မိုက်ကယ်ကျော်မြင့်၏နှင်းဆီပါတီမှ နှုတ်ထွက်ခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ် နှင့်တွေ့ဆုံခြင်း

1591
ဦးဂဲနက်(စ်)
မဲဆွယ်စည်းရုံးရေးပြုလုပ်နေသည့် ဦးဂဲနက်(စ်)

မြန်မာနောင်း (Myanmar Now) သတင်းဋ္ဌာနကနေ ဖော်ပြခဲ့တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်နဲ့ ပတ်သက်ပြီး နောက်ကြောင်းတွေကို ပြန်လည်ရှင်းလင်းပေးဖို့ ပါတီဝင်တစ်ဦးက တောင်းဆိုခဲ့ပြီး မရှင်းပေးရင် ပါတီနဲ့ လမ်းခွဲမယ်လို့ ပြောဆိုခဲ့ပါတယ်။ တိတိကျကျဖြေရှင်းတာတွေ မရှိလို့ တောင်းဆိုခဲ့တဲ့ ဝိုင်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ်ဟာ ပါတီကနေ နှုတ်ထွက်ခဲ့ပါတယ်။ နှုတ်ထွက်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ လက်ရှိ ဖြတ်သန်းနေပုံကို အခုလိုတွေ့ဆုံ မေးမြန်းထားပါတယ်။

ပထမဆုံးအနေနဲ့ ပါတီကနေနှုတ်ထွက်ရတဲ့ အကြောင်းအရင်းလေးကို ပြောပြပေးပါဆရာ။
“ပါတီကနေ နှုတ်ထွက်ရတဲ့ အကြောင်းအရင်းကတော့ ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ နောက်ခံသမိုင်းနဲ့ ပတ်သက်ပြီးတော့ ရေးသားဖော်ပြလာမှုလေနော်။ အထင်ကရမီဒီယာကြီးက ရေးသားဖော်ပြလာတဲ့ အချက်အလက်တွေက တော်တော်ပါတာကိုး။ ဒါနဲ့ ပတ်သက်ပြီးတော့ ကိုယ်စားလှယ်လောင်း တစ်ဦးက ပါတီရဲ့ဥက္ကဋ္ဌအကြောင်းနဲ့ ပတ်သက်ပြီးမှ မကောင်းတဲ့ ပုံစံအရိပ်တွေ ရေးသားလာတာတွေ့တယ်နော။ ပါတီဥက္ကဋ္ဌဖြစ်တဲ့ သူက ဒီပါတီပဲမဟုတ်ဘူး။ ဘယ်ပါတီပဲဖြစ်ကြပါစေ ရှင်းရှင်းလင်းလင်း ဖော်ပြထားနိုင်ရမယ်လေ။ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ဘူးဆိုရင်တော့ နှုတ်ထွက်မယ်လို့ တောင်းဆိုတာ။ သူ ဖော်ပြတဲ့ အချက်အလက်တွေက ခိုင်မာမှုမရှိဘူးဆိုတာ သိသာလာတော့ ကိုယ့်ဘက်က သတိထားမိလို့ ထွက်လိုက်တာ ဒါပါပဲ။

ဆရာက နောက်ကြောင်းကို ရှင်းပြခိုင်းတဲ့အချိန် သူတို့ဘက်ကရော ဘယ်လို ဖြေရှင်းပေးခဲ့လဲ။
ဖြေရှင်းတာနဲ့ ပတ်သက်ပြီးမှတော့ တစ်ကြိမ်ကတော့ ဥက္ကဋ္ဌဖြစ် သူကတော့ ဗီဒီယိုကလစ်နဲ့ပေါ့။ မီဒီယာတွေရှေ့မှာ ထွက်လာတာပေါ့။ လူထုရှေ့ထွက်လာပြီးမှ ပြောကြားတာတွေလည်းရှိတယ်။ ကျွန်တော့်ဘက်က တင်ပြတာတွေနဲ့ သီးခြားပေါ့၊ သီးခြားဖြေရှင်းတာမရှိဘဲနဲ့ ကျွန်တော့်ရဲ့တောင်းဆိုချက် အတိုင်း ကိုယ်က ပါတီဝင်လိုက်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ပုံရိပ်ထိခိုက်တယ်ဆိုရင် တောင်းဆိုချက် အတိုင်း သီးခြားရပ်တည်နိုင်ပါတယ်ဆိုပြီးတော့မှ အဲဒီတောင်းဆိုချက်ကို ခွင့်ပြုတဲ့ အဓိပ္ပါယ်ဖော်လို့ရတဲ့ အဲ့လိုအဖြေပို့လာတယ် လက်မှတ်ရေးထိုးလာတယ်၊ (၂၆)ရက်နေ့မှာပေါ့နော်။

