇ သိန်းဝန်းကျင်နဲ့ လမ်းရှင်းကြေးအတွက် ၄ သိန်းခွဲခန့် ကုန်ကျတယ်လို့ သူက ပြောပါတယ်။

ဒီကုန်ကျစရိတ်နှစ်မျိုးကို နုတ်လိုက်ရင် ခရီးစဉ်တစ်ကြောင်းအတွက် ၄ သိန်းခွဲကနေ ၅ သိန်းခွဲဝန်းကျင်သာ ကျန်ရှိပါတယ်။ အဲဒီထဲကနေ ကားပြုပြင်ထိန်းသိမ်းစရိတ်နဲ့ အခြားအသုံးစရိတ်တွေကို ထပ်မံနုတ်ယူရဦးမှာ လို့ဆိုပါတယ်။

လမ်းအခြေအနေကြောင့် အခန့်မသင့်လို့ တာယာတစ်လုံးပြဲသွားရင် အသစ်လဲဖို့ တာယာတစ်လုံးကို ၅ သိန်းခွဲဝန်းကျင် ကုန်ကျနိုင်ပြီး ကားအောက်ပိုင်းပြင်ဆင်ရတဲ့ အခါမှာလည်း သိန်းချီကုန်ကျနိုင်တယ်လို့ ကိုဆိုင်းက ဆိုပါတယ်။ ဒါကြောင့် ကားတစ်ကြိမ်ပျက်စီးရုံနဲ့တင် ခရီးစဉ်တစ်ကြောင်းကနေ ကျန်ရှိတဲ့ငွေ အများစု ကုန်သွားနိုင်သလို အခြေအနေမကောင်းရင် အိတ်စိုက်ပြင်ဆင်ရတာတွေလည်း ရှိပါတယ်။

ကိုဆိုင်းဟာ ပုံမှန်အားဖြင့် တစ်လကို မြစ်ကြီးနား–ဖားကန့် ခရီးစဉ် သုံးကြောင်းခန့်သာ ဆွဲဖြစ်ပါတယ်။အဆင်းဘက်မှာ ခရီးသည်နဲ့ ကုန်ပစ္စည်းမရဘဲ ကားအလွတ်ပြန်လာရတဲ့အခါ ဝင်ငွေထပ်မရနိုင်တာကြောင့် ကားပျက်စီးမှုနဲ့ ပြင်ဆင်စရိတ်တွေကို ကာမိဖို့ ပိုခက်ခဲလာတယ်လို့ သူက ပြောပါတယ်။

အဲဒီအခြေအနေတွေကြောင့် ကိုဆိုင်းဟာ သူပုံမှန်ကားဆွဲနေတဲ့ မြစ်ကြီးနား–ဖားကန့် လမ်းကြောင်းကို ရပ်ထားပြီး အခုတော့ တခြားနယ်ဘက်တွေကို ကားသွားဆွဲကာ ဝင်ငွေရှာနေရပါတယ်။

အရင်က သူ့အသက်မွေးဝမ်းကျောင်းလမ်း ဖြစ်ခဲ့တဲ့ မြစ်ကြီးနား–ဖားကန့်လမ်းဟာ အခုတော့ သူကိုယ်တိုင် ရပ်ထားရတဲ့ လမ်းတစ်လမ်း ဖြစ်လာပါတယ်။

လမ်းပျက်တာတစ်ခုတည်း မဟုတ်ဘဲ ခရီးသည်နည်းလာမှု၊ ကားပြုပြင်ထိန်းသိမ်းစရိတ်နဲ့ လမ်းခရီးကုန်ကျစရိတ်တွေပါ ပေါင်းလာတဲ့အခါ ကိုဆိုင်းတို့လို ကားသမားတစ်ဦးအတွက် လမ်းတစ်လမ်းဟာ သွားလာဖို့အတွက်သာ မဟုတ်တော့ဘဲ အသက်မွေးဝမ်းကျောင်းကို ဆက်ပြီးထိန်းထားနိုင်မလားဆိုတာ တွက်ချက်ရတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။

ဖားကန့်ဒေသဟာ ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်ပါတယ်။ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ကျောက်စိမ်းတွေကို တူးဖော်ထုတ်ယူနေကြပေမဲ့ မြို့တွင်း/ပြင်လမ်းတွေအပြင် ဖားကန့်ကိုဝင်တဲ့လမ်းတွေပါ လက်ရှိအချိန်ထိတော့ ပျက်စီးနေဆဲလည်း ဖြစ်ပါတယ်။

ခရီးသည် ၄ ဦးနဲ့ ကုန်နည်းနည်းသာတင်နိုင်တဲ့ (Ipsum) ကားမောင်းနေတဲ့ ကိုဆိုင်းအတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ကားပစ္စည်းစျေးနှုန်းတွေကြောင့် အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွတ်ရနိုင်တဲ့ အခြေအနေဖြစ်နေတာလည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အများပြည်သူသယ်ယူပို့ဆောင်ရေး Public Trasnsportation စနစ်မရှိတဲ့ ကချင်ပြည်နယ်မှာ ခရီးသည်တင်ကားငယ်တွေကို အားကိုးသွားလာနေရတဲ့ ဒေသခံတွေအတွက် အခက်အခဲဖြစ်စေပါတယ်။

အခုလို ယာဥ်ငယ်မောင်းသူတွေ အခြေအနေမကောင်းတာ သာရေးနာရေး အထူးသဖြင့် နာရေးကိစ္စတွေ မပျက်မကွက်သွားလာတဲ့ လူမှုရေးဓလေ့ရှိတဲ့ ဒေသခံတိုင်းရင်းသားတွေအတွက််တော့ အခက်အခဲ တစ်ခုပါပဲ။

“အခြေအနေကောင်းတုန်းက ကားမောင်းရတာပျော်တယ်။ ခရီးသည်လည်း ကျတယ် ပြောရမယ်ဆို ဈေးတော့မရပေမဲ့ အဲဒီအချိန်က ငွေအမောက်မများရင်လည်း ပိုက်ဆံက တန်ဖိုးရှိသေးသလိုဖြစ်ပြီး ကိုက်တယ်လေ၊ လမ်းရှင်းကြေးတွေလည်း အဲလောက်မကုန်ဘူး။”လို့ ကိုဆိုင်းက ပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here