မေ၊၁၀
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာအမ်ကောန်လ အနေဖြင့် မြစ်ကြီးနားမြို့နယ်တရားရုံးတွင် စွဲဆိုထားသည့်အမှုအား ရင်ဆိုင်ရန်အတွက် မေလ (၉) ရက်နေ့ မနက်ပိုင်းကနေ မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဒေါက်တာအမ်ကောန်လအား မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထိုက်အောင်က တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားခြင်းကြောင့် အမှုလာရောက်ရင်ဆိုင်ခြင်း ဖြစ်ကြောင်း ဒေါက်တာ အမ်ကောန်လနှင့် နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မနေ့တုန်းကနေ ရမည်းသင်းကနေ မန္တလေး ကနေ လေယာဉ် Flight နဲ့ မြစ်ကြီးနားလေဆိပ်ကို ၁၀ နာရီလောက်မှာရောက်တယ်။ ဒီနေ့ကတော့ မြစ်ကြီးနားအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်။ “ ဟုဆိုသည်။
ဒေါက်တာအမ်ကောန်လအား နေပြည်တော်တရားရုံးတွင်လည်း ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ပြီး ဖြစ်သလို မြစ်ကြီးနားမြို့နယ် တရားရုံးတွင်လည်း အလားတူ ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံစွဲဆိုခဲ့ခြင်းကြောင့် မဖြစ်သင့်ကြောင်းလည်း အထက်ပါနီးစပ်သူက ပြောသည်။
ဒေါက်တာအမ်ကောန်လအား လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ( ၂၅) ရက်နေ့က နေပြည်တော်ရှိ ယင်းနေအိမ်တွင် စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုခံရပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ( ၂၃) ရက်နေ့တွင် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံထား ရပြီး ဖြစ်သည်။
ဓါတ်ပုံ- KNC Page