ဆရာ ပါတီကနေ နှုတ်ထွက်ထားတာဆိုတော့ လက်ရှိဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်နေသလဲခင်ဗျာ။
လက်ရှိ ဝိုင်းမော်မှာ နေရာစုံကနေ UDP က လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးပေါ့။ အားလုံးက အလုပ်အတူတူတွဲလုပ်လာတဲ့ အခြေအနေမှာကျတော့ မဲဆွယ်စည်းရုံးတဲ့ အခန်းမှာ ဆိုရင် အတူတူလုပ်လာတဲ့ အခန်းကဏ္ဍတွေရှိတော၊့ ပါတီကနေ မေးစရာမေးခွန်းတော့ ရှိလာတာပေါ့။ ပါတီကနေ နှုတ်ထွက်ပြီးတဲ့အချိန် ပါတီကကိုယ်စားလှယ်လောင်းတွေနဲ့ ဘာလို့တွဲလုပ်တာလဲလို့ ပြောမယ်ဆိုရင် အခု မဲလက်မှတ်ပေါ့နော် မဲထည့်ရမယ့်လက်မှတ်တွေမှာ နှင်းဆီပန်းပုံနဲ့ ဦးဂဲနက်(စ်) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဆိုပြီးတော့ မဲလက်မှတ်တွေ ထွက်လာမှာဆိုတော့ ပြင်လို့မရတော့ဘူး။ အားလုံးက ရိုက်ပြီးသားတွေ ဖြစ်နေတယ်။ ဒီတာ့ ဒီပုံစံအတိုင်းပဲ ရွေးချယ်ခံရတော့မှာပေါ့။

ဆရာ့မဲလက်မှတ်ပုံနဲ့ နိုင်ခဲ့သည်ရှိသော် ပါတီကနေနဲ့ ရပ်တည်မှာလား သီးခြားရပ်တည်မှာလား ခင်ဗျာ။
နိုင်ခဲ့သည်ရှိသော် ကျွန်တော်ကတော့ တစ်သီးပုဂ္ဂလအနေနဲ့ပဲ ရပ်တည်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တောင်းဆိုခဲ့တယ်။ တောင်းဆိုထားတဲ့အတွက်လည်း သီးခြားရပ်တည်ချင်တယ်ဆိုရင် ရပ်တည်ပါ ဆိုတဲ့စာကိုလည်း အကြောင်းပြန်ထားပြီး ဖြစ်တဲ့အတွက် ဆက်လက်ပြီးမှ အနိုင်ရခဲ့ရင်တော့ ပါတီကနေ သွားစရာအကြောင်း မရှိဘူးပေါ့နော်။ တစ်သီးပုဂ္ဂလအနေနဲ့ ကိုယ့်ဒေသအတွက်ကို ပိုပြီးမှတောင် လွတ်လပ်တာပေါ့ဗျာ။

