ငါးရစ်ငါးသန်ချိန်အတွင်း အင်းတော်ကြီးကန်ထဲ စီးဝင်သည့် ရေလမ်းတစ်လျှောက် ငါးဖမ်းသူများပြားနေပြီး အရေးယူဆောင်ရွက်ခြင်းမရှိ

58

ဇွန်၊၂၂

ငါးသားဥချတဲ့ ငါးရစ်ငါးသန်ချိန်ကာလမှာ မိုးညှင်းခရိုင်က အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ရေလမ်းတစ်လျှောက် ငါးဖမ်းသူတွေများနေပြီး ဘယ်သူကမှ အရေးယူ ဆောင်ရွက်တာမျိုးမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

သက်ဆိုင်ရာ အစိုးရဌာနက ငါးရစ်ငါးသန်ချိန်အတွင်း ငါးမဖမ်းရဆိုပြီး သတ်မှတ်ထားတာတွေရှိပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကနေ အသုံးပြုလို့မရတဲ့ ပစ္စည်းတွေနဲ့ ငါးဖမ်းတာတွေ များလာတာဖြစ်တယ်လို့ ညောင်ပင်ကျေးရွာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ဘယ်သူမှစစ်ဆေးတာမျိုးမရှိတော့ အင်းထဲစီးဝင်လာတဲ့ ရေတွေမှာ ဖမ်းတာ။ဒေသခံအများစု စိုးရိမ်တာက ကျင်စက်နဲ့ဖမ်းတာကိုပေါ့။ “ လို့ ဒေသခံက ဆိုပါတယ်။

ပိုက်တန်း အကြီး၊အသေး သုံးပြီးငါးဖမ်းတာတွေ မြင်တွေ့ရသလို ကျင်စက်အသုံးပြုပြီး ငါးဖမ်းတာမျိုးရှိရင် ငါးတွေ မျိုးမပွားနိုင်ဘဲ နောက်ပိုင်း ငါးတွေရှားပါးလာမှာကို ဒေသခံတွေ စိုးရိမ်နေတယ်လို့လည်း ညောင်ပင်ဒေသခံက ဆက်လက်ပြောပါတယ်။

သတ်မှတ်ထားတဲ့ ငါးဖမ်းနေရာတွေမှာလည်း ငါးရစ်ငါးသန်ချိန်အတွင်း ငါးမဖမ်းဖို့ ပြောဆိုထားတာတွေရှိပေမဲ့ ငါးဖမ်းတဲ့သူတွေက သတ်မှတ်ပိုက်ကွင်းတွေထက် ကျော်လွန်အသုံးပြုပြီးတော့ ငါးဖမ်းတာတွေ မြင်တွေ့ရတယ်လို့ လုံးတုံကျေးရွာ ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

” ဥပမာ ၂၁ ကွင်းမတန်းရဆိုရင် ၂၁ ကွင်းသုံးတယ်။ ၁ လက်မ အောက်မတန်းရဆိုရင် ၁ လက်မ အောက်သုံးတယ်။ ငါးရစ်ငါးထိုင်နေရာတွေမှာ သူတို့က ပိတ်တန်းမပိတ်ရဆိုပေမဲ့ အခုက ပိတ်ပြီး ဖမ်းကြတယ်။” လို့ ဒေသခံက ရှင်းပြပါတယ်။

ဒီနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်တာနဲ့ ငွေကြေးရှာဖွေဖို့ ခက်ခဲတာကြောင့် အခုလို အချိန်တိုင်း ငါးဖမ်းတာတွေ များလာတာဖြစ်နိုင်တယ်လို့လည်း ဒေသခံက သုံးသပ်ပါတယ်။

အဲဒါကြောင့် သက်ဆိုင်ရာအနေနဲ့ သေချာထိန်းသိမ်းအရေးယူပြီး ပြည်သူတွေအတွက် ဝင်ငွေရစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အခုလိုကိစ္စရပ်မျိုးတွေ လျော့နည်းလာမယ်လို့ ထင်မြင်မိကြောင်းလည်း လုံးတုံဒေသခံက ဆိုပါတယ်။

“လာဘ်ပေးလာဘ်ယူ မလုပ်ဘဲ အရေးယူမယ်ဆိုရင် သေချာအရေးယူ ။ အဲဒီလို အရေးယူတဲ့အချိန် သူတို့အတွက်လည်း ပြောစရာဆွေးနွေး အသိအမြင်ဖွင့်ပြီး အလုပ်အခွင့်အလမ်းတွေ လုပ်ပေးရင်တော့ ပိုပြီးသင့်တော်မယ်လို့ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။

ဒီငါးရစ်ငါးသန်ချိန်ကာလဟာ ဇွန်လပိုင်းကနေ ဇူလိုင်လကုန် ဩဂုတ်လ ၁၅ ရက်လောက်ထိ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အာဏာမသိမ်းခင်နှစ်တွေမှာ သက်ဆိုင်ရာက အင်းတစ်ဝိုက် ကွင်းဆင်း ကင်းလှည့်ပြီး ဖမ်းဆီးအရေးယူတာမျိုးတွေ ရှိခဲ့ပေမဲ့ အာဏာသိမ်းနောက်မှာတော့ အဲဒီလို လုပ်ဆောင်တာတွေ မရှိတော့တဲ့အတွက် ငါးမဖမ်းရ သတ်မှတ်ထားတဲ့ နေရာတွေမှာလည်း ဖမ်းဆီးတာတွေ ရှိနေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here