မိုးညှင်း၊ ဒီဇင်ဘာ ၁၄
ဟိုပင်မြို့(၇)မိုင်ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာရှိ ဟိုပင် – လုံးတုံ – ကုန်းသာ-ညောင်ပင် ကားလမ်းတွင် မူးယစ်ဆေးဝါးများကို ကားဖြင့်သယ်ဆောင် နေကြောင်းသတင်းအရ ဟိုပင်နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် ဗျက်ဆန်းဦးစီးသည့် ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့က လမ်း၏ဘယ် ဘက် မိုင်တိုင်အမှတ်-၈/၂ အနီးတွင်ရပ်တန့်ထားသော 7C/7826 TOYOTA HILUX SURF နက်ပြာရောင် ကားတစ်စီးကို ဒီဇင်ဘာလ ၁၄ ရက်က ရှာဖွေစစ်ဆေးရန် သွားရောက်စဉ် ကားအနီးရှိ အထုပ်(၁)ထုပ်နှင့် လူ(၄)ဦးမှာ လမ်း၏ တစ်ဖက်ရှိ ချောက်အတွင်းသို့ ရုတ်တရက် ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
ယခင်ကလည်း မူးယစ်ဆေးဝါးများကို ကားများဖြင့် မကြာခဏ သယ်ယူသွားလာနေကြောင်း သတင်းရရှိသဖြင့် စောင့်ဆိုင်းခဲ့ဖူးသော်လည်း မူးယစ်ဆေးသယ်ဆောင်သူများမှာ မကြာခဏဆိုသလို လွတ်မြောက်သွားသဖြင့် သုံးကြိမ်တိုင်အောင် ချောင်းမြောင်းခဲ့ဖူးကြောင်း သိရသည်။
“ကျွန်တော်တို့ အကြိမ်ကြိမ် ဖမ်းဆီးခဲ့တာ အခု ၄ ကြိမ်မြောက်မှာ အများဆုံးဖမ်းဆီးနိုင်ခဲ့ပေမယ့် မူးယစ်ဆေးဝါးသယ်ဆောင်သူတွေက ထွက်ပြေးလွတ်မြောက်နေပါသေးတယ်။ ကွင်းဆက်တွေနဲ့အတူ အမြန်ဆုံး ဖမ်းဆီးမိအောင်ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ဟိုပင်နယ်မြေရဲစခန်းမှူး ရဲအုပ် ဗျက်ဆန်းက ပြောသည်။
အဆိုပါကား၏ အနောက်ခန်းတွင် ဆက်လက်ရှာဖွေရာ ကာလတန်ဖိုး ကျပ်သိန်း ၄၀၀၀ကျော်တန်ဖိုးရှိ ခရီးဆောင်အိတ်များအတွင်း အဖြူရောင် ဆာလာအိတ်များဖြင့် ထည့်ထားသော ဘိန်းဖြူဆပ်ပြာခွက် ၅၇၂ ခွက်၊ ကာလတန်ဖိုးကျပ် သိန်း ၂၀၀၀၀ ကျော် တန်ဖိုးရှိ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၆၆၉၀၀ ပြား အလေးချိန် ၆၆၆၆၉၀ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၆၄၆၆၅၀၀၀ တန်ဖိုးရှိ ဘိန်းဆီခဲ ၂၂ ထုပ် အလေးချိန် ၁၄၃၇၀ ဂရမ်ရှိ မူးယစ်ဆေးများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသော မှတ်ပုံတင်အမှတ် ၁၃/သနန (နိုင်)၀၅၆၀၈၄ ဦးဖော်တူး အမည်ပါ အမောင်းသင် ယာဉ်မောင်းလိုင်စင်တစ်ခု၊ 7C/7826 TOYOTA HILUX SURF စာသားပါ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်(၁)ခု၊ ဇော်ဆိုင်း အသက် ၅၀နှစ် ၁၃/မမတ (နိုင်) ၀၀၇၂၃၇ ပါ မှတ်ပုံတင်ကတ်တစ်ခုနှင့် ဦးအောင်ထွန်း အမည်ပါ ကားပြုပြင်ခပြေစာ တစ်စောင်တို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကားဖြင့် မူးယစ်ဆေးများ သယ်ဆောင်သူ ၄ ဦးမှာ ထွက်ပြေးနေသော်လည်း ဟိုပင်မြို့မ ရဲစခန်းမှ မယ(ပ)၉၅/၂၀၁၈၊ မူးယစ်ဆေးနှင့်စိတ်ကို ပြောင်းလဲစေသောဥပဒေပုဒ်မ – ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထွန်းထွန်း(မိုးညှင်း)