ပါတီကနေ နှုတ်ထွက်ထားပေမယ့် UDP တံဆိပ်နဲ့ မဲလက်မှတ်တွေ ထွက်လာပြီဆိုတော့ ပါတီကနေပဲ ပြိုင်မယ့်သဘောဖြစ်နေတော့ ဘယ်လိုအခက်အခဲတွေ ရှိနိုင်လဲ။
အဓိက အခက်အခဲကတော့ ပထမဆုံးက လက်ကမ်းစာစောင်ပေါ။့ လက်ကမ်းစာစောင်မှာ နဂိုက လက်ကမ်းစာစောင် (၂၀၀၀)ရိုက်နှိပ်ထားတယ်။ ရိုက်နှိပ်ထားတဲ့ အဲဒီအချပ်နှစ်ထောင်က မသုံးလို့လည်း မဖြစ်၊ သုံးလို့လည်းမဖြစ် သွားနေရတဲ့ ပုံစံ တစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီ အခု ပိုစတာတွေ ဗီနိုင်းတွေကပ်ထားတဲ့ နေရာတွေမှာလည်းအားလုံးပါနေတာကို။ ပါနေတဲ့အခါကျတော့ တစ်ခုပေါ့၊ အဲ့တော့ အဲဒီနှစ်ခုက နည်းနည်းလက်တွေ့ မြေပြင်မှာတော့ ခွကျတာပေါ့လေ။ ဖြုတ်လိုက်ရင်လည်း မဖြစ်ပြန် ဒီဟာမျိုးဖြစ်နေတာပေါ့ တခြား မဲဆန္ဒနယ်တွေက လူထုတွေက မေးတာပေါ့နော်။ အွန်လိုင်းမီဒီယာကနေ ဖတ်မိတာနဲ့ပတ်သက်ပြီး တွေ့ကြတာပေါ့။ UDP ပါတီကနေပြီးတော့ မေးမြန်းကြတဲ့အချိန်မှာ အချက်အလက်နဲ့တကွ ပြန်လည်ဖြေရှင်းတော့ သူတို့အားလုံး နားလည်သဘောတူကြတယ်။

လက်ရှိရော ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုပုံရိပ်မျိုးနဲ့ မဲဆွယ်ပါသလဲဆရာ။
အထူးသဖြင့် အရင်ကတည်းက UDP ပုံရိပ်တွေ ယူပြီးမှ မဲမဆွယ်ခဲ့ဘူးခင်ဗျ။ ဘာလို့လဲဆို ကျွန်တော့်ရဲ့ ကြွေးကြော်သံပေါ့နော်။ ကျွန်တော်က အဓိက အဲဒါနဲ့ သွားထားတာဆိုတော့ အဲဒီမှာ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့မူဝါဒပိုင်းပေါ့။ ကျွန်တော်သာ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဘာတွေလုပ်နိုင်လဲ ဥပဒေအရပေါ့။ ဘာတွေ ပြင်ပေးနိုင်မယ်ဆိုတာကို ကျွန်တော်က အခြေခံပြီးမှ အဓိကမဲဆွယ်တဲ့အချိန် သွားခဲ့တယ်။ ပါတီရဲ့ဆောင်ရွက်ပေးမှုပေါ့။ ပါတီက တစ်နိုင်ငံလုံးမှာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်နဲ့ ဝင်ပြိုင်တဲ့အချိန်ကျတော့ ပါတီရဲ့ပုံရိပ်ကို အသုံးပြုတဲ့အချိန်မှာ အစိုးရဖွဲ့နိုင်တဲ့ ပါတီဖြစ်တဲ့အတွက်၊ ဒီက နယ်မြေခံတွေလည်း ဖြစ်တဲ့အခါကျတော့ ဝိုင်းမော်မြို့နယ်အတွင်း ဖော်ဆောင်မယ့်သူအနေနဲ့ အဲဒီလိုမျိုးအနေနဲ့ ရှိခဲ့တာပေါ့။ အဲဒီတော့ အခု အဲဒီအခန်း ကဏ္ဍ လျော့ကျသွားပြီးမှ ပြည်နယ်အနေနဲ့ပေါ့နော်၊ အနိုင်ရရှိလာတဲ့ ကချင်ပြည်နယ်က မည်သည့်လွှတ်တော်ကိုယ်စားလှယ်မဆို အလုပ်တွဲလုပ်သွားဖို့ပဲ ရှိပါတယ်။

