ရဝမ်တိုင်းရင်းသားသရုပ်ဆောင် “ရောင်းကူး” (Yawng Ku) နှင့်တွေ့ဆုံခြင်း

13043
Yawng Ku
ရဝမ်တိုင်းရင်းသားသရုပ်ဆောင် "ရောင်းကူး" (Yawng Ku)

CBN မှ ဖြန့်ချိမည့် ရုပ်သံဇာတ်လမ်းတွဲတွင် အဓိကနေရာမှ သရုပ်ဆောင်သွားမည့် ရဝမ်တိုင်းရင်းသားလေး “ရောင်းကူး” (Yawng Ku) သရုပ်ဆောင်မည့် ဇာတ်ကားနာမည်မှာ “ပုံရိပ်စစ်” (The True Reflection) ဆိုသည့် ဇတ်ကားဖြစ်ပြီး CBN Organization မှ ရိုက်ကူးထားကာ CBN သည် နိုင်ငံတကာတွင် ဇာတ်လမ်း တွဲများ ရိုက်ကူးခဲ့သောအဖွဲ့ဖြစ်သည်။ အဓိက ဇာတ်ဆောင် နေရာ၌ သရုပ်ဆောင်ကာ ရိုက်ကူးနေဆဲကာလတွင် “ရောင်းကူး”အား သူ၏ဖော်ရွေမှု၊ ရုပ်ရည်ချောမောမှုအပြင် သရုပ်ဆောင်သစ် ဖြစ်သော်လည်း ကျရာဇာတ်ကောင်စရိုက်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခြင်း စသည်တို့ကြောင့် သူနှင့်အတူတူ လုပ်ဖော်ကိုင်ဖက်အနုပညာသမားများ၏ သဘောကျမှုအပြင် အခြားအနုပညာရှင်များ ဂရုစိုက်လာရသောသူတစ်ယောက် ဖြစ်လာနေပါတယ်။

ဒါ့ကြောင့်လည်း “ရောင်းကူး”ရဲ့ အနုပညာလှုပ်ရှားမှုများကို မြစ်ကြီးနားဂျာနယ်မှ မေးမြန်းထားခဲ့ပါတယ်။

မေး။ ။”ရောင်းကူး”က အခု The True Reflection ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နေတယ်ဆိုတော့ ဘယ်အပိုင်းမှာ ပါဝင်သရုပ်ဆောင်ရတာလဲ သိပါရစေလား။
ဖြေ။ ။ဒီဇာတ်ကားထဲမှာ ကျွန်တော်က ကော်ဖီဆိုင်ဖွင့်ထားပြီး လုပ်ငန်းအောင်မြင်အောင်ကြိုးစားနေတဲ့ “မင်းထက်မောင်”ဆိုတဲ့ အဓိကဇာတ်ကောင်ကနေ သရုပ်ဆောင်နေပါတယ်။

မေး။ ။ဒီ ဇာတ်လမ်းက ဘယ်ဒါရိုက်တာနဲ့ ရိုက်ကူးနေတာလဲဆိုတာလေး ပြောပြပါလား။
ဖြေ။ ။ဒါရိုက်တာကမရန်ဂျုဒစ်(Maran Judith)ပါ။ အမျိုးသမီးဒါရိုက်တာပါ။

မေး။ ။ဒီဇာတ်ကားကို လက်ခံဖြစ်ခဲ့တဲ့ အကြောင်းရင်းလေးပြောပြပါလား။
ဖြေ။ ။ဒီဇာတ်ကား လက်ခံဖြစ်တဲ့အဓိက အကြောင်းရင်းက တော့ဇာတ်လမ်းကိုသဘောကျလို့ပါ။ အထူးသဖြင့်လူငယ်တွေအတွက်အကျိုးရှိမယ့်ဇာတ်လမ်းကောင်းတစ်ခုဖြစ်မယ်ဆိုတာယုံကြည်ထားတယ်။ ကိုယ်ကတော့ သရုပ်ဆောင်အပိုင်းမှာအသစ် ဘာမှအတွေ့အကြုံမရှိသေးပေမယ့် ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တဲ့ CBN(Myanmar)ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။ ။ဇာတ်လမ်းရဲ့ အဓိကသရုပ်ဖော်လိုချက် ပရိတ်သတ်တွေကိုပေးချင်တဲ့ အကြောင်းအရာက ဘာများဖြစ်မလဲ။
ဖြေ။ ။ဇာတ်လမ်းရဲ့ အဓိကပေးချင်တဲ့ message က The True Reflection ပုံရိပ်စစ်ဆိုတဲ့အတိုင်းပဲ လူတိုင်းလူတိုင်းကမျက်စိနဲ့မြင်နေရတဲ့ အပြင်ပန်းသဏ္ဌာန်ကိုကြည့်ပြီးတော့ ဆုံဖြတ်လို့မရဘူး။ အတွင်းပုံရိပ်ကသာလျင် ပုံရိပ်စစ်ဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ကလူတိုင်းကိုမတူညီသော စိတ်ခံစားမှုတွေ၊ အစွမ်းအစတွေ ပေးထားလို့ လူတိုင်းမှာပုံရိပ်ကောင်းကို ကိုယ်စီပိုင်ဆိုင်ထားကြပြီးသား ဖြစ်တယ်။ ဒါကြောင့် နေ့စဉ်အသက်တာထဲမှာ ပုံရိပ်ကောင်းတွေ ထင်ဟပ်သင့်တယ်။ ကိုယ့်လုပ်ဆောင်သော လုပ်ငန်းဆောင်တာအသီးသီးတွေမှာရော ဘုရားရဲ့ဦးဆောင်မှုကို ခံယူပြီးလုပ်ဆောင်ရင် ဘယ်လိုအခက်အခဲတွေပဲရှိရှိ နောက်ဆုံးမှာအောင်မြင်မှာသေချာတယ်ဆိုတဲ့ အကြောင်းပါ။

မေး။ ။Yawng Ku အနေနဲ့ ရှေ့ဆက်ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်ပြီးလှုပ်ဖို့ ရည်ရွယ်ထားတာမျိုး ရှိပါသလား၊ ဥပမာ- ကချင်ဇာတ်ကားတွေ ရိုက်ဖို့ ကမ်းလှမ်းလာရင် လက်ခံဖို့ ရှိပါသလားဆိုတာလေး ပြောပြပါလား။
ဖြေ။ ။အမှန်အတိုင်းပြောရရင်တော့ အနုပညာကိုနှစ်သက်ပါတယ်။ ဆက်လက်အနုပညာလှုပ်ရှားမှုအတွက် ရည်ရွယ်ထားတာ အထူးတလည်တော့မရှိပေမယ့် အများအတွက် အကျိုးရှိမယ့်ဇတ်ကားတွေ ပညာပေးဇာတ်လမ်းမျိုးတွေလာကမ်းလှမ်းရင်တော့လက်ခံဖြစ်မယ် ထင်ပါတယ်။

မေး။ ။ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ဟုတ်၊ ကျနော်လည်းကျေးဇူး တင်ပါတယ်။

Mhp Sam

LEAVE A REPLY

Please enter your comment!
Please enter your name here