တန်ဂျာကျေးရွာအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများ ပြန်လည်ထွက်ခွါ

504
စစ်ကောင်စီတပ်ဖွဲ့များ

မေ၊၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ တန်ဂျာကျေးရွာအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သားများအားလုံး ယမန်နေ့ ရွာအတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်‌ ကြောင်း သိရသည်။

စစ်ကောင်စီတပ် တပ်မ(၈၈)မှ စစ်သားများ တန်ဂျာကျေးရွာအတွင်း (၂)လ ဝန်းကျင် တပ်စွဲ နေထိုင်ပြီးနောက် ပြန်လည် ထွက်ခွါသွားကြခြင်း ဖြစ်ကြောင်း အဆိုပါဒေသနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် တစ်ဦးက ဆိုသည်။

အင်အား(၁၀၀)ဝန်းကျင်ရှိသည့် ယင်း စစ်ကောင်စီ တပ်သားများသည် ယမန်နေ့က ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကား အစီး(၆၀)ကို လုံခြုံရေးယူပေးသည့် အနေဖြင့် လိုက်ပါသွားခြင်း ဖြစ်နိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အကုန် ကားနဲ့ လိုက်သွားကြတာ။ ပူတာအိုဘက်ကနေ ယာဉ်တန်းက ကားအလွတ်ပါတဲ့အထဲ စီးပြီး ဆင်းသွားကြတာ”ဟု ၎င်းက ဆိုသည်။

လက်ရှိ မေလအတွင်းမှာပင် မြစ်ကြီးနားဘက်မှ စစ်ကောင်စီယာဉ်တန်း အစီး(၉၀) ဝန်းကျင် ပူတာအိုဘက်သို့ ရိက္ခာများ တင်ဆောင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်မှုများ ရှိခဲ့သည်။

မေလ(၂၇)ရက်မှ စပြီး စစ်ကား (၁၃)စီးက ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ကနဦး ပြန်ဆင်းလာကြပြီးနောက် ယမ‌န်နေ့ညနေပိုင်းက အစီး(၆၀)ထပ်မံ ဆင်းသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ပူတာအိုဘက်သို့ စစ်ကြောင်းထိုးတက်လာသည့် ယင်းစစ်ကောင်စီ တပ်ကားကို မေလ(၂၃)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားတစ်စီး ချောက်ထဲ ကျသွားကာ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့သည် ဟုလည်း သိရသည်။

လက်ရှိ ပြန်လည်ဆင်းသက်လာကြသည့် စစ်ကား အစီး(၈၀)ဝန်းကျင်သည် ဆွမ်ပီယန်ကျေးရွာအတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here