ဇွန်၊၂၁
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြန်ဖြစ်လာမှာကို နေရပ်ပြန်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
နမ်ဆန်ယန်ကျေးရွာမှာ ရွှေတူးနေတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးဖို့ဆိုပြီး ဗန်းမော်မြို့နယ်ဘက်၊ ခါရာဘက်ကနေ လာကြတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတယ်လို့ နမ်ဆန်ယန်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့က ဖြစ်နိုင်တဲ့ဘက်၊ နီးစပ်တဲ့ နေရာတွေဘက်ကို ရွှေ့ပြောင်းဖို့တော့ မျှော်လင့်ထားပါတယ်။ ပြင်ဆင်တဲ့အပိုင်းကတော့ ကျွန်မတို့ အမြဲတမ်း အဆင့်သင် ပြင်ဆင်ထားကြပါတယ်။”လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့တွေက စစ်ရှောင်စခန်းကနေ အပြီးထွက်ပြီး နေရပ်ပြန်ခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အတွက် တိုက်ပွဲပြန်ဖြစ်ရင် သူတို့ အနေနဲ့ ပြန်ခိုလှုံမယ့်နေရာ မရှိတော့တာကြောင့် စိုးရိမ်မှုတွေ ရှိနေကြတာပါ။
“ဖြစ်လာခဲ့ရင် ထွက်ပြေးဖို့ အဆင့်သင်လို့တော့ပြောတယ်။ တစ်ခု ခက်နေတာက စစ်ရှောင်စခန်းက ထွက်သွားပြီဆိုတော့ စစ်ရှောင်စခန်းမှာ သူတို့အတွက် နေရာမရှိတော့ဘူး။ လက်မခံတော့ဘူးဆိုတော့ စိတ်မကောင်းစရာပဲ”လို့ ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကျေးရွာအတွင်း စစ်ပြန်ဖြစ်လာရင် မိသားစု စားဝတ်နေရေးအပြင် ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။
ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာအတွင်းကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ရင် အချင်းချင်း အကြောင်းကြားပြီး ဆွေးနွေးညှိနှိုင်းတာတွေ ပြုလုပ်သွားကြဖို့ ပြောဆိုမှုတွေရှိတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
ရွာသားတွေ ပြန်လည်နေထိုင်တဲ့ ၂၀၁၈ ခုနှစ်လောက်ကစပြီး ၂၀၂၀ နှစ်စပိုင်းလောက်အထိ စစ်ကောင်စီတပ်ရဲ့ စခန်းရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ် နှစ်လည်လောက်ကစပြီး စခန်းတွေမရှိတော့ဘူးလို့လည်း သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ ၁၆ ရက် ညနေပိုင်းလောက်က ဗန်းမော်မြို့နယ်၊ ခါရာဘက်ကနေ နမ်ဆန်ယန်ကို လာကြတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းတွေ ကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွမ်တောင်အနီးမှာ KIA တပ်က တားဆီးပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်မှာ ရွှေတူးသူအများပိုင်းက လုပ်ငန်းတွေရပ်နားပြီး ပြန်သွားကြပြီဖြစ်ပေမဲ့ ရွှေဆိုင်းကြီးတွေကတော့ ဆက်လက်လုပ်ဆောင်နေသေးတယ်လို့ သိရပါတယ်။
နမ်ဆန်ယန်ကျေးရွာဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ကျေးရွာတွင်း ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။