ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်ကနေ အင်အားအလုံးအရင်းနဲ့ တိုးချဲ့၀င်ရောက်မှုတွေ ရှိနေတာကြောင့် စစ်ရေးအခြေအနေ ပိုမို တင်းမာလာမယ့် အနေအထားရှိလို့ ဒေသခံပြည်သူတွေ စိုးရိမ်မှု မြင့်တက်နေပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ မေလ(၂၀)ရက်နေ့နောက်ပိုင်းမှာကိုပဲ ဖားကန့်မြို့ထဲကို စစ်ကောင်စီတပ်သား အင်အား(၃၀၀)ထက်မနည်း စစ်ကြောင်းထိုး ဝင်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီလို ဖားကန့်မြို့ရဲ့ နေရာအနှံ့မှာ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုး ဝင်ရောက်နေထိုင်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုတွေ ရှိလာပြီး ဒေသခံပြည်သူတွေဟာ စိုးရိမ်စိတ်ကြောက်လန့်စိတ်နဲ့ သတိထားသွားလာနေရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဖားကန့်နယ်မြေကို သူတို့ ထိန်းချုပ်ချင်တဲ့ သဘောရှိတယ်။ နှစ်ဖက်ထိတွေ့မှု ဖြစ်မယ်ဆိုရင် ရွာနားဆိုတော့ သူတို့ ပစ်မယ်လေ။ ရွာတွေကို ပစ်မှာတို့၊ မီးရှို့မှာတို့ လုပ်ချင်တာနေမှာ။ စိုးရိမ်တာကတော့ အောက်ပိုင်းလို ဖြစ်မှာ စိုးတယ်။ နှစ်ဖက် ထိတွေ့မှု ဖြစ်ရင် ရွာပစ်မလားဆိုပြီး စိုးရိမ်နေရတယ်။ သတိနဲ့ နေနေရတယ်။ သွားတာ၊ လာတာက အစပေါ့” လို့ ဒေသခံက ဆိုပါတယ်။
စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ဆိုသလို ရှိလာပြီးတဲ့နောက် ဖားကန့်ရဲ့ နေရာအချို့မှာ တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာတာကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေတဲ့အကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက အခုလို ပြောပါတယ်။
ဖားကန့်မှာ စစ်ကောင်စီဘက်က စစ်အင်အား တိုးချဲ့လာတာတွေ၊ စစ်ကြောင်းထိုးလာတာတွေ ရှိပါတယ်။ ရှိလို့လည်းပဲ တိုက်ပွဲလေးတွေ ဖြစ်လာတာ တွေ့ရတယ်။ တိုက်ပွဲကြီးကြီးမားမားများ ပြန်ဖြစ်လာတော့မလား ဆိုတဲ့ ပူပန်မှုတွေ ပြည်သူတွေကြားမှာလည်း ရှိပါတယ်။ စစ်ရေး သတိရှိတဲ့ နယ်မြေဆိုလည်း မမှားပါဘူး” လို့ ဦးအောင်ဟိန်းမင်းက ဆိုပါတယ်။
စစ်ကြောင်းထိုး လာချိန်တွေမှာ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့တဲ့အပြင် မေလ(၂၃)ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ကရင်ချောင်နဲ့ ဟင်းတင့်ရွာ တံတားထိပ်မှာ ဆိုကယ်စီးနင်းလာတဲ့ အသက်(၂၅)နှစ်အရွယ် အရပ်သားလူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
ဒါ့အပြင် မေလ(၂၇)ရက်နေ့ကလည်း ဆိပ်မူကျေးရွာအုပ်စုက မိုးကာရွာဘက်ကို စစ်ကြောင်းထိုးထားလာတဲ့ စစ်ကောင်စီ စစ်သားတွေ ရွာအတွင်း လက်နက်ကြီး၊ ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ လူငယ်အမျိုးသားတစ်ဦး ရင်ဘတ်နဲ့ လက်မှာ လက်နက်ကြီး ကျည်စထိမှန်ခဲ့တာကြောင့် လက်ရှိ ဖားကန့် ဆေးရုံကြီးမှာ ဆေးကုသမှု တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီနေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ်အချို့လည်း ထိမှန်ခဲ့တယ်လို့ ကြားသိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေကြားမှာ ဒေသတွင်း မူကြိုကျောင်းအပ်ထားတဲ့ ကလေးတွေနဲ့ ကလေးမိဘတွေဟာလည်း ကြောက်လန့်စိုးရိမ်နေကြတယ်လို့ ကလေးမိဘတစ်ဦးကလည်း အခုလို ပြောပါတယ်။
“မူကြိုကျောင်းတက်နေရင်လည်း မိဘတွေက စိတ်မအေးရဘူး။ ဗုံးတွေ၊ သေနတ်တွေ မြည်လာရင် ဆရာမတွေတောင် ဘာမှ မပြောသေးဘူး သူတို့အရင် ထွက်ပြေးလာတာတွေ ရှိတယ်။ တချို့ဆိုရင် ကျောင်းတောင် မသွားရဲဘူး ဖြစ်လာတယ်။” ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ်သားတွေက ကျေးရွာ တော်တော်များများမှာ အရပ်ဝတ်တွေနဲ့ သွားလာနေကြတယ်လို့လည်း ဆိုပါတယ်။







