ဝိုင်းမော် သြဂုတ် ၂၃
ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ ရပ်ကွက် ၂ ၊ ထောက်ပုတွင် ဈေးအသစ်ထပ်မံတိုးချဲ႕ တည်ဆောက်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးနော်လီက ပြောသည်။
ဝိုင်းမော် မြို့နယ်တွင်းတိုးချဲ့ တည်ဆောက်မည့်ဈေးကို ကချင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့်မြစ်ကြီးနား ညီအစ်ကိုများကုမ္ပဏီမှ ရင်းနှီးမြုပ်နှံကာ အဆိုပါဈေးကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက မီဒီယာများထံ ဖြေကြားသည်။
“ဝိုင်းမော်က ငြိမ်းချမ်းရေး ရလာရင် အရမ်းတိုးတက်လာမယ့်မြို့ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုလို ဈေးကို ထပ်ပြီးတည်ဆောက်တာဖြစ်တယ်။ စာချုပ်မူကြမ်းကိုတော့ ဥပဒေချုပ်ဆီမှာ ပို့ထားပြီးပြီ ဥပဒေချုပ်က ပြန်စိစစ်ပြီးတော့ အဆင့်ဆင့် ဆက်လက်ပြီး အကောင်အထည်ဖော်သွားမှာပါ”ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ဝိုင်းမော်မြို့တွင် လက်ရှိဈေးတစ်ခုရှိနေပြီး ရှိနေသည့် ဈေးကို မဖျက်သိမ်းဘဲ အသစ်တိုးချဲ့ တည်ဆောက်မည်ဖြစ်ကြောင်း ဝန်ကြီးကဆက်လက်ပြောသည်။
“လက်ရှိဈေးကို ဖျက်ပြီးမှ တိုးချဲ့လုပ်ရင်တော့ အများကြီး ပြဿနာရှိနိုင်တယ်။ ရွှေ့ရပြောင်းရနဲ့ ဒါကြောင့် လက်ရှိဈေးကိုတော့ မဖျက်တော့ဘဲ အသစ်ပဲ ထပ်ဆောက်တာ ဟုတ်တယ်”ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ဝိုင်းမော်မြို့တွင် ဈေးအသစ် တည်ဆောက်မည့်အပေါ် ဝိုင်းမော်ဒေသခံများ က အလွန်ပင် ဝမ်းသာကျေးဇူးတင်ကြောင်း ဝိုင်းမော်ဒေသခံ ဒေါ်ဒေါင်ညွယ်ကမြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။
“အခု ဈေးကို သွားရတာ အစ်မတို့အိမ်နဲ့ဆို ဝေးတယ်လေ။ ခုလို အိမ်နားမှာ ဈေး အသစ်ကြီး ဆောက်ပေးမယ်လို့ ကြားရတာတော့ဝမ်းသာပါတယ်။ ဈေးနဲ့ဝေးလို့ တစ်ခါတလေဆို ဈေးတောင် မသွားချင်ဘူး။ အခုလိုလုပ်မယ်ဆိုတော့ အဆင်ပြေပြီလေ”ဟု ဒေါ်ဒေါင်ညွယ်က ပြောသည်။
ယခုလက်ရှိ ကချင်ပြည်နယ်အတွင်း အဆင့်မြင့်စည်ပင်သာယာ ဈေးများကို ဆွမ်ပရာဘွမ်၊ လွယ်ဂျယ်၊ ပူတာအို စသည့် မြို့များတွင်လည်း အကောင်ထည်ဖော်ဆောင်ရွက်သွားရန် ရှိကြောင်း ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
Ah Je