အနိ်ုင်ရရှိခဲ့ရင် ဝိုင်းမော်အတွက်သာမက ကချင်ပြည်နယ်အတွက်ပါ ဆရာ လုပ်ဆောင်ပေးမယ့် ပထမဦးဆုံးအချက်ကို ပြောပြပေးပါခင်ဗျာ။
ပထမဦးဆုံး လုပ်ဆောင်မယ့်အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ရ ခက်ခဲနေတယ်လေနော်။ ဒါပေမဲ့လည်း ပြည်နယ်အစိုးရကိုပေးထားတဲ့ ကျွန်တော်တို့ လုပ်ပိုင်ခွင့် ဇယား(၂)တို့၊ ဇယား(၅)တို့ ပေါ့နော်။ ရှင်းရှင်းပြောရရင် ကိုယ့်ပြည်နယ်အတွက် တတ်နိုင်သမျှ ဥပဒေကပေးထားတဲ့ အခွင့်အရးကို ရအောင် ပထမဦးဆုံး လုပ်မှာပါ။

ဒါ့အပြင်ရော ဘာတွေ လုပ်ပေးနိုင်ဦးမလဲ။
ကျွန်တော်တို့ လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင်ပေါ့လေနော် ဇယား(၂)နဲ့ ဇယား(၅)မှာအားလုံးပါလာတာ ကျွန်တော်ခုနကပြောတဲ့ ဒီ မူးယစ်ဆေးဝါးဆိုရင် ဇယား(၂)ထဲမှာ ဆောင်ရွက်လို့ရတဲ့အရာတွေ ရှိတယ်။ လယ်ယာမြေဆိုရင်လည်း ကချင်တိုင်းရင်းသား လူမျိုး ကချင်မျိုးနွယ်စုတွေရဲ့ ဒီ ကချင်တောင်တန်းလူမျိုးစုတွေရဲ့ ဥပဒေတွေ အသက်ဝင်နေတုန်းပဲ။ ဒါတွေကလည်း အခုချိန်ထိ ပယ်ဖျက်ထားခြင်း မရှိသေးဘူး။ ဒီဥပဒေအရ အသက်မဝင်ဘူးဆိုတဲ့ပုံစံ မေ့လျော့ခြင်း ခံနေရတာပေါ့။ အဲဒီလိုမျိုးဟာလေးတွေ အသက်ဝင်အောင် ဆောင်ရွက်လို့ ရသွားတာပေါ့။

ဒီ အင်တာဗျူးနဲ့ပတ်သက်ပြီး ဆရာ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ ခင်ဗျာ
ဖြည့်ပြောစရာကတော့၊ အထူးသဖြင့် ပြောရမယ်ဆိုရင်တော့ ကျွန်တော့်ကိုက ကျွန်တော့်မြို့က လူတွေနဲ့၊ နောက်ပြည်နယ်အတွင်းက ကျွန်တော့်ကို ဒီ ရှေ့နေဦးဂဲနက်(စ်) အနေနဲ့ သိထားတာပေါ့လေ။ သိထားတဲ့ အခါကျတော့ မြေယာကိစ္စတွေ မူးယစ်ဆေးဝါးကိစ္စတွေ များများဆောင်ရွက်လာတော့၊ ရုတ်တရက် ဒီဟာပေါ့နော်၊ အဓိကသိထားခဲ့တဲ့အချိန်ကျတော့ ဒီ ဥက္ကဋ္ဌ နောက်ကြောင်းမရှင်းတဲ့ ဒီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုပြီးဖြစ်တော့၊ ဒီက ဒေသခံတွေ မိတ်ဆွေတွေ ဆရာသမားတွေက စိုးရိမ်ပြီးမှ “ဟာ..ဘယ်လိုဖြစ်သွားတာလဲ မသိဘူး ဆိုပြီးတော့ ရှိတော့လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်အရင်က ဦးဂဲနက်(စ်)ပါပဲ။ ပြည်သူတွေ သိပ်သဘောမကျဘူးဆိုရင် ပြည်သူအသံကိုပဲ အခြေခံမှာဖြစ်တဲ့အတွက်၊ ပြည်သူ့ရဲ့အသံကို နားထောင်ပြီး ကိုယ့်ပုံရိပ်နဲ့ ရပ်တည်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်မဲဆန္ဒနယ်မှာ ကျွန်တော့်ကို မဲပေးဖို့ရာ မဲထည့်နိုင်ကြောင်း ပြောလိုပါတယ်။

စည်သူ(မြစ်ကြီးနား) 

LEAVE A REPLY

Please enter your comment!
Please enter your name here