မြစ်ကြီးနားမြို့၊သြဂုတ်၃
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဇူလိုင်လ၂၇ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒဂေါ်တံတားကျိုးကျပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် ယနေ့အချိန်အထိ သွားလာရခက်ခဲလျှက်ရှိကြောင်း သိရသည်။
မိုးမောက်မြို့နယ်သည် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိသဖြင့် လုပ်ငန်းလုပ်ကိုင်လိုပါက ယင်းတံတားမှသာ ဖြတ်သန်းသွားလာရသဖြင့် အချိန်မီမပြုပြင်ပါက စားဝတ်နေရေးအခက်အခဲ တွေ့နိုင်ကြောင်း ဒေသခံ ဦးလဖိုင်ဇောင်တန်က ပြောသည်။
လက်ရှိအချိန်တွင် တံတားအား ဝါးများဖြင့် တုတ်နှောင်ကာ ခြေကျင်သွားလာရန်အတွက် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးထားလျှက်ရှိသည်ဟု ဒေသခံဦးလဖိုင်ဇောင်တန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ဒေသခံပြည်သူများအနေဖြင့် တံတားကြံခိုင်မှုကို စိုးရိမ်ရသည့်အတွက် စက်လှေခရီးဖြင့် သွားလာနေရပြီး ဆိုင်ကယ်တစ်စီးလျှင် ၁၀၀၀ကျပ်၊ လူတစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် သွားလာနေကြရသည်ဟုလည်း သိရသည်။
“နေ့နဲ့ည ဒဂေါ်ဘက်သွားတဲ့သူတွေက ဖြတ်သန်းနေရတယ်။ အဲ့ဘက်မှာနေတဲ့သူတွေက စစ်ရှောင်ပြည်သူတွေများတယ်။မိုးမောက်ဘက်သွားတဲ့သူတွေက ရေကြီးရင်အလုပ်လာမလုပ်တော့ဘူး။ လုံးဝဖြတ်လို့ မရတဲ့နေရာကတော့ နန်ဆိုင်းကျေးရွာဘက်သွားတဲ့ရေကတော့ တော်တော်ကြီးတယ်။ အဲ့နေရာကတံတားမရှိရင် ဖြတ်လို့မရနိုင်တော့တဲ့အခြေအနေ ဟုတ်တယ်”ဟုဒေသခံ ဦးဆိုင်းလက ပြောသည်။
မိုးရွာသွန်းမှုကြောင့် ဒဂေါ်တံတားအပြင် မိုးမောက်မြို့နယ်ရှိ တံတားသုံးစင်းပျက်စီးသွားခဲ့ပြီး အိမ်ခြေ ၁၅ အိမ်ခန့် နစ်မြုပ်ပျက်ဆီးသွားခဲ့သည်ဟုလည်း သိရသည်။
ဒဂေါ်တံတားသည် သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ တစ်ရက်တည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပြိုကျပျက်စီးခြင်း ဖြစ်သည်။
ဆန်လတ်







